ထူးခြားဆန်းပြား wife carrying အားကစားအကြောင်း

25 September 2016
ထူးခြားဆန်းပြား wife carrying အားကစားအကြောင်း

ဒီတစ်ပတ်မှာတော့ wife carrying ဆိုတဲ့ ပြိုင်ပွဲအကြောင်းကို ပြောပြပေးမှာပါ။ ဇနီးသည်ကို ကျောပေါ်မှာထမ်းပြီး အပြေးပြိုင်ရတဲ့ပြိုင်ပွဲဖြစ်ပါတယ်။

နည်းနည်းတော့ ကို့ရို့ကားယားနိုင်တဲ့ ကစားနည်းတစ်ခုပါ။ ဒီပြိုင်ပွဲကို ဖင်လန်နိုင်ငံက စတင်ခဲ့ပြီး ၁၉၉၉ မှာတော့ မြောက်အမေရိကကို ရောက်ရှိခဲ့ပါတယ်။ ဇနီးသည်ကို ထမ်းပြီးပြေးရမယ်လို့ဆိုပေမယ့် ကိုယ့်ဇနီးအစစ် မဟုတ်လည်းရပါတယ်။ ပြိုင်ပွဲစည်းမျဉ်းမှာ ဘယ်လိုသတ်မှတ်ထားလည်းဆိုတော့ ကိုယ့်ဇနီး ဒါမှမဟုတ် အိမ်နီးချင်းရဲ့ဇနီး၊ ဒါမှမဟုတ် အဝေးတစ်နေရာက အသိမိတ်ဆွေဖြစ်ရမယ်၊ အသက် ၁၇ နှစ်ပြည့်ပြီးသူဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။

ပြိုင်ပွဲသမိုင်းကတော့ ဖင်လန်ပုံပြင်တစ်ပုဒ်ကနေ ဆင်းသက်လာခဲ့တာပါ။ ၁၈၀၀ ပြည့်နှစ်တွေမှာ ဟာ့ခ်ကို ရော့စ်ဗို-ရွန်ခိုင်နန်ဆို တဲ့ တောပုန်းကြီးတစ်ယောက်ဟာ သူ့ရဲ့အဖွဲ့သားတွေနဲ့အတူ ရွာသားတွေကို အနှောက်အယှက်ပေးသောင်းကျန်းခဲ့ဖူးပါတယ်။ ဒီပြိုင်ပွဲပေါ်ပေါက်လာတဲ့ ဖြစ်နိုင်ချေသုံးခုရှိပါတယ်။ ပထမဆုံးဖြစ်နိုင်ချေက ရွန်ခိုင်နန်နဲ့အဖွဲ့ဟာ ရွာထဲက အစားအစာတွေ၊ သူများဇနီးတွေကို ကျောပေါ်ထမ်းပြီးခိုးပြေးခဲ့ကြတယ်ဆိုတဲ့ ပါးစပ်ရာဇဝင်ကြောင့်ပါ။ နောက်တစ်မျိုးမှာကျတော့ လူငယ်တွေဟာ အနီးနားရွာတွေက သူများဇနီး တွေကို ကျောပေါ်တင်ပြီး ခိုးပြေးခဲ့ကြဖူးတာကြောင့်လို့ ဆိုပါတယ်။ နောက်ဆုံးတစ်ခုကတော့ ရွန်ခိုင်နန်ဟာ သူ့ငယ်သားတွေ သန်စွမ်းစေဖို့ အတွက် ကျောပေါ်မှာ လေးလံတဲ့အရာတွေထမ်းပြီး ပြေးခိုင်းခဲ့ဖူးတာကြောင့်လို့ ဆိုကြပါတယ်။ အဲဒါတွေကိုအခြေခံပြီး ဒီပြိုင်ပွဲ ပေါ်ပေါက်လာခဲ့တာပါ။ တစ်ချို့က ရယ်စရာလောက်သာ သဘောထားကြပေမယ့် ပြိုင်ပွဲဝင်တွေကတော့ တခြားအားကစားနည်းတွေလိုပဲ ပြင်းပြင်းထန်ထန်ကြိုးစားယှဉ်ပြိုင်ကြပါတယ်။

ပြိုင်ပွဲစည်းကမ်းတွေကိုလည်း ပြောပြချင်ပါသေးတယ်။ ပြိုင်ပွဲမှာ ခြောက်သွေ့တဲ့အတားအဆီးနှစ်ခုနဲ့ စိုစွတ်တဲ့ အတားအဆီးတစ်ခုဆိုပြီး ထားရှိပါတယ်။ ပြေးလမ်းရဲ့တရားဝင်အရှည်ဟာ ၂၅၃ ဒသမ ၅ မီတာရှည်ပါတယ်။ အရင်တုန်းက ပြေးလမ်းမှာ ကျောက်ခဲတွေနဲ့ပြည့်နေခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သဲတွေနဲ့ အစားထိုးခဲ့ပါတယ်။ အကာအရံနှစ်ခုကို ခုန်ကျော်ရမှာဖြစ်ပြီး တစ်မီတာနက်တဲ့ ရေကန်ကိုလည်း ဖြတ်ကျော်ရမှာပါ။

ကျောပေါ်မှာထမ်းရမယ့် အမျိုးသမီးရဲ့ကိုယ်အလေးချိန်က အနည်းဆုံး ၄၉ ကီလိုရှိရပါမယ်။ မရှိရင်တော့ ၄၉ ကီလိုပြည့်အောင် တခြားအရာဝတ္ထုတွေနဲ့ဖြည့်ရမှာပါ။ ပြိုင်ပွဲဝင်ဟာ အထောက်အကူပြု ကိရိယာအနေနဲ့  ခါးပတ်တစ်ခုတည်းသာအသုံးပြုခွင့် ရမှာဖြစ်ပြီး အမျိုးသမီးကတော့ ခေါင်းကာဦးထုပ်ဆောင်းရပါမယ်။ အမြန်ဆုံးရောက်အောင်ပြေးနိုင်တဲ့ စုံတွဲက ကမ္ဘာ့ချန်ပီယံ ဖြစ်မှာပါ။ ပြေးနေရင်းနဲ့ ကျောပေါ်ကနေ ဇနီးပြုတ်ကျရင်တော့ ပြေးတဲ့ကြာချိန်ထဲမှာ ငါးစက္ကန့်ထည့်ပေါင်းခံရမှာပါ။ အထူးဆုတွေအနေနဲ့ ဖြေဖျော်မှုအပေးနိုင်ဆုံးစုံတွဲဆု၊ အကောင်းဆုံးဝတ်စားဆင်ယင်နိုင်တဲ့စုံတွဲဆုနဲ့ အသန်မာဆုံး ပြိုင်ပွဲဝင် ဆုတွေလည်း ပေးအပ်ပါသေးတယ်။ ပြိုင်ပွဲကို ဖင်လန်နိုင်ငံ ဆွန်ကယာဗီမှာ ၁၉၉၂ ခုနှစ်ကစတင်ပြီး နှစ်စဉ်ကျင်းပခဲ့ပါတယ်။ အခုဆိုရင် သြစတြေးလျ၊ အမေရိကန်၊ ဟောင်ကောင်၊ အက်စတိုးနီယားနဲ့ အင်္ဂလန်တို့မှာလည်း ကျင်းပနေကြပါပြီ။ ဂင်းနစ်မှတ်တမ်းမှာလည်း ခေါင်းစဉ်တစ်ခုနဲ့ပါဝင်နေခဲ့ပါပြီ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required