ခန္တီးမြို့တွင် ရေမဆေး ကျောက်ရှာဖွေသူများကို ဖမ်းဆီးခဲ့ခြင်းနှင့်ပတ်သက်၍ ဆန္ဒထုတ်ဖော်

ခန္တီးမြို့တွင် ရေမဆေး ကျောက်ရှာဖွေသူများကို ဖမ်းဆီးခဲ့ခြင်းနှင့်ပတ်သက်၍ ဆန္ဒထုတ်ဖော်

စစ်ကိုင်း၊ စက်တင်ဘာ ၂၆ ။            ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်၊ ခန္တီးမြို့တွင် ရေမဆေး ကျောက်ရှာဖွေသူများကို ဖမ်းဆီးခဲ့ခြင်းနှင့်  ပတ်သက်၍ ဒေသခံ တစ်ထောင်ကျော်က စက်တင်ဘာလ ၂၆ ရက်၊ နံနက် ၁၀ နာရီက ဆန္ဒပြခဲ့ကြသည်။

ရေမဆေးကျောက် ရှာဖွေသူ ၇ ဦးကို စက်တင်ဘာလ ၁၇ ရက်ကခန္တီးမြို့တွင် ကျောက်မျက်ဥပဒေပုဒ်မများဖြင့် သက်ဆိုင်ရာက ဖမ်းဆီးလိုက်ခြင်းနှင့် ပတ်သက်၍ ဆန္ဒပြပွဲပြုလုပ်ခြင်း ဖြစ်သည်။

"ရေမဆေးသမားတွေ အဖမ်းခံရတာနဲ့ ပတ်သက်ပြီး အခုလို ဆန္ဒဖော်ထုတ်တာပါ။ ဒီလိုဖမ်းတာဟာ ကျွန်တော်တို့ ဒေသခံ တွေရဲ့ဘဝကို နှိပ်ကွပ်တယ်လို့မြင်တယ်။ ကျွန်တော်တို့ဒေသမှာက ရေမဆေးကျောက် ရှာဖွေလုပ်ကိုင်သူများတယ်။ အခု လိုဖမ်းတာလည်း တရားဥပဒေအရမညီဘူးလို့မြင်တယ်။ အစိုးရအသစ်အနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းမပေးနိုင်ပဲနဲ့ ဖမ်းတယ်ဆိုတာမဖြစ်သင့်ဘူး။ အခုလိုဖမ်းတာဟာ အောက်ခြေ အခြေခံလူတန်းစားတွေကို စားဝတ်နေရေး အခက်အခဲ ဖြစ်အောင်လုပ်တာပဲ"ဟု ဆန္ဒပြပွဲကိုဦးဆောင်သူ ခန္တီးဒေသခံ ဦးအောင်ဆန်းမြင့်က ပြောသည်။

ဆန္ဒပြသူများသည် ပေါမိုင်းဘုန်းကြီးကျောင်းရှေ့ကမ်းနားလမ်းမှ စတင်၍ ရုံးကြီးလမ်း၊ မြို့ပတ်လမ်း၊ ချယ်ရီလမ်း၊ ယမုံ နာလမ်း၊ မြရတနာလမ်း၊ လယ်ဦးတန်းလမ်း၊ ဗိုလ်ချုပ်လမ်း၊ ဈေးလမ်း၊ ဘုရင့်နောင်လမ်း တစ်လျှောက် တရား ဥပဒေ စိုး မိုးရေး၊ ခန္တီးဒေသခံ ရေမဆေးကျောက်ရှာသမားများ ပြဿနာဖြေရှင်းပေးရေး၊ ခန္တီးဒေသခံ တပိုင်တနိုင် အခွင့်အလမ်း ရရှိရေး၊ နည်းလမ်းမကျ မတရားဖမ်းဆီးထားသော ကျောက်သမားများအား ပြန်လွှတ်ပေးရေး၊ နန်စီပွန်ဒေသတွင် မိုင်းခွဲ မှု တရားခံ အစစ်အမှန်ဖော်ထုတ်ပေးရေး ဒို့အရေးနှင့်ဥပဒေကို လက်နက်သဖွယ် အသုံးပြုနေသောလုပ်ရပ်များ အလိုမရှိ ဟူ၍ ကြွေးကြော် ချီတက်ခဲ့ကြသည်။

