ဆီးရီးယားအရေးနှင့် ပတ်သက်ပြီး လုံခြံုရေး ကောင်စီ၌ ရုရှအား ဝိုင်းဝန်း အပြစ်ပြော

ဆီးရီးယားအရေးနှင့် ပတ်သက်ပြီး လုံခြံုရေး ကောင်စီ၌ ရုရှအား ဝိုင်းဝန်း အပြစ်ပြော

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၆ ။               ။ ဆီးရီးယားနိုင်ငံ အလီပိုမြို့တွင် ဆီးရီးယားနှင့် ရုရှစစ်လေယာဉ်များ ဗုံးကြဲတိုက်ခိုက်ခြင်းများက ငါးနှစ်အတွင်း အပြင်းထန်ဆုံးဖြစ်ခဲ့ပြီး သေကျေပျက်စီးမှုများ များပြားခြင်းအပေါ် ဗြိတိန်၊ ပြင်သစ်နှင့် အမေရိကန်တို့က ရုရှအပေါ် ဝိုင်းဝန်း အပြစ်ပြောဆိုကြသည်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဆမ်မန်သာပါဝါက လုံခြုံရေး ကောင်စီအရေးပေါ် အစည်းအဝေးတွင် ရုရှအား အရိုင်းအစိုင်းအဖြစ် ပြောဆိုကာ ၎င်း၏ မဟာမိတ်ဖြစ်သော ဆီးရီးယား သမ္မတ ဘာရှာအာဆတ်ကို ထိန်းသိမ်းရန်နှင့် လေကြောင်းထိုးစစ်များကို ရပ်တန့်ရန် တိုက်တွန်းပြောဆိုသည်။

“ငြိမ်းချမ်းရေးကို ဖော်ဆောင်ရမယ့်အစား ရုရှနဲ့ ဆီးရီးယားက စစ်မီးမွှေးနေတယ်။  ရုရှလုပ်နေကိုင်နေတာက အကြမ်းဖက် တိုက်ဖျက်ရေးအတွက် အကူအညီ ပေးနေတာမဟုတ်ဘူး။ ရက်စက်ကြမ်းကြုမှု ကျုးလွန်နေခြင်းပဲဖြစ်တယ်။”ဟု ဆမ်မန်သာပါဝါက ပြောသည်။

စက်တင်ဘာ ၂၂ ရက်စကာ အလီပိုအရှေ့ပိုင်း သူပုန်ထိန်းချုပ်နယ်မြေကို ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သား အနည်းဆုံး ၁၂၄ ဦး သေဆုံးကြောင်း ်ဆီးရီးယား လူ့အခွင့်အရေး   စောင့်ကြည့်ရေးအဖွဲ့က ပြောသည်။

ပြင်သစ်သံအမတ်ကြီး ဖရန့်ဆွာဒီလက်ထရီကလည်း အလီပိုမြို့မှာ စစ်ရာဇဝတ်မှု ကျုးလွန်နေကြောင်း ပြောပြီး သင့်တော်သည့် အရေးယူမှု လုပ်ဆောင်ရန် တိုက်တွန်းသည်။

ဆီးရီးယား လေကြောင်း ထိုးစစ်များတွင် ခေတ်မီလက်နက်များ သုံးကာ ဗုံးကြဲခြင်းများဖြင့် ငရဲသစ် ဖန်တီးနေကြောင်း ဗြိတိန်သံအမတ်ကြီးက ဆိုသည်။

“ရုရှက ဆီးရီးယားအစိုးရနဲ့ လက်တွဲပြီး စစ်ရာဇဝတ်မှု ကျုးလွန်နေတယ်ဆိုတာကို ငြင်းဆန်ဖို့ ခက်မယ်။”ဟု ဗြိတိန်သံအမတ်ကြီး ရိုင်ခရော့ဖ်က ပြောခဲ့သည်။

အမေရိကန်နှင့် ရုရှနိုင်ငံတို့၏ ဆီးရီးယားတွင် အပစ်ရပ်ရေး သဘောတူညီမှု ပျက်ပြားသွားပြီးနောက် ဗြိတိန်၊ ပြင်သစ်နှင့် အမေရိကန်တို့က ပြန်လည်၍ အရေးပေါ် ဆွေးနွေးမှုများ လုပ်ဆောင်ရန်   တောင်းဆို တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required