မြို့တော်ဝန်ဖြစ်ခဲ့စဉ်က ပြစ်မှုကျူးလွန်သူ ထောင်ပေါင်းများစွာကို သတ်ပစ်ရန် စေခိုင်းခဲ့သည်ဆိုသည့် သတင်းများကြောင့် ဖိလစ်ပိုင် သမ္မတကို စုံစမ်းစစ်ဆေးရန် တောင်းဆိုမှုများ ရှိနေ

မြို့တော်ဝန်ဖြစ်ခဲ့စဉ်က ပြစ်မှုကျူးလွန်သူ ထောင်ပေါင်းများစွာကို သတ်ပစ်ရန် စေခိုင်းခဲ့သည်ဆိုသည့် သတင်းများကြောင့် ဖိလစ်ပိုင် သမ္မတကို စုံစမ်းစစ်ဆေးရန် တောင်းဆိုမှုများ ရှိနေ

စက်တင်ဘာ ၁၆ ။                   ။ ဖိလစ်ပိုင်၏ လက်ရှိ သမ္မတ ရိုဒရီဂို ဒူတာတေးမှာ မြို့တော်ဝန်ဘဝက ၎င်း၏ ယှဉ်ပြိုင်ဘက်များနှင့် သံသယရှိ ပြစ်မှုကျူးလွန်သူများကို သတ်ဖြတ်ပစ်ရန် လက်မရွံ့တပ်ဖွဲ့ကို စေခိုင်းခဲ့သည်ဟု လက်မရွံ့အဖွဲ့ဝင်ဟောင်းတစ်ဦးက ဖွင့်ချထွက်ဆိုခဲ့ပြီး နောက်ပိုင်း သမ္မတကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားရန် တောင်းဆိုမှုများ ရှိနေသည်။

ဒုစရိုက်သမားများကို သုတ်သင်ရှင်းလင်းရန် သမ္မတက အဖွဲ့တစ်ခုဖွဲ့စည်း တာဝန်ပေးခဲ့ကြောင်း၊ ယင်းအဖွဲ့သည် ၁၉၈၈ ခုနှစ် နှင့် ၂၀၁၃ ခုနှစ်ကြား မစ္စတာဒူတာတေး၏ စေခိုင်းချက်အရ ဒါဗာအိုမြို့တွင်ပင် လူပေါင်း ၁,၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ရကြောင်း ယင်းအဖွဲ့တွင် ကိုယ်တိုင်ပါဝင်သူ တစ်ဦးက လွှတ်တော်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

" ဖိလစ်ပိုင် သမ္မတအပေါ် စွဲချက်တွေ ရှိနေပါတယ်၊ အဲဒီစွဲချက်တွေ အားလုံးကို ကျွန်တော်တို့ ခုအသေအချာ စစ်ဆေးသုံးသပ်နေပါတယ်" ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာ့