မြစ်ဆုံစီမံကိန်းအပေါ် ကန့်ကွက်နေခြင်းက အစွန်းရောက်သူများ၏ ကြိုးဆွဲနေခြင်းဖြစ်ဟု တရုတ်သတင်းစာရေး

မြစ်ဆုံစီမံကိန်းအပေါ် ကန့်ကွက်နေခြင်းက အစွန်းရောက်သူများ၏ ကြိုးဆွဲနေခြင်းဖြစ်ဟု တရုတ်သတင်းစာရေး

မြစ်ဆုံဆည်စီမံကိန်းကို ကန့်ကွက်နေခြင်းသည် မြန်မာနိုင်ငံတွင်းက အစွန်းရောက်သည့် အဖွဲ့များ၏ စီစဉ်ခင်းကျင်းနေမှုများသာဖြစ်ပြီး ဖက်စပ်ရင်းနှီးမြုပ်နှံမှုစီမံကိန်းများကို ဆိုးဝါးစွာ ဖျက်ဆီးခံနေရခြင်းဖြစ်ကြောင်း အရှိန်အဝါရှိသည့် တရုတ်ပါတီအာဘော် သတင်းစာတစ်စောင်က စက်တင်ဘာ ၁၉ ရက်တွင် ဖော်ပြသည်။

အမေရိကန်ဒေါ်လာ ၃ ဒဿမ ၆ ဘီလီယံ ရင်းနှီးမြုပ်နှံမှုဖြစ်သည့် မြစ်ဆုံအကြီးစားဆည်တည်ဆောက်ရေးကို ယခင်သမ္မတဦးသိန်းစိန်လက်ထက်တွင် ရပ်ဆိုင်းထားလိုက်ခြင်းက နှစ်နိုင်ငံကြား အရေးကြီးသည့် ပြဿနာအဖြစ် ကျန်ရှိနေခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမည် စိုးရိမ်မှုကြောင့် ရပ်ဆိုင်းခြင်းဖြစ်သည်ဟု ဆိုသော်လည်း တရုတ်မှ ဖယ်ခွာနိုင်ရန် ကြိုးစားလာခြင်းအဖြစ်လည်း ရှုမြင်ထားကြသည်။ အခြားသော တရုတ်ရင်းနှီးမြုပ်နှံမှုများတွင် အငြင်းပွားမှုများ ရှိနေခြင်း၏ သက်ရောက်မှုကြောင့်လည်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာရွေးကောက်ပွဲဖြင့် အနိုင်ရပြီးနောက် ပြီးခဲ့သည့်လက တရုတ်သို့ သွားရောက်ခဲ့ရာ၌  မြစ်ဆုံဆည်ကိစ္စတွင် နှစ်နိုင်ငံအနေဖြင့် လက်ခံနိုင်သော ဖြေရှင်းမှုရရှိရေး နည်းလမ်းရှာဖွေသွားရန် မြန်မာနိုင်ငံအစိုးရအနေဖြင့် ဆန္ဒရှိထားကြောင်း ပြောခဲ့သည်။

မြစ်ဆုံဆည်စီမံကိန်းနှင့် အခြားသော အဆိုပြုထားသည့် ရေအားလျှပ်စစ်စီမံကိန်းများကို ကော်မရှင်တစ်ရပ်ဖွဲ့စည်းကာ ပြန်လည်သုံးသပ်လျက်ရှိနေသည်။

သို့သော်လည်း ပြည်တွင်းကန့်ကွက်မှုများ ရှိနေ၍ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဘေးကျပ်နံကျပ်အနေအထားတွင် လုပ်ကိုင်နေရခြင်းလည်းဖြစ်သည်။

တရုတ်အရာရှိများကို သင်တန်းပေးမွေးထုတ်ပေးနေရာ ကွန်မြူနစ်ပါတီ၏ ဗဟိုပါတီသင်တန်းကျောင်းမှ တစ်ပတ်နှစ်ကြိမ်ထုတ်ဝေသည့် The Study Times စာစောင်တွင် ဆည်တည်ဆောက်ရေးစီမံကိန်းများက အကြောင်းပြချက်မည်မည်ရရမရှိဘဲ တိုက်ခိုက်ခံနေရကြောင်း ဝေဖန်ရေးသားထားခြင်းဖြစ်သည်။