"ရေမဆေးကျောက်ရှာတဲ့သူတွေဖမ်းတော့ ကျွန်တော်တို့က ဘာလုပ်စားရမှာလဲ။ ခိုးတူးတာလဲမဟုတ်ဘူး။ စွန့်ပစ်မြေစာပုံ တွေမှာ ရှာကြတာပါ။ အဲဒီကရတာလေးကို ရောင်းပြီး စားသောက်ကြတာပါ။ ဒါကို ဖမ်းတယ်ဆိုတာလက်မခံပါဘူး "ဟု ဆန္ဒပြပွဲတွင် ပါဝင်သူ ရေမဆေးကျောက်ရှာဖွေသူ ကိုဝင်းတင့်က ပြောသည်။

ဆန္ဒပြပွဲအပြီးတွင် ဆန္ဒပြသူများက သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာ အဆိုပါ ကြေညာချက်ထဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်သည် မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက် အစွန်အဖျားတွင် တည်ရှိသော နေရာဒေသတစ်ခု ဖြစ်ပြီး ဒေသခံပြည်သူလူထု၏ နေ့စဉ် စားမှု၊ သောက်မှု၊ နေမှု၊ ထိုင်မှု စိုက်ပျိုးရေး လုပ်ငန်းကို အခြေခံ သော်လည်း တောင်ကုန်းတောင်တန်းများပေါများပြီး စိုက်ပျိုးမြေနည်းပါးမှုဖြစ်ခြင်း၊ စိုက်ပျိုးမြေနှင့် ရာသီဥတ ုထွက်ကုန်သီးနှံတို့၏ ပို့ဆောင်ရေး အခက်အခဲတို့ကြောင့် စိုက်ပျိုးရေးနှင့်အသက်မွေးဝမ်းကျောင်း ပြုချင်ပါသော်လည်း မတတ်စွမ်းနိုင်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် (၁)ခန္တီးခရိုင်၊ ခန္တီးမြို့နယ်သည် နိုင်ငံတော်၏ အစွန်အဖျားဖြစ်သည်ကို အကြောင်းပြု၍ တရားဥပဒေကို မျက်ကွယ်ပြု နေသော ခန္တီးဒေသခံ တာဝန်ရှိသူတို့အား အရေးယူဆောင်ရွက်ပေးရန်။(၂)မိသားစုဝင်များ၏ နေ့စဉ်စားဝတ်နေ ရေးအတွက် ရုန်းကန်ဖြေရှင်းနေရသော လက်လုပ်လက်စား အခြေခံ လူတန်းစားများ၏ အလုပ်အကိုင်ဖန်တီး ခွင့်ပေး ရန်။ (၃)ခန္တီးဒေသခံ ပြည်သူလူထု၏ ကျောက်စိမ်းတူးဖော်ခွင့် တပိုင်တနိုင် အလုပ်အကိုင်ဖန်တီးခွင့်ပေးရန်။ (၄)တရား ဥပဒေကို မျက်ကွယ်ပြု၍ မတရားဖမ်းဆီးချုပ်နှောင်ထားသော ဒေသခံပြည်သူများအား ချက်ခြင်းလွှတ် ပေးရန်။ (၅)နန်စီ ပွန်ဒေသတွင် ဥပဒေမဲ့စွာ ဖြစ်ပွားခဲ့သော မိုင်းခွဲမှု တရားခံအစစ်မှန်ဖော်ထုတ်ပေးရန်။(၆)လုပ်ပိုင်ခွင့်နှင့်အာဏာကို ခုတုံး လုပ်၍ မိမိ၏ လုပ်ပိုင်ခွင့်ကို လက်နက်သဖွယ်အသုံးပြုနေသော ဌာနဆိုင်ရာဝန်ထမ်းတို့အား အချိန်နှင့် တပြေးညီ လျှင်မြန်ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန်တို့ ပါရှိသည်။

ဆန္ဒပြသူများနှင့် ဒေသခံတစ်ချို့သည် လက်မှတ်များကောက်ခံပြီး နိုင်ငံတော်သမ္မတထံ တင်ပြတိုင်ကြားမှုများလည်း ပြုလုပ်သွာမည် ဖြစ်ကြောင်း ဦးဆောင်သူများကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required