နယ်သာလန် ဒုတိယတန်းကလပ် ဗဲလ်နိုအသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်း ခြေစမ်းမည်

နယ်သာလန် ဒုတိယတန်းကလပ် ဗဲလ်နိုအသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်း ခြေစမ်းမည်
(ဓာတ်ပုံ - MFF)

ဥရောပမှာ လေ့ကျင့်နေတဲ့ မြန်မာ့ လက်ရွေးစင်အသင်းဟာ စက်တင်ဘာ ၂၆ ရက်နေ့ မြန်မာ စံတော်ချိန် ည(၁၀း၃၀) နာရီတွင် နယ်သာလန် ဒုတိယတန်း၊ အမှတ်ပေးဇယား တတိယနေရာရှိ VVV ဗဲလ်နိုအသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားမှာဖြစ်ပါတယ်။

ယခု ခြေစမ်းပွဲဟာ မြန်မာအသင်းအတွက် ဥရောပမြေမှာ လေးပွဲမြောက် ခြေစမ်းပွဲဖြစ်ပြီး ခြေစွမ်းကောင်းတဲ့ အသင်းများနှင့် ခြေစမ်းရတဲ့အတွက် နည်းစနစ်ပိုင်း၊ ကြံ့ခိုင်မှုအပိုင်းမှာ များစွာ အကျိုးရှိမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အချို့ခြေစမ်းပွဲစဉ်များကို လေ့ကျင့်ရေးကွင်းတွင် ကွင်းပိတ် ကစားခြင်းဖြစ်ပြီး နည်းစနစ်အရ အခြား ပြိုင်ဘက်များ မသိရှိစေရန် လျှို့ဝှက်ကစားရခြင်းလည်း ရှိတတ်ပါတယ်လို့ MFF က ဆိုပါတယ်။

ဆူဇူကီးဖလားပြိုင်ပွဲအတွက် ပြင်ဆင်နေတဲ့ မြန်မာ့လက်ရွေးစင်အသင်းဟာ ဂျာမနီနိုင်ငံမှာ နေထိုင်ပြီး ခြေစမ်းပွဲတွေ ကစားထားရမှာ နိုင်ပွဲရရှိထားခြင်းမရှိသေးဘဲ နှစ်ပွဲသရေ၊ တစ်ပွဲရှုံးရလဒ် ရရှိထားပါတယ်။

VVV ဗဲလ်နိုအသင်းနှင့် ယှဉ်ပြိုင်မယ့် အဆိုပါအိမ်ကွင်းရှိ အင်တာနက်လိုင်း အခြေအနေအပေါ် မူတည်ပြီး ခြေစမ်းပွဲအား MMF ဖေ့စ်ဘုတ်ခ်စာမျက်နှာမှ Live ပြသသွားမယ်လို့ သိရပါတယ်။

Ref; MFF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required