"ဒေါ်အောင်ဆန်းစုကြည် တရုတ်ကို မလာမီနဲ့ လာရောက်ပြီး အချိန်များမှာ တစ်ဖက်စွန်းကျတဲ့ မြန်မာမီဒီယာတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက မြစ်ဆုံဆည်နဲ့တကွ သံလွင်မြစ်ပေါ်က အကြီးစားဆည်စီမံကိန်းတွေကို မလိုမုန်းထားစွာ ကန့်ကွက်နေပြီး စီမံကိန်းတွေ ရပ်တန့်ဖို့ တောင်းဆိုနေကြတယ်။"ဟု ယင်းသတင်းစာစောင်က ရေးသားဖော်ပြသည်။

"ဒါအပြင်လည်း မြန်မာမီဒီယာတွေက ဆည်စီမံကိန်းတွေ ရပ်ပစ်ခြင်းဖြင့် တရုတ်အပေါ် စီးပွားရေးအရ မှီခိုနေရခြင်းအား ဖယ်ရှားပစ်နိုင်ခြင်းအတွက် အရေးကြီးသည့် ခြေလှမ်းလှမ်းလိုက်ခြင်းဖြစ်တယ်ဆိုပြီး ရေးသားနေတယ်။"ဟုလည်း ယင်းသတင်းစာတွင် ဖော်ပြသည်။

တကယ်အသံကို သိရန်ခက်ခဲသော်လည်း ထိုသို့သော တစ်ဖက်ပိတ်ဆန်သည့် ထင်မြင်ပြောကြားချက်များကို ပုဂ္ဂလိကပိုင် မီဒီယာများတွင် ရေးသားဖော်ပြနေကြောင်းလည်း ရေးသားထားသည်။

"ဒါက ပြည်သူတွေရဲ့ စိတ်နေသဘောထားအပေါ် ဆိုးကျိုးကြီးကြီး သက်ရောက်စေပါတယ်။ ဖက်စပ်ပူးပေါင်းလုပ်ကိုင်နေတဲ့ စီမံကိန်းတွေအပေါ် ကြီးကြီးမားမား ဖျက်ဆီးပစ်နေတာပဲဖြစ်ပါတယ်။"ဟု ယင်းသတင်းစာက ရေးသားသည်။

နယ်စပ်ဒေသတစ်လျှောက်ရှိ တိုင်းရင်းသားလူနည်းစုလက်နက်ကိုင်အုပ်စုများနှင့် ဆွေးနွေးပွဲများ ကျင်းပရာတွင် တရုတ်၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ခြင်းကြောင့် မြစ်ဆုံဆည်စီမံကိန်းအပေါ် အဖြေရှာနိုင်ရေးသည် ဒေါ်အောင်ဆန်းစုကြည်အတွက် အရေးကြီးသည့် လိုအပ်ချက်ဖြစ်နေသည်။

အစိုးရသစ်အာဏာရပြီးချိန် အာဆီယံနိုင်ငံများမှအပ ပထမဆုံးပြည်ပခရီးစဉ်အဖြစ် တရုတ်နိုင်ငံအား လာရောက်ခြင်းအတွက် ဒေါ်အောင်ဆန်းစုကြည်အား နှစ်နိုင်ငံဆက်ဆံရေး အရေးကြီးမှုကို အသိအမှတ်ပြုခြင်းအဖြစ် The Study Times က ချီးကျုးကာ ရေးသားထားသည်။

တရုတ်နိုင်ငံက မိတ်ဆွေတု မိတ်ဆွေယောင်လည်း မဟုတ်ကြောင်းလည်း ယင်းသတင်းစာတွင် ရေးသားထားသည်။

"တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ အခြေခံအဆောက်အအုံစီမံကိန်းတွေမှာ ရင်းနှီးမြုပ်နှံဖို့ကို လိုလိုလားလားရှိနေပါတယ်။ အနောက်အုပ်စုကတော့ ဒီကဏ္ဍမှာ ရင်းနှီးမြုပ်နှံလိုသူတွေ မဟုတ်ကြပါဘူး။"ဟုလည်း ယင်းသတင်းစာ၌ ရေးသားဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required