နှိပ်စက်ခံ ကလေးများ ထပ်မပေါ်ပေါက်ဖို့ အစိုးရ လုပ်ဆောင်ရန် ကိုဆွေဝင်းပြော

နှိပ်စက်ခံ ကလေးများ ထပ်မပေါ်ပေါက်ဖို့ အစိုးရ လုပ်ဆောင်ရန် ကိုဆွေဝင်းပြော
Myanmar Now သတင်းဌာနမှ သတင်းထောက်ချုပ်ဖြစ်သူ ကိုဆွေဝင်း(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(စက်တင်ဘာ ၂၃ရက်၊ ၂၀၁၆ခုနှစ်)။ ။ အင်းဝအပ်ချုပ်ဆိုင်မှ အိမ်အကူအမျိုးသမီးငယ်နှစ်ဦး ညှဉ်းပမ်းနှိပ်စက်ခံရသည့်ဖြစ်စဉ်မျိုးပေါ်လောက်လာမှ ဖြေရှင်းခြင်းထက် အစိုးရအနေဖြင့် အလားတူဖြစ်စဉ်များ ထပ်မဖြစ်စေဖို့ ကြိုတင်ဆောင်ရွက်ရန် လိုအပ်သည်ဟု Myanmar Now သတင်းဌာနမှ သတင်းထောက်ချုပ် ကိုဆွေဝင်းက ပြောကြားလိုက်သည်။

“အခု ရန်ကုန်မြို့တစ်ခုထဲမှာတောင် နှိပ်စက်ခံနေရတဲ့ အိမ်အကူကလေးငယ်တွေ ဘယ်လောက်ရှိနေပြီလဲ။ ကျွန်တော်တို့အားလုံး မသိနိုင်ပါဘူး။ ကျွန်တော်အကြံပြုချင်တာကတော့ အသက်အရွယ်မပြည့်သေးတဲ့ကလေးလုပ်သားတွေနဲ့ ပတ်သက်ပြီးတော့ ဖြေရှင်းဖို့ခက်ခဲတယ်ဆိုတာကို နားလည်ပါတယ်။ ဒါပေမယ့် အများပြည်သူမြင်ကွင်းမှာ မရှိဘဲနဲ့ ချောင်ပိတ်တဲ့နေရာမှာ လုပ်ကိုင်ရတဲ့ အသက်မပြည့်သေးတဲ့ကလေးတွေကို ဥပဒေအရ တားမြစ်ပေးပါလို့ နိုင်ငံတော်အစိုးရကို ဒီကနေပြီးတော့ တင်ပြချင်ပါတယ်” ဟု ကိုဆွေဝင်းက စက်တင်ဘာ ၂၃ရက်တွင် ပြောသည်။

နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင်ပြုလုပ်သည့် ကျောက်တံတားမြို့နယ်၊ (၉)ရပ်ကွက် လမ်း (၄၀)ရှိ အင်းဝအပ်ချုပ်ဆိုင်တွင် အိမ်အကူ မိန်းကလေးငယ် (၂)ဦးအား ညှဉ်းပမ်းနှိပ်စက်မှုကိစ္စအား မိမိ၏ လုံခြုံရေးနှင့် ကိုယ်ကျိုးကို မငဲ့ကွက်ဘဲ စုံစမ်း ဖော်ထုတ် သတင်း ရယူခဲ့သူ ကိုဆွေဝင်းအား နိုင်ငံတော်သမ္မတက ချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲတွင် ကိုဆွေဝင်းက ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ဒီဖြစ်စဉ်တွေဖြစ်ပေါ်လာမှ အစိုးရက ဖြေရှင်းတယ်ဆိုတာထက်ကို အလားတူဖြစ်စဉ်တွေမပေါ်ပေါက်အောင် ဘယ်လိုကြိုတင်ကာကွယ်ရမလဲ။ ဒါတွေကို ဆောင်ရွက်သင့်ပါတယ်” ဟု ၎င်းက ဆိုသည်။

ထိုကဲ့သို့ အိမ်အကူကလေးသူငယ်များ နှိပ်စက်ခံရသည့် အလားတူဖြစ်စဉ်များ ထပ်မံမဖြစ်ပွားစေရန် လုပ်ဆောင်မည့် အစိုးရ၏ အစီအမံနှင့်ပတ်သက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာတွင် ၎င်းက ကလေးသူငယ်များနှင့်ပတ်သက်သည့် ဥပဒေများ သက်ရောက်မှုရှိအောင် ကြိုးပမ်းမည်ဟု ဆိုသည်။

“အဓိကကတော့ ပညာပေးလုပ်ငန်း လုပ်ရမှာပေါ့။ ကလေးတွေနဲ့ပတ်သက်ပြီး ကလေးတွေကို မညှဉ်းဆဲရဘူး။ မရိုက်ရဘူးဆိုတာ ဥပဒေက ရှိပြီးသား။ ဒါမျိုးတွေ မဖြစ်ဖို့ မိဘတွေကလည်း သိရမယ်။ ကလေးတွေကို ခေါ်ထားတဲ့ အုပ်ထိန်းသူကလည်း ဒါတွေကို နားလည်ထားရမယ်။ ဒါတွေကို လိုက်နာရမယ်ပေါ့။ ဥပဒေသက်ရောက်မှုရှိအောင် ကျွန်တော်တို့က အသိပညာပေးရမှာပေါ့။ ဥပဒေတွေ၊ နည်းဥပဒေတွေ၊ မူဝါဒတွေရှိတယ်။ ဒါတွေကို ရှင်းပြရမယ်။ ဥပဒေကို သက်ရောက်အောင် ကြိုးစားရမှာပေါ့။ တစ်ကယ်ဖြစ်လာလို့ အရေးမယူရင် ဥပဒေက သက်ရောက်မှု မရှိတော့ဘူးပေါ့” ဟု ဒေါက်တာဝင်းမြတ်အေးက မဇ္ဈိမကို ပြောသည်။

