မဇ္စျိမရဲ့ Dialouge အစီစဉ်အရ သယံဇာတ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန၏ ရက် ၁၀၀ စီမံချက်အပေါ် သုံးသပ်ခြင်း

မဇ္စျိမရဲ့ Dialouge အစီစဉ်အရ သယံဇာတ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန၏ ရက် ၁၀၀ စီမံချက်အပေါ် သုံးသပ်ခြင်း

ဒီတစ်ခေါက်မှာတော့ ထူးထူးခြားခြားဖြစ်ဖို့အတွက် သယံဇာတ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနရဲ့ ရက် ၁၀၀ စီမံကိန်းအပေါ် သုံးသပ်မှု ခေါင်းစဉ်ကို ရွေးထားပါတယ်။

အကြောင်းအရာက ကျွန်တော်တို့တိုင်းပြည်မှာ တည်ရှိနေတဲ့ ပြဿနာတွေကို အကောင်းဆုံး ဘယ်လိုလုပ်မလဲဆိုတဲ့ စီမံချက်တွေ ချသလို ဒီစီမံချက်က ဘယ်လိုမျိုး ထိရောက်မှုရှိသလဲ ဘယ်လောက်အထိ လုပ်ဆောင်နိုင်မလဲဆိုတာကို ဆွေးနွေးနိုင်ဖို့အတွက် ဆွေးနွေးမယ့်သူ သုံးဦးကိုလည်း ဖိတ်ခေါ်ထားပါတယ်။ ဆွေးနွေးမယ့်သူ သုံးဦးကတော့ ဆရာ ဦးဝင်းထိန် ဖြစ်ပါတယ်ခင်ဗျာ။ ဆရာဦးဝင်းထိန်ကတော့ သတ္တုဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်ဖြစ်ပါတယ်။ နောက်တစ်ဦးကတော့  သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဆရာဦးမျိုးမင်းဖြစ်ပါတယ်။ နောက်တစ်ဦးကတော့  တိုင်းရင်းသားစည်းလုံးရေးဒီမိုကရေစီပါတီ ကချင်ပြည်နယ် ဥက္ကဌ ဦးခက်ထိန်နန်ဖြစ်ပါတယ်။

ပထမဦးဆုံးအနေနဲ့ ဆရာ ဦးဝင်းထိန်ကို မေးချင်ပါတယ်ခင်ဗျာ။ အဲတော့ ကျွန်တော်တို့ အခုချမှတ်ထားတဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ သတ္တုရေးရာနဲ့ ပတ်သက်ပြီးတော့ ဘာတွေများ ထူးခြားချက်တွေရှိလဲ၊ ပြည်သူလူထုတွေအနေနဲ့ ထူးထူးခြားခြား ဘာတွေများ သိသင့်သလဲဆိုတာကို ပြောပြပေးပါခင်ဗျာ။

ဦးဝင်းထိန်(ညွှန်ကြားရေးမှူးချုပ်-သတ္တုဦးစီးဌာန)

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန

“ကျွန်တော်အနေနဲ့ကတော့ အဓိက ရက် ၁၀၀ စီမံကိန်းအတွင်းမှာလုပ်တဲ့ ပြည်သူတွေ သိသင့်သိထိုက်တယ်ဆိုတဲ့အချက်က သုံးချက်လောက် ရှိပါတယ်။ ပထမအချက်ကတော့ သတ္တုတွင်း ဥပဒေကို ပြီးခဲ့တဲ့ လွှတ်တော်မှာ အတည်ပြုပြီးဖြစ်ပါတယ်။ အဲဒီတော့ ဒီဥပဒေ ဆက်ထုတ်ဖို့အတွက် ကျွန်တော်တို့ ကြိုးစားတဲ့အချိန်မှာ ကျွန်တော်တို့ ပြည်တွင်းက ပညာရှင်တွေ လုပ်ငန်းရှင်တွေ အသိပညာတွေ အတတ်ပညာရှင်တွေကို ကျွန်တော်တို့ သတင်းစာတွေထဲကနေ အကြံဉာဏ်တွေ တောင်းပါတယ်။ ပြီးရင် ပြည်ပနဲ့ပြည်တွင်း အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေရဲ့ အကြံပြုချက်တွေကို ထည့်သွင်းစဉ်းစားအခြေခံပြီး ကျွန်တော်တို့က နည်းဥပဒေမှာ ဆွဲပါတယ်။ ဆွဲပြီးတဲ့အချိန်မှာ ဥပဒေ ပညာရှင်များအဖွဲ့ကို ကျွန်တော်တို့ နည်းဥပဒေကို အပ်ထားပြီးဖြစ်ပါတယ်။ ဒါကတော့ သယံဇာတ ထုတ်လုပ်တဲ့အချိန်မှာ ဥပဒေ ပြင်ဆင်တဲ့အပိုင်းပဲ ဖြစ်ပါတယ်။

နောက်တစ်ပိုင်းက ကျွန်တော်တို့ သယံဇာတနဲ့ ပတ်သက်ပြီးတော့ စည်းကမ်းတကျ ထုတ်လုပ်မှုပဲဖြစ်ပါတယ်။ အဲဒီအပိုင်းပြီးရင် ကျွန်တော်တို့ ကျောက်မျက်နဲ့ သတ္တုဆိုတဲ့ အပိုင်းနှစ်ပိုင်း ရှိပါတယ်။ ကျောက်မျက်ကျတော့ ကျွန်တော်တို့က သားစဉ်မြေးဆက် ထုတ်လုပ်နိုင်ဖို့အတွက် ဘယ်လိုထုတ်လုပ်မလဲဆိုတဲ့ စီမံချက်တွေ ရေးဆွဲနေတာရှိပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ ပြည်ပအဖွဲ့အစည်းတွေဖြစ်တဲ့ အကူအညီကိုယူပြီး နည်းပညာလုပ်ငန်းတွေ နောက်ပြီး ရှာဖွေရေးလုပ်ငန်းတွေ လုပ်နေတဲ့ အပိုင်းရှိပါတယ်။ ဒီအပိုင်းသုံးပိုင်းကို ပြည်သူတွေ သိသင့်တယ်လို့ ထင်ပါတယ်။ ဒါလေးကို တင်ပြလိုပါတယ်။ ”

ဟုတ်ကဲ့ အခု ကျွန်တော် မေးချင်တဲ့မေးခွန်းကတော့ ဆရာ ဦးမျိုးမင်းပါခင်ဗျ။ ဆရာအနေနဲ့က သစ်တောရေးရာ ဦးစီးဌာနဆိုတော့ ကျွန်တော်တို့တိုင်းပြည်က သစ်တောနဲ့ပတ်သက်လို့ သိပ်ပြီး ကြွယ်ဝတဲ့ နိုင်ငံတစ်ခုလို့ ကမ္ဘာက အသိအမှတ်ပြုထားပါတယ်။ အဲတော့ ဒီ ရက် ၁၀၀ အတွင်းမှာရော သစ်တောရေးရာနဲ့ပတ်သက်လို့ ဘာတွေလုပ်ဆောင်ဖို့အတွက် ပြင်ဆင်ထားခဲ့တယ်။ ပြည်သူလူထုတွေအတွက် တကယ့်ကို ထူးထူးခြားခြား သိသင့်သိထိုက်တဲ့ အချက်တွေကို တင်ပြပေးပါလို့ ဖိတ်ခေါ်ပါတယ်။

ဦးမျိုးမင်း (ညွှန်ကြားရေးမှူး - သစ်တောဦးစီးဌာန)

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန

“သစ်တောကဏ္ဍအနေနဲ့ ရက် ၁၀၀ အတွင်းမှာ ဆောင်ရွက်နိုင်မှုကို တင်ပြရမယ်ဆိုရင် ပထမဆုံးကတော့ ဥပဒေပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အဲဒီနေရာမှာ သစ်တောဥပဒေရဲ့ တောရိုင်းတိရိစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနဲ့ သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေတို့ကို ကျွန်တော်တို့ ခေတ်စနစ်နဲ့ လျော်ညီအောင် ကျွန်တော်တို့ ပြင်ဆင်ခဲ့ပါတယ်။

ဒီနေရာမှာလည်း သူ့ရဲ့ သက်ရောက်မှုကို ထိရောက်စေရေးအတွက် ခေတ်နဲ့ မလျော်ညီတော့တဲ့ အရာတွေကို အဓိကထားပြီးတော့ ပြင်ဆင်ခဲ့တယ်။ ဒေသခံပြည်သူတွေရဲ့ အကျိုးစီးပွားတွေကို ထည့်သွင်းစဉ်းစားနိုင်တဲ့အချက်တွေကို ကျွန်တော်တို့ ထည့်သွင်းပြင်ဆင်ခဲ့တာဖြစ်ပါတယ်။  ဒါကတော့ ဥပေဒေ ပြင်ဆင်မှုအပိုင်းပဲဖြစ်ပါတယ်။

ဆက်လက်ပြီး အမိန့်ညွှန်ကြားချက်များ အပိုင်းအနေနဲ့ကတော့ ကျွန်တေ်ာတို့ ထူးထူးခြားခြား ဒေသခံတွေစုဖွဲ့မယ့် သစ်တောလုပ်ငန်းဆိုင်ရာအနေနဲ့ ၁၉၉၅ ခုနှစ်ကတည်းက ပြဌာန်းခဲ့တဲ့အတွက်ကြောင့် နှစ်နှစ်ဆယ်ကျော်နီးပါး ကြာမြင့်လာတဲ့အတွက် ကျွန်တော်တို့ လက်ရှိအခြေအနေနဲ့ ကိုက်ညီအောင် ဒေသခံတွေစုဖွဲ့မယ့် သစ်တောလုပ်ငန်းဆိုင်ရာ လမ်းညွှန်ချက် ပြဌာန်းချက်ကို ၂၀၁၆ သြဂုတ်လအတွင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 နောက်တစ်ခုက ကျွန်တော်တို့ သစ်တောတွေကို အဓိက ဖျက်ဆီးတဲ့နေရာမှာ အဓိက မောင်းနှင်အားဖြစ်တဲ့ စက်လွှတွေကို ထိန်းချုပ်တဲ့ စနစ်ကို ကျွန်တော်တို့ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်ကတည်းက ဒီစက်လွှတွေကို ထိန်းချုပ်မယ့် အမိန့်ညွှန်ကြားချက်တစ်ခုကို ထုတ်ပြန်ကြေညာခဲ့ပေမယ့် တင်သွင်းမှုနဲ့ ဖြန့်ဖြူးရောင်းချမှုကို ကျွန်တော်တို့ ထိန်းချုပ်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

နောက်ထပ် အရေးကြီးတဲ့ ကဏ္ဍကတော့ ကျွန်တော်တို့ သစ်တောတွေ နှစ်စဉ်ထုတ်လုပ်နေတဲ့ သစ်ထုတ်လုပ်မှု ၂၀၁၆-၁၇ မှာ သစ်ထုတ်လုပ်မှုကို တစ်နှစ် ရပ်နားဖို့ ဆုံးဖြတ် ပြဌာန်းနိုင်ခဲ့ပါတယ်။ ၂၀၁၆-၁၇ တစ်နှစ်တည်းအတွက်လားတော့ မဟုတ်ပါဘူး။ နောက် ဆက်လက်ထုတ်လုပ်မယ့် ၁၇-၁၈ ကနေပြီးတော့မှ သစ်ထုတ်လုပ်မှုဆိုရင်လည်း ကျွန်တော်တို့ လုပ်နေတဲ့ သစ်ထုတ်နိုင်စွမ်းအား နှစ်စဉ်ထုတ်လုပ်နိုင်စွမ်း စွမ်းအားကို လျော့ချသွားဖို့အတွက်လည်း ကျွန်တော်တို့ ပြင်ဆင်နိုင်ခဲ့ပါတယ်။ အဓိကအားဖြင့် ပဲခူးရိုးမမှာ ထုတ်လုပ်တဲ့ ကျွန်းရော သစ်ပါ တစ်နှစ်တိတိ ရပ်နားဖို့ ဆုံးဖြတ်နိုင်ခဲ့ပါတယ်။ အဲတော့ ဒီလိုတောတွေ သစ်ထုတ်လုပ်မှုကို သိသိသာသာ လျော့ချမယ့်အပြင် တစ်နှစ်တိတိ ရပ်နားခဲ့တာနဲ့အညီ သစ်တောတွေ ပြုပြင်ထိန်းသိမ်းဖို့အတွက်လည်း ကျွန်တော်တို့ ၁၀ နှစ်စီမံကိန်း ရေးဆွဲ ဆောင်ရွက်နေလျက်ရှိပါတယ်။ ၁၀ နှစ်စီမံကိန်းချမှတ်ပြီး သစ်တောစိုက်ခင်းပေါင်း ဧက ၃ သိန်းခွဲလောက် ကျွန်တော်တို့ ပြန်ဆောက်မယ်။ သဘာဝအပင် ပြန်လည်ထိန်းသိမ်းမယ်။ ကျွန်တော်တို့ ဆက်လက်ပြီးတော့မှ လိုအပ်တဲ့ ဆက်လက်လုပ်ဆောင်ရမယ် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း ကျွန်တော်တို့ Plan ချနိုင်ခဲ့ပါတယ်။ ”

