မူးယစ်ဆေးဝါးစစ်ပွဲတွင် ကမ္ဘာက ဝင်မစွက်ဖက်ရန် ဖိလစ်ပိုင်ပြော

မူးယစ်ဆေးဝါးစစ်ပွဲတွင် ကမ္ဘာက ဝင်မစွက်ဖက်ရန် ဖိလစ်ပိုင်ပြော

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၅ ။           ။ ဖိလစ်ပိုင်သမ္မတ ဒူတာတေး၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ဆင်ရေးအပေါ် ဝေဖန်မှုများအား တုံ့ပြန်သည့်အနေဖြင့် ကုလသမဂ္ဂအနေဖြင့် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် စက်တင်ဘာ ၂၄ ရက်က ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ကုလသမဂ္ဂအထွေထွေညီလာခံတွင် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ပါဖက်တိုယာဆေးက “ကျွန်တော်တို့ အမျိုးသားရေးရည်မှန်းချက် ရရှိနိုင်ဖို့အတွက် ပြည်တွင်းစိန်ခေါ်မှုများကို ဖြေရှင်းနေတာကို ခွင့်ပြုဖို့အတွက် အားလုံးကို တိုက်တွန်းပြောလိုပါတယ်။ ဝင်ရောက်စွပ်ဖက်ခြင်း မပြုဖို့ ပြောလိုပါတယ်။”ဟု ပြောခဲ့သည်။

သမ္မတဒူတာတေး၏ ရာဇဝတ်မှုနှိမ်နှင်းရေး လုပ်ဆောင်မှုတွင် အသေအပျောက် မြင့်မားလွန်းလာခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့များက တရားလက်မဲ့ သတ်ဖြတ်နေသည်ဟု လူအခွင့်အရေးအုပ်စုများက ပြောလာခြင်းနှင့်အတူ နိုင်ငံတကာက စိုးရိမ်မှု ကြီးထွားလာခဲ့သည်။

 ခြောက်လအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများကို အမြစ်ဖြတ်ပစ်မည်ဟု ကြွေးကြော်လျက် ဒူတာတေးက မေလအတွင်း ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြိုအနိုင်ရကာ သမ္မတ ဖြစ်လာခဲ့ခြင်းဖြစ်သည်။ မူးယစ်တိုက်ဖျက်မှုအတွက် ရာဇဝတ်မှုကျုးလွန်သူ တစ်သိန်းအထိ သတ်ဖြတ်သုတ်သင်သွားမည်ဟုလည်း ကတိပေးထားသူဖြစ်သည်။

 ဇွန် ၃၀ ရက်တွင် ဒူတာတေးက သမ္မတရာထူးယူပြီးနောက် လူပေါင်း ၃၀၀၀ နီးပါး သတ်ဖြတ်ခံရကြောင်း၊ သုံးပုံတစ်ပုံမှာက ရဲက ပစ်ခတ်သေဆုံး၍ ဖြစ်ပြီး ကျန်လူများမှာ မည်သူမည်ဝါမသိ တိုက်ခိုက်ရေးသမားများ၏ သတ်ဖြတ်ခြင်း ခံရခြင်းဖြစ်ကြောင်း ရဲစာရင်းအချက်အလက်များအရ သိရသည်။

 “ကျွန်တော်တို့က ရာဇဝတ်မှု သံသယရှိသူများကို ပစ်သတ်ဖို့ လုံခြုံရေးတပ်ဖွဲ့တွေကို ထင်ရာစိုင်းခွင့် ပေးသွားမှာ မဟုတ်သလို ကျွန်တော်တို့ အဖွဲ့အစည်းအတွင်းမှာ တရားစီရင်မှုစနစ်မှာ တရားမဲ့သတ်ဖြတ်ခြင်းတွေလည်း မရှိပါ။”ဟု ပါဖက်တိုယာဆေးက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required