ချယ်လ်ဆီးကိုအနိုင်ရသည့်ပွဲမှာ အာဆင်နယ်၏ အကောင်းဆုံးကစားပုံများထဲမှ တစ်ခုဟု ဝင်းဂါးပြော

ချယ်လ်ဆီးကိုအနိုင်ရသည့်ပွဲမှာ အာဆင်နယ်၏ အကောင်းဆုံးကစားပုံများထဲမှ တစ်ခုဟု ဝင်းဂါးပြော

စက်တင်ဘာ ၂၅၊ လန်ဒန်။       ။ ချယ်လ်ဆီကို ၃-၀ ဖြင့်အနိုင်ရသည့်ပွဲမှာ လွန်ခဲ့သည့်နှစ်များအတွင်း အာဆင်နယ်၏ အကောင်းဆုံးကစားပုံတစ်ခုဖြစ်သည်ဟု အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြောသည်။

အာဆင်နယ်အသင်းသည် ဆန်းချက်ဇ်၊ ဝဲလ်ကော့တ်နှင့် အိုဇေးလ်တို့၏ ပထမပိုင်းသွင်းဂိုးများဖြင့် ချယ်လ်ဆီးအသင်းကို အနိုင်ရ ခဲ့သည်။

ယင်းမှာ ၂၀၁၁ နောက်ပိုင်း ချယ်လ်ဆီးအသင်းကို ပထမဆုံးအနိုင်ရသည့် ပရီးမီးယားလိဂ်ပွဲဖြစ်သကဲ့သို့ ၁၉၉၇ ဧပြီနောက်ပိုင်း ချယ်လ်ဆီးကို ပထမဆုံးအကြိမ်ဂိုးပြတ်အနိုင်ရခြင်းလည်းဖြစ်သည်။

“ဒါကကျွန်တော်တို့ အကောင်းဆုံးခြေစွမ်းပြနိုင်တဲ့ပွဲတွေထဲက တစ်ပွဲပါတယ်။ နည်းပြတစ်ယောက်အတွက် ဒီနေ့ဟာ အကောင်းဆုံးနေ့လို့မှတ်ယူရတဲ့ အခိုက်အတန့်တွေထဲက တစ်ခုလည်းဖြစ်ပါတယ်”ဟု အာစင်ဝင်းဂါးက ပြောသည်။

အာဆင်နယ်အသင်း၏ ပထမပိုင်းကစားပုံမှာ ပြီးပြည့်စုံလုနီးပါးကောင်းမွန်သည်ဟုလည်း ပြင်သစ်လူမျိုးနည်းပြ ဆိုသည်။

ဒုတိယပိုင်းထက် ပထမပိုင်းကစားပုံက အသင်း၏အရည်အသွေးကို ပိုမိုပြသနိုင်ခဲ့ကြောင်း၊ နေရာယူပုံ၊ ရွှေ့လျားပုံ၊ ကစားပုံမှာ မိမိတို့လိုချင်သည့် ပုံစံအတိုင်းဖြစ်ခဲ့ကြောင်း၊ လွန်ခဲ့သည့်နှစ်များအတွင်း အကောင်းဆုံးခြေစွမ်းပြနိုင်သည့် ပွဲတစ်ပွဲဖြစ်ခဲ့ကြောင်း ဝင်းဂါးက ပြောသည်။

အာဆင်နယ်အသင်းသည် နိုင်ပွဲကြောင့် အမှတ်ပေးဇယားထိပ်ဆုံးမှ ခြောက်ပွဲဆက်နိုင်ထားသော မန်စီးတီးအသင်းနှင့် ငါးမှတ် အကွာ အမှတ်ပေးဇယား တတိယနေရာသို့ တက်လှမ်းနိုင်ခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags