မြန်မာ့ပြုပြင်ပြောင်းလဲရေးအတွက် အရေးကြီးလှတဲ့့ ခြေတစ်လှမ်း

မြန်မာ့ပြုပြင်ပြောင်းလဲရေးအတွက် အရေးကြီးလှတဲ့့ ခြေတစ်လှမ်း
ဓာတ်ပုံ-epa

ယခုလအတွင်းမှာပဲ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရပ်ခြားခရီး နှင်ခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ နှစ်ပေါင်း ၆၀ ကျော်ကာလအတွင်း မိမိတို့နိုင်ငံ ခေါင်းဆောင်များသမိုင်းမှာ နိုင်ငံတကာခေါင်းဆောင်အများရဲ့ စိတ်ဝင်စားမှုနဲ့ ဖက်လှဲတကင်းကြိုဆိုနွေးထွေးမှု ခံယူရရှိတဲ့ ခရီးစဉ်လို့ပဲ ပြောလို့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ပခရီးစဉ်အတွင်း နေရာဒေသအလိုက် တက်ရောက်တဲ့ အခမ်းအနားအလိုက်၊ ပြီးတော့ သတင်းထောက်များနဲ့တွေ့ဆုံဖြေကြားချက်များ အစရှိတဲ့ ဟောပြောချက်နဲ့ ဖြေကြားချက်တွေဟာလည်း နိုင်ငံတကာသတင်းစာတွေမှာ နေ့စဉ်နဲ့အမျှ ဖော်ပြနေခဲ့ကြပြီး သဘောထားအမြင်အမျိုးမျိုးပြောဆိုကြ ဝေဖန်ကြ ထောက်ခံပြောဆိုကြတာဟာလည်း ပြီးခဲ့တဲ့သတင်းတစ်ပါတ်လုံးလုံး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းပါတ်လို့တောင်မှ ပြောလို့ရမယ်ထင်ပါတယ်။

အခုလို ကိုယ့်နိုင်ငံရဲ့ခေါင်းဆောင်တစ်ယောက် နိုင်ငံတကာက လက်ခံဆွေးနွေး အရေးပေး ဖေါ်ပြနေကြတာဟာ ကောင်းတဲ့ကိစ္စဖြစ်ပါတယ်။ ဒီလို အသိအမှတ်ပြုခံရတဲ့ခေါင်းဆောင်မျိုးကလည်း ကိုယ့်နိုင်ငံအဖို့ ရာစုတစ်ခုလောက် မရှိခဲ့တာမို့ ဝမ်းမြောက်ဂုဏ်ယူရမှာပါပဲ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြန်ပခရီးစဉ်အတွင်းမှာ လူအများစိတ်ဝင်စားကြတဲ့ကိစ္စ အနှစ်ချုပ်ကြည့်ရင်  ရခိုင်ပြည်နယ်အတွင်းက လူမျိုးရေးပြဿနာများကိစ္စ၊ တရားဥပဒေ စိုးမိုးရေးကိစ္စ၊ လူ့အခွင့်အရေးကိစ္စနဲ့ ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးကိစ္စများပါပဲ။ ဒီအထဲမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာကြီးကို ဘယ်လိုသတင်းတွေ ပေးနိုင်ခဲ့ ရှင်းပြနိုင်ခဲ့သလဲ။ လတ်တလော မိမိတို့နိုင်ငံ မိမိတို့ပြည်သူများ ရင်ဆိုင်ဖြေရှင်းနေရတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စအပေါ် နိုင်ငံတကာကို ဒေါ်အောင်ဆန်းစုကြည် ဘယ်လို စကားမျိုးပါးနိုင်ခဲ့သလဲ။

စက်တင်ဘာလ ၂၂ ရက်နေ့က အမေရိကန်နိုင်ငံ နယူးယော့မြို့က Asia Society မှာ မိနစ် ၅၀ ကြာ ဟောပြောချက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်နဲ့ပတ်သက်တဲ့စကားတချို့ ထည့်သွင်းပြောဆိုသွားရာမှာ “လွှတ်တော်ထဲမှာ အမတ်နေရာအများစုကို ကျွန်မတို့ အနိုင်ရခဲ့တယ်ဆိုပေမယ့်လည်း ဖွဲ့စည်းပုံပြင်ဖို့တော့ ပြီးပြည့်စုံတဲ့ အခွင့်အာဏာ မရထားသေးပါဘူး။ ဒါဟာ ဖွဲ့စည်းပုံ ဥပဒေကြောင့် ဖြစ်ပါတယ်။ အဲဒီဖွဲ့စည်းပုံက တပ်မတော်ကို လွှတ်တော်ထဲမှာ ဗီတိုအာဏာကို ပေးထားလို့ပါ။ အဓိပ္ပါယ်ပြည့်စုံတဲ့ ဖွဲ့စည်းပုံအဖြစ် ပြင်ဆင်ဖို့တောင် တပ်မတော်က ကန့်ကွယ်နိုင်တဲ့ ဗီတိုအာဏာ ရှိနေပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

