မြောက်ကိုရီးယားက ဂြိုဟ်တုလွှတ်တင်သည့် ရော့ကတ် အင်ဂျင်စမ်းသပ်မှု အောင်မြင်

မြောက်ကိုရီးယားက ဂြိုဟ်တုလွှတ်တင်သည့် ရော့ကတ် အင်ဂျင်စမ်းသပ်မှု အောင်မြင်

ပြုံယမ်း၊ စက်တင်ဘာ ၂၀ ။        ။ ဂြိုဟ်တုလွှတ်တင်နိုင်သည့် ရော့ကတ် ဒုံးကျည်အင်ဂျင်သစ်ကို မြောက်ကိုရီးယားနိုင်ငံက အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်နိုင်ကြောင်း နိုင်ငံပိုင်သတင်းတွင် ဖော်ပြသည်။

နိုင်ငံ၏ ခေါင်းဆောင် ကင်ဂျုံးအွန်က သိပ္ပံပညာရှင်များနှင့် အင်ဂျင်နီယာများအား ဖြစ်နိုင်သမျှ မြန်မြန် ဂြိုဟ်တုလွှတ်တင်နိုင်ရေး ပြင်ဆင်လုပ်ဆောင်ကြဖို့ တိုက်တွန်းပြောထားကြောင်း KCNA သတင်းက ဖော်ပြသည်။

ယခုအောင်မြင်သည့် စမ်းသပ်မှုသည် ယခုနှစ်အတွင်း ဒုံးကျည် ပစ်လွှတ်မှုများနှင့် ဆက်စပ်သည့် စမ်းသပ်မှုများမှ နောက်ဆုံးစမ်းသပ်မှု တစ်ရပ်လည်းဖြစ်သည်။

ယင်းတစ်ချိန်တည်းတွင် အမေရိကန်နှင့် တရုတ်နိုင်ငံတို့ မြောက်ကိုရီးယား၏ ပဉ္စမမြောက် နျူကလီးယား စမ်းသပ်မှုနှင့်ပတ်သက်ကာ ကုလသမဂ္ဂတွင် ပူးပေါင်း ကိုင်တွယ်ဖြေရှင်းသွားရေး သဘောတူခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံသည် ယခုလ အစောပိုင်းက မြေအောက်နျူကလီးယား စမ်းသပ်မှုကို လုပ်ဆောင်ခဲ့ရာ ထိုစမ်းသပ်မှုသည် ယင်းနိုင်ငံအတွင်း အားအပြင်းဆုံး နျူကလီးယားစမ်းသပ်မှု ဖြစ်ဖွယ်ရှိသည်။

မြောက်ကိုရီးယားနိုင်ငံသည် နျူကလီးယားနှင့် ဒုံးကျည်ပစ်လွှတ်မှု စမ်းသပ်လုပ်ငန်းများကို အတည်ပြု ကြေညာခြင်းများ ပုံမှန် ထုတ်ပြန်သော်လည်း အကဲဖြတ်များက မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယား ပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး အတည်ပြုနိုင်ဖို့က ခက်ခဲကြောင်း ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required