လက်ရှိတွင်မူ ကျောက်တံတားမြို့နယ်ရှိ အင်းဝအပ်ချုပ်ဆိုင် ပိုင်ရှင်မိသားစုက အသက်(၁၆)နှစ်နှင့် (၁၇)နှစ်အရွယ် ဆယ်ကျော်သက် အိမ်အကူ မိန်းကလေး ငယ်နှစ်ဦးအား ကိုယ်လက်အင်္ဂါ ချို့ယွင်းစေသည်အထိ နှိပ်စက်မှု ပြုလုပ်ခဲ့သောကြောင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးရဲတပ်ဖွဲ့မှ ဒုရဲမှူးမျိုးသိန်းက တရားလိုပြုလုပ်ကာ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပ ဒေပုဒ်မ ၂၄/၃၂ ဖြင့် ဦးစွာအမှု ဖွင့်ခဲ့သည်။

စက်တင်ဘာ ၂၁ ရက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနကပါ တရားလို ပြု လုပ်၍ ကလေးသူငယ်ပုဒ်မ ၆၆(ဃ) ထပ်မံအမှုဖွင်ခဲ့ခြင်း ဖြစ်သည်။

အင်းဝအပ်ချုပ်ဆိုင် မိသားစုဝင်များထဲမှ အသက် (၅၇) နှစ်အရွယ် အိမ်ရှင် ဒေါ်တင်သူဇာကို သင်္ဃန်း ကျွန်းမြို့နယ်ရှိ ၎င်း၏အဒါ်ဖြစ်သူ နေအိမ်တွင် စက်တင်ဘာ ၂၀ ရက် ည ၉ နာရီ မိနစ် ၄၀ တွင် ဖမ်းဆီးနိုင်ခဲ့ပြီး သားဖြစ်သူ အသက် (၃၇) နှစ်အရွယ် တင်မင်းလတ် (ခ) ဖိုက်ဇယ်ကို စက်တင်ဘာ ၂၁ ရက် နံနက် ၁၀ နာရီကျော်၌ ှရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းတွင် ဖမ်းဆီးနိုင်ခဲ့သည်။

သမီးဖြစ်သူ အသက် (၂၇) နှစ်အရွယ် စုမွန်လတ်ကမူ မွန်းလွဲတစ်နာရီခန့်တွင် ရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့ပြီး အိမ်ရှင်အမျိုးသား ဦးကိုလတ် (၆၃)နှစ်ကို   စက်တင် ဘာ ၂၁ ရက် ည ၈ နာရီ ၅၀ မိနစ် ခန့်တွင် ဖမ်းဆီး ထားကြောင်း ရန်ကုန်တိုင်းဒေသ ကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ထားသည်။

အဆိုပါ ကိစ္စနှင့်ပက်ပြီး စက်တင်ဘာ ၁၅ ရက်နေ့က လူ့အခွင့်အရေးကော်မရှင်၏ ညှိနှိုင်းပေးမှုဖြင့် ညှင်းပန်းနှိပ်စက်ခံရ သည့် အိမ်အကူ အမျိုးသမီးနှစ်ဦးအတွက် နစ်နာကြေးသိန်း ၅၀ဖြင့် ကျေအေးရန်သဘောတူခဲ့ပြီး အဆိုပါ ကော်မရှင်၏ ညှိနှိုင်းပေးမှုအပေါ် ဝေဖန်မှုများရှိခဲ့သည်။

စက်တင်ဘာ ၂၁ရက်နေ့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်မှ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီးနောက် ၂၂ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင်မူ ကော်မရှင်အဖွဲ့ဝင်အချို့ကို ထိရောက်စွာအရေးယူရန်  ဒေါပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဖြစ်သူ ဦးဌေးဝင်း အောင်(ခ) ဦးပြုံးချိုမှ အရေးကြီး အဆိုတင်သွင်းခဲ့ပြီး ယင်းအဆိုကို လွှတ်တော်က လက်ခံသည့်အတွက် စက်တင်ဘာ ၂၆ရက်တွင် ဆွေးနွေးသွားရန် ရှိနေသည်။

ယင်းအမှုအပေါ် ဥပဒေကြောင်းအရရော၊ သတင်းစာပညာအရပါ ဖော်ထုတ်ရေးသားခဲ့သည့် ကိုဆွေဝင်းကို သမ္မတကပေးအပ်လိုက်သည့် ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က သမ္မတဦးထင်ကျော်ကိုယ်စားပေးအပ်ခဲ့ပြီး နိုင်ငံတော်သမ္မတရုံး၏ ခေတ္တညွှန်ကြားရေးမှူးချုပ်က လက်မှတ်ရေးထိုးထားသည့် ဂုဏ်ပြုမှတ်တမ်းလွှာတွင် “မိမိ၏ လုံခြုံရေးနှင့် ကိုယ်ကျိုးကို မငဲ့ကွက်ဘဲ လူသားချင်းစာနာထောက်ထားမှုကို ရှေးရှု၍ လူထုအကျိုးပြုကိစ္စရပ်အား စွန့်စားဆောင်ရွက်ပေးခဲ့သည့်အတွက် နိုင်ငံတော်သမ္မတက အမှတ်အမှတ်ပြု ဂုဏ်ပြုအပ်ပါသည်” ဟု ရေးသားထားသည်။

 

 

 

 

 

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required