မလေးရှားမှ ခိုးယူကားများ ပြည်တွင်းသို့ မှောင်ခိုဝင်ရောက်နေဟုဆို

မလေးရှားမှ ခိုးယူကားများ ပြည်တွင်းသို့ မှောင်ခိုဝင်ရောက်နေဟုဆို

မလေးရှားနိုင်ငံမှ ခိုးယူခံရသော ကားများသည် ပြည်တွင်းသို့ မှောင်ခိုဝင်ရောက်နေကြောင်း ဒေသတွင်းသတင်းတစ်ရပ်တွင် ဖော်ပြသည်။

မလေးရှားနိုင်ငံတွင်းရှိ ကားခိုးဂိုဏ်းများက ခိုးယူကားများကို ထိုင်းနိုင်ငံသို့ အများဆုံးမှောင်ခိုသွင်းနေခြင်းဖြစ်သော်လည်း ၎င်းတို့၏ ဈေးကွက်က မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများအထိပင် ကျယ်ပြန့်ဖွယ်ရှိနေကြောင်း Bernama သတင်းဌာနက ဖော်ပြထားသည်။

ခိုးယူကားများသည် အင်ဒိုချိုင်းနားနိုင်ငံများသို့ ရောက်သွားပါက အစရှာရန် ခက်ခဲသွားကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ရပ်က ဆိုသည်။

ထိုနိုင်ငံများက ကားခိုးဂိုဏ်းများသည် အချိတ်အဆက်ဖြင့် ကွန်ရက်သဖွယ်ရှိနေပြီး နယ်စပ်ဖြတ်ကျော်မှုခင်းများ နှိမ်နှင်းရေးအတွက် အာဏာပိုင်များဖက်က အားထုတ်မှုက လက်လှမ်းမမီအောင် ခက်ခဲရှုပ်ထွေးကြောင်း ၎င်းကဆိုသည်။

“မလေးရှားက ခိုးယူသွားတဲ့ ကားတွေကို စင်ကာပူကနေတစ်ဆင့် သင်္ဘောကွန်တင်နာတွေနဲ့ မှောင်ခိုတင်ပို့နေတာ ဖြစ်နိုင်တယ်။ ဒီနောက်မှာ ပထမဆုံး ရည်မှန်းနေရာဖြစ်တဲ့ ထိုင်းကို တင်ပို့တာဖြစ်မယ်။ ထိုင်းနိုင်ငံက Laem Chabang ဆိပ်ကမ်းက ကားခိုးဂိုဏ်းတွေရဲ့ အဓိကနေရာဖြစ်ပါလိမ့်မယ်။”ဟု ယင်းသတင်းရင်းမြစ်က ပြောသည်။

ထိုင်း၌ ခိုးယူကားများ၏ အစိတ်အပိုင်းများကို ကုန်ချထားပြီး အခြေအနေပေါ် မူတည်၍ အင်ဒိုချိုင်းနားနိုင်ငံများသို့ မှောင်ခိုရောင်းချနေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ထိုင်းတွင် ရောင်းမထွက်သည့် ကာများအား အိမ်နီးချင်းနိုင်ငံများသို့ ကုန်လမ်းမှ မှောင်ခိုတင်ပို့နေခြင်း ဖြစ်နိုင်ကြောင်း ၎င်းကဆိုသည်။

ထိုင်းနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်ကြသော မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများက ခိုးယူကားများ၏ နောက်ဆုံးမှောင်ခိုပို့သည့် နေရာများဖြစ်နိုင်ကြောင်းလည်း ပြောသည်။

“ဒီနိုင်ငံတွေကို ရောက်သွားပြီဆိုရင် ကားကို ဘယ်လိုမှ အစရှာလို့ ရတော့မှာ မဟုတ်ဘူး။”ဟု ၎င်းကပြောသည်။

ထိုပြင် မလေးရှားမှ ခိုးယူကားများအား ထိုင်းနိုင်ငံတွင်း ရောင်းချရာတွင် အွန်လိုင်းမှ ရောင်းချခြင်းများ နောက်ပိုင်းပိုမိုလုပ်ဆောင်လာကြောင်းလည်း ယင်းသတင်းရင်းမြစ်ထံမှ သိရသည်။

ယခုလအစောပိုင်းက မလေးရှားနိုင်ငံတွင်းက ခိုးယူလာသည့် တန်ဖိုးကြီးကား ၂၂ စီးကျော်ကို ထိုင်းရဲတပ်ဖွဲ့များ ဖမ်းဆီးရမိသည်။

ပြီးခဲ့သည့်နှစ်အတွင်းကလည်း ထိုင်းနိုင်ငံ Laem Chabang ဆိပ်ကမ်းမှတစ်ဆင့် မှောင်ခိုသွင်းလာသည့် တန်ဖိုးကြီးကား ၁၈ စီးကို ထိုင်းအာဏာပိုင်များ ဖမ်းမိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required