တဆက်တည်းမှာပဲ “ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ဖို့ဆိုရင် ကျွန်မတု့ိ လွှတ်တော်ထဲမှာ ၇၅ ရာခိုင်နှုန်းထက်ကျော် သဘောတူမှ ရပါလိမ့်မယ်။ ဆိုလိုတာက ရွေးကောက်ခံ အမတ်တွေအားလုံးရဲ့ သဘောတူညီမှုနဲ့ မရပါဘူး။ ပြောချင်တာက တပ်မတော် ကိုယ်စားလှယ်အုပ်စုထဲက ရဲစွမ်းသတ္တိရှိတဲ့ ကိုယ်စားလှယ် တစ်ဦးရဲ့ သဘောတူညီမှုလိုတယ်လို့ ပြောချင်ပါတယ်” လို့လည်း ထည့်သွင်းပြောခဲ့ပါတယ်။

ဒါဟာဖြင့် တိုင်းပြည်ခေါင်းဆောင်တစ်ဦးရဲ့ ပွင့်လင်းမြင်သာတဲ့ ပြောစကားဖြစ်သလို ခေါင်ဆောင်တစ်ဦးအနေနဲ့ ရင်ဆိုင်ဖြေရှင်းရမယ့် အခြေခံအခက်အခဲတစ်ခုကို ဖွင့်ဟပြောဆိုပြင်ဆင်လိုက်တဲ့သဘောလို့ပဲ ယူဆနိုင်ပါတယ်။

အမှန်တကယ်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နှစ်ပေါင်း များစွာအတွင်း စစ်အာဏာရှင်များ ကိုင်စွဲကျင့်သုံးခဲ့တဲ့ ဥပဒေတချို့ဟာ ဒီမိုကရေစီစနစ် ပြောင်းလဲကျင့်သုံးဖို့အတွက် အဟန့်အတားတွေ   ဖြစ်နေစေတာ လူတိုင်းသိတဲ့အချက်ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း စစ်အာဏာရှင်စနစ်ကနေပြီး ဒီမိုကရေစီစနစ်ကို ကူးပြောင်းမယ်ဆိုရင် ဒါမှမဟုတ် တိုင်းပြည်ပြုပြင်ပြောင်းလဲတော့မယ်ဆိုရင် အာဏာရှင်စနစ်ကိုသာ အထောက်အကူဖြစ်စေပြီး ပြည်သူတွေအပေါ် ဖိနှိပ်ချုပ်ချယ်ထားတယ်လို့ ယူဆရတဲ့ ဥပဒေအဟောင်းတွေကို မလွဲမသွေ ပြင်ဆင်ပြဌာန်းကြရမှာပါပဲ။ ဒါကြောင့်မို့လည်း လူထုဆန္ဒနဲ့ လွှတ်တော်ထဲ ဝင်လာကြတဲ့ လွှတ်တော်ကိုယ်စားလှယ်အများစုဟာ ဖွဲ့စည်းပုံပါ မသင့်လျော်တဲ့ ဥပဒေတချို့ကို ပြုပြင်နိုင်ဖို့၊ ဖြုတ်ပယ်နိုင်ဖို့ အစဉ်တစိုက် ကြိုးစားနေခဲ့ကြရတာပါ။ ဥပမာအနေနဲ့ပြောရင် အခု နောက်ဆုံး လွှတ်တော်က စက်တင်ဘာလ ၂၃ ရက်နေ့မှာ အများစုဆန္ဒနဲ့ အရေးပေါ်စီမံချက်အက်ဥပဒေကို ရုပ်သိမ်းတဲ့ ဥပဒေကြမ်းကို အတည်ပြုနိုင်ခဲ့တဲ့ကိစ္စဖြစ်ပါတယ်။

ဒါပေမယ့်လည်း အင်မတန်အရေးကြီးတဲ့ နောက်ထပ်ဥပဒေများကို ဆက်လက်ညှိနှိုင်းဖို့တော့ ကျန်နေပါသေးတယ်။ အဲဒီကျန်နေသေးတဲ့ ဥပဒေတွေထဲမှာ အခြေခံလည်းကျ အခရာလည်းကျတဲ့ ဥပဒေများ ရှိနေပါသေးတယ်။ အခုတော့ ဒေါ်ဆောင်ဆန်းစုကြည်က အဲဒီ အခြေခံကျတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စနဲ့ပတ်သက်ပြီး အဲသလို အခြေခံကျတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ကိစ္စများမှာ တပ်မတော်ဘက်က လိုက်လျောသဘောတူဖို့ လိုအပ်တဲ့အကြောင်း ပွင့်ပွင့်လင်းလင်းပဲ ထုတ်ဖေါ်ပြောဆိုလာတာဖြစ်ပါတယ်။ ဒါဟာဖြင့် တိုင်းပြည်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကြီးအတွက် အခြေခံကျတဲ့ ခြေတစ်လှမ်းပဲ ဖြစ်ပါတယ်။

မဇ္ဈိမအနေနဲ့ကလည်း ယခုလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံချက်ကို သက်ဆိုင်သူများအနေနဲ့ အပြုသဘောဆောင် လက်ခံညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် မိမိတို့နိုင်ငံ   ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကြီး အရှိန်အဟုန်မြင့်မားလာလိမ့်မည်ဟု ယုံကြည်မိပါတယ်။ ညှိနှိုင်းဆွေးနွေးဆောင်ရွက်ကြလိမ့်မယ်လို့လည်း ယုံကြည်မိပါကြောင်း တင်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required