ဒေါ်အောင်ဆန်းစုကြည် Asia Society တွင် မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးနှင့် အနာဂတ်နှင့် ပတ်သက်ပြီး မိန့်ခွန်းပြောမည်

ဒေါ်အောင်ဆန်းစုကြည် Asia Society တွင် မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးနှင့် အနာဂတ်နှင့် ပတ်သက်ပြီး မိန့်ခွန်းပြောမည်

အမေရိကန်သို့ ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၂၁ ရက်၌ နယူးယောက်ရှိ Asia Society Policy Institute တွင် မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးနှင့် အနာဂတ်နှင့် ပတ်သက်ပြီး မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၇ ရက်က Asia Society ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

၇၁ ကြိမ်မြောက် ကုလသမဂ္ဂညီလာခံ ပြင်ပ၌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခုကဲ့သို့ မိန့်ခွန်းပြောကြားရန် အစီအစဉ်ရှိခြင်းဖြစ်သည်။

Asia Society Policy Institute အဖွဲ့သည် ၂၀၀၉ ခုနှစ်မှစကာ မြန်မာ့ဒီမိုကရေစီအတွက် အထောက်အကူပြုရန် မြန်မာနိုင်ငံနှင့် အခြားနိုင်ငံများကြား ဆက်ဆံရေးခိုင်မာစေရေး လုပ်ကိုင် ဆောင်ရွက် ခဲ့သည်။ ၂၀၁၂ စက်တင်ဘာလက နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး အမေရိကန်ခရီးစဉ်တွင်လည်း ဝါရှင်တန်ဒီစီ၌ Asia Society နှင့် U.S Institute of Peace တို့က ကမကထ ပြုခဲ့ခြင်းလည်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် အဆိုပါ မိန့်ခွန်းပြောကြားမှုကို ရန်ကုန်စံတော်ချိန် စက်တင်ဘာ ၂၂ ရက် နံနက် ၄ နာရီတွင် Asia Society .org တွင် တိုက်ရိုက်တင်ဆက်ထားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required