ဒဏ်ရာပြဿနာက မန်ယူကစားသမားဘဝကို ထိခိုက်စေမည်မဟုတ်ဟု ရှဝိန်းစတိုင်ဂါ ဆို

ဒဏ်ရာပြဿနာက မန်ယူကစားသမားဘဝကို ထိခိုက်စေမည်မဟုတ်ဟု ရှဝိန်းစတိုင်ဂါ ဆို

ဇူလိုင် ၁၄၊ မန်ချက်စတာ။ ။ မန်ယူအသင်း၏ ကွင်းလယ်ကစားသမားသစ် ရှဝိန်းစတိုင်ဂါက ဒဏ်ရာပြဿနာများမှာ ပြီးဆုံးသွားပြီဖြစ်ကြောင်းနှင့် မန်ယူကစားသမားဘဝကို ဒဏ်ရာပြဿနာများက ထိခိုက်စေမည်မဟုတ်ကြောင်း ပြောဆိုလိုက်သည်။

အသက် ၃၀ အရွယ်ရှိ ရှဝိန်းစတိုင်ဂါသည် ပြီးခဲ့သည့်ရာသီက ဘိုင်ယန်မြူးနစ်အသင်းအတွက် ၁၅ ပွဲသာ ပါဝင်ကစားပေးနိုင်ခဲ့ သော်လည်း ယခုအချိန်တွင် ကြံ့ခိုင်မှုမှာ ကောင်းမွန်နေပြီဖြစ်ကြောင်း ပြောသည်။

'အခြေအနေအားလုံး ကောင်းမွန်ပါတယ်။ မန်ယူအသင်းကို ပြောင်းလာရလို့ ပျော်ပါတယ်။ မန်ယူအတွက် အကောင်းဆုံးပေးဆပ်သွားဖို့ မျှော်လင့်ထားပါတယ်။

ခက်ခဲတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကစားပြီးတဲ့နောက်မှာ ကျွန်တော်ဒဏ်ရာရခဲ့ပါတယ်။ ဒါပေမဲ့ ဒါက ပြီးခဲ့တဲ့ အောက်တိုဘာလက ပြီးဆုံးသွားခဲ့ပြီလို့ထင်ပါတယ်။ ဘိုင်ယန်နဲ့အတူ တစ်ပတ်ချင်း ပြီးတော့ တစ်လချင်း ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ဒဏ်ရာမရှိတော့ပါဘူး။ အခု ကြံ့ခိုင်မှုက ကောင်းပါတယ်' ဟု ရှဝိန်းစတိုင်ဂါက ပြောသည်။

ထို့နောက် ဆက်လက်ပြီး ရှဝိန်းက 'ကျွန်တော်မန်ယူကို လာခဲ့တာ ဆုဖလားတွေ ရရှိဖို့ပါ။ မန်ယူလိုအသင်းအတွက် ဒါက ပုံမှန်အနေအထားပါပဲ။ ဗန်ဟားလ်အကြောင်းကို သိပြီးသားပါ။ ဒါကြောင့် ဒီကို လာဖို့ ဆုံးဖြတ်ရတာ လွယ်ပါတယ်။ ဒါပေမဲ့ ဗန်ဟားကြောင့် ဒီကို လာတာမဟုတ်ပါဘူး။ မန်ယူအသင်းကြောင့်ပါ။ ကြီးမားတဲ့ အသင်းတွေဟာ ရိုးရာအစဉ်အလာတွေ ရှိပါတယ်။ လက်ရှိ မန်ယူအသင်းမှာ အရည်အချင်းရှိတဲ့ ကစားသမားတွေ အများကြီးပါ။ ဒါကြောင့် လာမယ့်ရာသီမှာ ကျွန်တော်တို့ ဆုဖလားတွေ ရနိုင်ပါတယ်' ဟု ပြောသည်။

ရှဝိန်းစတိုင်ဂါသည် ဘိုင်ယန်မြူးနစ်လူငယ်အသင်းမှ ပေါ်ထွက်လာသူဖြစ်ပြီး ကစားသမားဘဝတစ်လျှောက်လုံး ဘိုင်ယန်အသင်းတွင် ကစားခဲ့သူ ဖြစ်သည်။ ဘိုင်ယန်မြူးနစ်အသင်းကြီးတွင် ၁၃ နှစ်ကြာကစားခဲ့ရာ၌ ဆုဖလားပေါင်း ၂၂ လုံး ရယူနိုင်ခဲ့သည်။

ဂျာမနီသက်တမ်းအလိုက် လက်ရွေးစင်အသင်းတိုင်းတွင် ပါဝင်ခဲ့ပြီး ဂျာမနီလက်ရွေးစင်အသင်းကြီးအတွက် ပွဲပေါင်း ၁၁၁ ပွဲကစားကာ ၂၃ ဂိုးသွင်းယူထားသည်။ ဂျာမနီအသင်းနှင့်အတူ ၂၀၁၄ ကမ္ဘာ့ဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့သည်။

မန်ယူအသင်းသည် ရှဝိန်းစတိုင်ဂါကို ပြောင်းရွေ့ကြေး ပေါင် ၁၄ သန်းဖြင့် ဘိုင်ယန်မြူးနစ်အသင်းထံမှ ဝယ်ယူကာ သုံးနှစ်စာချုပ် ချုပ်ဆိုခဲ့သည်။ စာချုပ် ချုပ်ဆိုပြီးနောက်တွင် ရှဝိန်းစတိုင်ဂါက ဘိုင်ယန်မြူးနစ်အသင်းမှ ထွက်ခွာရန် ဆွဲဆာင်နိုင်သည့်အသင်းမှာ မန်ယူတစ်သင်းတည်းသာ ရှိကြောင်း ပြောသည်။

ယခုအချိန်တွင် ရှဝိန်းစတိုင်ဂါသည် မန်ယူအသင်းနှင့်အတူ ရာသီကြိုခြေစမ်းပွဲများကစားရန် အမေရိကသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly