ချယ်လ်ဆီးအသင်း၏ သဘောထားကို နည်းပြကွန်တီ မေးခွန်းထုတ်

ချယ်လ်ဆီးအသင်း၏ သဘောထားကို နည်းပြကွန်တီ မေးခွန်းထုတ်

စက်တင်ဘာ ၂၅၊ လန်ဒန် ။             ။ အာဆင်နယ်အသင်းကို သုံးဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက်တွင် ချယ်လ်ဆီးအသင်းနည်းပြကွန်တီက ၎င်းတို့အသင်း၏ သဘောထားကို မေးခွန်းထုတ်လိုက်သည်။

အမ်းမရိတ်ကွင်းတွင်ကစားခဲ့သည့် လန်ဒန်ဒါဘီပွဲစဉ်တွင် အာဆင်နယ်အသင်းက ဆန်းချက်ဇ်၊ ဝဲလ်ကော့နှင့်အိုဇေးလ်တို့၏ဂိုးများဖြင့် ချယ်လ်ဆီးကို ကစားကွက်ပိုင်းပါ အသာစီးကစားကာ အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ချယ်လ်ဆီးအသင်း၏ ထိုအရှုံးမှာ ၂၀၁၁ အောက်တိုဘာလနောက်ပိုင်း အာဆင်နယ်အသင်းကို အမှတ်ပေးပြိုင်ပွဲတွင် ပထမဆုံးရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။

‘ကျွန်တော်တို့ အလုပ်တွေကြိုးစားပြီးလုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အသင်းက စာရွက်ပေါ်မှာပဲ အလွန်တောင့်တင်းတဲ့ အသင်းဖြစ်ပါတယ်။ ပွဲချိန် ငါးမိနစ်နောက်ပိုင်းကစလို့ အသင်းရဲ့စိတ်ဓာတ်နဲ့သဘောထားက မှန်ကန်ခြင်းမရှိခဲ့ပါဘူး’ ဟု ကွန်တီက ပြောသည်။

ချယ်လ်ဆီးအသင်းသည် လက်ရှိအချိန်တွင် အမှတ်ပေးဇယားအဆင့်ရှစ်နေရာတွင် ရပ်တည်နေပြီး ဇယားထိပ်ဆုံးမှ မန်စီးတီးနှင့် ရှစ်မှတ်အထိကွာဟသွားပြီ ဖြစ်သည်။

‘အသင်းက ဟန်ချက်လည်း မညီခဲ့ပါဘူး။ အခြေအနေအားလုံးကို ပြန်သုံးသပ်ရပါတော့မယ်။ သုံးဂိုးပေးခဲ့ရတာ မယုံကြည်နိုင်စရာပါပဲ။ ကျွန်တော်တို့ သေချာပေါက် အဖြေရှာရမှာပါ’ ဟု ကွန်တီက ပြောဆိုခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags