မန်စီးတီးကွင်း လယ်လူ ကီဗင်ဒီဘရိုင်း သုံးပတ်ခန့် အနားယူရ ဖွယ်ရှိ

မန်စီးတီးကွင်း လယ်လူ ကီဗင်ဒီဘရိုင်း သုံးပတ်ခန့် အနားယူရ ဖွယ်ရှိ

စက်တင်ဘာ ၂၆၊ အင်္ဂလန် ။                 ။ မန်စီးတီးအသင်း၏ အဓိက ကွင်းလယ်ကစားသမား ကီဗင်ဒီဘရိုင်းသည် ဆွမ်ဆီးအသင်းနှင့်ပွဲစဉ်တွင် ရရှိခဲ့သော တံကောက်ကြောဒဏ်ရာကြောင့် သုံးပတ်မှ လေးပတ်ကြား အနားယူရဖွယ်ရှိနေသည်။

ဆွမ်ဆီးကို သုံးဂိုး-တစ်ဂိုးဖြင့် မန်စီးတီးက အနိုင်ရသည့်ပွဲတွင် ပွဲပြီးရန်ကိုးမိနစ်ခန့်အလို၌ ဒီဘရိုင်းမှာ ဒဏ်ရာရရှိပြီး ကွင်းအတွင်းမှ ထွက်ခွာသွားခဲ့သည်။ မန်စီးတီးအသင်းမှာ ဒီဘရိုင်း အနားယူရမည့် သုံးပတ်အတွင်း ဆဲလ်တစ်(ချန်ပီယံလိဂ်)၊ စပါး(ပရီးမီးယားလိဂ်)၊ အဲဗာတန်(ပရီးမီးယားလိဂ်)၊ ဘာစီလိုနာ(ချန်ပီယံလိဂ်)ပွဲစဉ်များကစားရန် ရှိနေသည်။ ထို့ကြောင့် နည်းပြဂွါဒီယိုလာအတွက် ထိုးနှက်ချက်   ဖြစ်လာခဲ့သည်။

ရာသီအစမှစတင်ပြီး မန်စီးတီးအသင်း ၁၀ ပွဲဆက်တိုက်အနိုင်ရရှိခဲ့ရာတွင် ဒီဘရိုင်းသည် အဓိကနေရာမှ ခြေစွမ်းပြကစားနေသူ ဖြစ်သည်။ ပရီးမီးယားလိဂ်ပွဲစဉ် ခြောက်ပွဲတွင် နှစ်ဂိုးသွင်းယူပေးထားပြီး ဖန်တီးမှုပေါင်း အကြိမ် ၂၀ ပြုလုပ်ပေးနိုင်ခဲ့သူ ဖြစ်သည်။

ဘယ်လ်ဂျီယံနည်းပြ မာတီနက်ဇ်အနေဖြင့်လည်း လာမည့်လတွင် ဘော့စနီးယား၊ ဂျီလ်ဘရော်တာတို့နှင့်ကစားရမည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်များအတွက် ဒီဘရိုင်းကို ခေါ်ယူနိုင်မည်မဟုတ်ကြောင်း မန်စီးတီးအသင်းက ပြောကြားခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly