ထိုင်းနိုင်ငံသို့ သွားရောက်လေ့ကျင့်ရန် မြန်မာ ယူ-၁၈ အသင်း စီစဉ်

ထိုင်းနိုင်ငံသို့ သွားရောက်လေ့ကျင့်ရန် မြန်မာ ယူ-၁၈ အသင်း စီစဉ်
မြန်မာ ယူ-၁၈ အသင်းကို ကိုင်တွယ်မည့် ဂတ်ဆီဇီအား ယူ-၁၈ လူရွေးပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- ရွှေဘုတ်)

ဇူလိုင် ၁၄၊ ရန်ကုန်။ ။ ၂၀၁၆ အာရှ ယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ-၁၈ အသင်းအနေဖြင့် ခြေစစ်ပွဲ မတိုင်ခင် ထိုင်းနိုင်ငံသို့ သွားရောက်လေ့ကျင့်ရန် စီစဉ်သွားမည် ဟု မြန်မာ ယူ-၁၈ အသင်းနည်းပြချုပ် ဂတ်ဇီဆီ ဖရိုင်းဒရစ်က ပြောသည်။

ပြီးခဲ့သည့် နယူးဇီလန် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခဲ့သည့် နည်းပြချုပ် ဖရိုင်းဒရစ်သည် အဆိုပါ မြန်မာ့လက်ရွေးစင် ယူ-၁၈ အသင်းကို နည်းပြချုပ်အဖြစ် တာဝန်ယူဆောင်ရွက်မည် ဖြစ်ပြီး လက်ရှိတွင် ပဏာမ ကစားသမား ၃၀ ဦးရွေးချယ်ရန်အတွက် သုဝဏ္ဏလေ့ကျင့်ရေးကွင်း၌ လူရွေးချယ်မှုများ ပြုလုပ်လျက်ရှိသည်။

“ ကျွန်တော်တို့ အရင်ဆုံး ပဏာမကစားသမား ၃၀ ဦးရွေးချယ်သွားမှာပါ။ ပြီးတာနဲ့ ဒီလာမယ့် အာဆီယံ ယူ-၁၉ ပြိုင်ပွဲအတွက်ရော အာရှ ယူ-၁၉ ခြေစစ်ပွဲအတွက်ရော ပြင်ဆင်သွားမှာပါ။ ဒီပြိုင်ပွဲ နှစ်ခုမတိုင်ခင်ကြားမှာတော့ ထိုင်းကို တစ်ပတ်လောက်သွားပြီး လေ့ကျင့်ပြင်ဆင်သွားမှာပါ။ ဒါ့အပြင် ဒီမြန်မာနိုင်ငံထဲမှာပဲ ယူ-၁၈ အသက်အပိုင်းအခြားဖြစ်တဲ့ အသင်းတွေနဲ့ ဖိတ်ခေါ်ပြိုင်ပွဲလေး လုပ်ဖို့လည်း စီစဉ်သွားမှာပါ။ အဓိကရည်ရွယ်ချက်အနေနဲ့တော့ လက်ရှိမှာ ယူ-၁၉ ခြေစစ်ပွဲအောင်ဖို့ကို အရင်ပြင်ဆင်မှုတွေ ပြုလုပ်သွားမှာပါ ” ဟု ဂတ်ဇီဆီ ဖရိုင်းဒရစ်က ပြောသည်။

မြန်မာ့လက်ရွေးစင် ယူ-၁၈ အသင်းသည် လာမည့် သြဂုတ်လတွင် လာအိုနိုင်ငံ၌ ကျင်းပပြုလုပ်မည့် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲနှင့် စက်တင်ဘာလတွင် အိမ်ရှင်အဖြစ် မြန်မာနိုင်ငံတွင် လက်ခံကျင်းပမည့် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲ တို့ကို ဝင်ရောက်ယှဉ်ပြိုင် ကစားသွားမည် ဖြစ်သည်။ အာဆီယံ ယူ-၁၉ ပြိုင်ပွဲတွင် မြန်မာ ယူ-၁၈ အသင်းသည် ဗီယက်နမ်၊ စင်ကာပူ၊ တီမော၊ မလေးရှား စသည့်အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိပြီး အာရှ ယူ-၁၉ ခြေစစ်ပွဲတွင်မူ ဗီယက်နမ်၊ ဟောင်ကောင်၊ တီမော၊ ဘရူနိုင်း စသည့်အသင်းများ တစ်အုပ်စုတည်း ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required