ဒုတိယအကျော့တွင် တန်းမဆင်းရရေး ဦးစားပေးကစားမည်ဟု ဇေယျာရွှေမြေ နည်းပြ ပြော

ဒုတိယအကျော့တွင် တန်းမဆင်းရရေး ဦးစားပေးကစားမည်ဟု ဇေယျာရွှေမြေ နည်းပြ ပြော
ဇေယျာရွှေမြေနှင့် ဇွဲကပင်တို့ အကြိတ်အနယ်ကစားနေစဉ်။ (ဓာတ်ပုံ - MFF)

ဇူလိုင် ၁၄၊ ရန်ကုန်။ ။ ဇေယျာရွှေမြေအက်ဖ်စီအသင်းသည် ၂၀၁၅ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ပထမအကျော့တွင် ရလဒ်များ ဆိုးရွားခဲ့သဖြင့် ဒုတိယအကျော့တွင် တန်းမဆင်းရရေးကို ပထမဦးစားပေး လုပ်ဆောင်သွားမည်ဟု ဇေယျာရွှေမြေအသင်း နည်းပြချုပ် ဦးကျော်မင်းက ပြောသည်။

ဇေယျာရွှေမြေအက်ဖ်စီအသင်းသည် ပထမအကျော့ ပွဲစဉ် ၁၁ ပွဲကစားပြီးချိန်တွင် သုံးပွဲနိုင်၊ နှစ်ပွဲ သရေ ၊ ခြောက်ပွဲ ရှုံး ရမှတ် ၁၁ မှတ်ဖြင့် အဆင့် ၁၁ နေရာတွင် ရပ်တည်နေသည်။ ရမှတ် ၁၁ မှတ်ရရှိထားသော ဇေယျာရွှေမြေအသင်းသည် တန်းဆင်းဇုန်ထဲမှ ဟံသာဝတီအသင်းနှင့် ရမှတ် လေးမှတ်သာ ကွာဟသည့်အတွက် တန်းဆင်းဇုန် အန္တရာယ်နှင့် နီးကပ်နေသည်။ ထို့ပြင် ဇေယျာရွှေမြေအသင်းသည် ဇူလိုင် ၁၃ ရက် အောင်ဆန်းကွင်းတွင် ကစားခဲ့သည့် ၂၀၁၅ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဖလား ဒုတိယအဆင့်ပြိုင်ပွဲတွင် ဇွဲကပင်အသင်းကို ၄-၃ ဂိုးဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

'ပထမအကျော့မှာ အခြေအနေမကောင်းခဲ့ဘူး။ လက်ကျန်သုံးပွဲမှာ ခုနစ်မှတ်ရဖို့ ရည်မှန်းထားတာ ခြောက်မှတ်ရတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ၉၀ ရာခိုင်နှုန်းအောင်မြင်လို့ ကျေနပ်တယ်။ ဒုတိယအကျော့ပြန်စရင် ပထမဆုံးတန်းမဆင်းရအောင်၊ ဒုတိယအနေနဲ့ အလယ်အလတ် ၆၊ ၇ လောက်ကို ပစ်မှတ်ထားပါတယ်'ဟု ဦးကျော်မင်းက ပြောသည်။

ဇေယျာရွှေမြေအသင်းသည် ဒုတိယအကျော့ ပွဲစဉ် ၁၂ အဖြစ် လာမည့် ဇူလိုင် ၁၈ ရက်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးကွင်း၌ ကမ္ဘောဇအသင်းနှင့် ကစားရမည်ဖြစ်သည်။ ဇေယျာ ရွှေမြေအသင်းသည် ဇူလိုင် ၁၃ ရက်က ဇွဲကပင်အသင်းနှင့် အချိန်ပို မိနစ် ၁၂၀ အထိ ရှုံးထွက်ပွဲစဉ်ကစားခဲ့ရပြီး နောက် ငါးရက်အကြာ ဇူလိုင် ၁၈ ရက်တွင် အဝေးကွင်း၌ ကမ္ဘောဇအသင်းနှင့် သွားရောက်ကစားရမည်ဖြစ်သောကြောင့် ပွဲပန်းလာနိုင်ဖွယ်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required