ဟုတ်ကဲ့ ပြီးတော့ ကျွန်တော် ဆရာ ဦးဝင်းထိန်ကို ပြန်သွားချင်ပါတယ်ခင်ဗျ။ ခုနကတုန်းက ဆရာပြောသွားသလိုပါပဲ ကျွန်တော်တို့က ဥပဒေတွေ ရက် ၁၀၀ စီမံချက်တွေချတယ်။ ဘာတွေလုပ်ဆောင်တယ်။ နည်းဥပဒေတွေ ပြန်လည်သုံးသပ်တာ။ ခုနကလို ကျွန်တော်တို့ သစ်တောထုတ်လုပ်မှုကို ကျွန်တော်တို့ ရပ်တန့်ဖို့အတွက် ဆရာတို့ သတ္တုတွင်း ဦးစီးဌာနအနေနဲ့ရော လက်ရှိကာလအတွင်းမှာ ဘာတွေကို အကောင်အထည်ဖော်ပြီး လုပ်ဆောင်နိုင်ခဲ့တယ်ဆိုတာလေးကို ပြောပြပေးပါခင်ဗျ။

ဦးဝင်းထိန်(ညွှန်ကြားရေးမှူးချုပ်-သတ္တုဦးစီးဌာန)

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန

“ကျွန်တော်တို့ ရက် ၁၀၀ စီမံကိန်းကို စဆွဲတဲ့အခါမှာ ကျွန်တော်တို့က ပထမ ဧပြီလထဲမှာ ဆွဲတဲ့ တချို့ဟာတွေက လက်တွေ့မှာ မပါတဲ့အခါမှာ ကျွန်တော်တို့ ထည့်မဆွဲဖြစ်ပါဘူး။ ဝန်ကြီးနဲ့အတူတူ နယ်မြေကို ကွင်းဆင်းတဲ့အချိန်ကျမှ တချို့အချက်တွေမှာ ဒါတွေကို လုပ်သင့်တယ်ထင်ပြီး အကောင်အထည် ဖော်ခဲ့နိုင်တာ ရှိပါတယ်။

ဒါက ဘာလဲဆိုရင် ကျွန်တော်တို့လုပ်မယ့် ဖားကန့်ဒေသကို သွားကြည့်တဲ့အချိန်မှာ ဖားကန့်ဒေသမှာ ဖြစ်ပေါ်နေတဲ့အခြေအနေကို ကြည့်ပြီးတဲ့အချိန်မှာ ပြည်ထောင်စုဝန်ကြီးအနေနဲ့ ဒီဒေသကို ဘာပဲပြောပြော ပေါင်းစည်းခြင်းလုပ်ငန်းတွေကို ပြန်ပြီးတော့ လုပ်ဆောင်ရမယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က လုပ်ရှိလုပ်ကိုင်နေတဲ့ ကျောက်မျက်ရတနာလုပ်ကွက်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ လောလောဆယ် ထုတ်ပြန်နေတာက သက်တမ်းကုန်သွားတဲ့ လုပ်ကွက်တွေကို ရပ်နားမယ်။ ပြီးရင် ဖားကန့်ဒေသမှာ EMP လို့ခေါ်တဲ့ ကုမ္ပဏီတွေကို တင်ဒါခေါ်မယ်။ ထိုနည်းလည်ကောင်းပဲ သတ္တုတွင်းတွေကို သွားပြီးတော့ကြည့်တဲ့အခါမှာ ဝန်ကြီးက ဘာကိုပြောလည်းဆိုတော့ ဒီလိုပဲဆိုရင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းကို အဓိကထားပြီးတော့လုပ်ဖို့ လိုအပ်လိမ့်မယ်။ ဒါကြောင့်မို့ တို့တွေ သတ္တုလုပ်ကွက်အသစ်တွေကို အသစ်ပြန်လည်ပြဌာန်းမယ်။  ဒါတွေ အားလုံးပြိးသွားပြီ အတည်တကျဖြစ်သွားပြီဆိုမှ ကျွန်တော်တို့ လုပ်ကွက်အသစ်တွေကို စပြီးတော့ လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချထားတာ ရှိပါတယ်။ ဒါလေးတွေကို ကျွန်တော်တို့ အထောင်အထည်ဖော်ပြီး နောက်ထပ် ထပ်ပြီးတော့ လုပ်ဆောင်သွားနိုင်မှာဖြစ်ပါတယ်။ ”

( ဤ အစီစဉ်နဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်များ အကျယ်သိရှိလိုပါက https://youtu.be/Pn6_SPnNYkU တွင် အပြည့်အစုံ ကြည့်ရှုနားထောင်နိုင်ပါသည်။…)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required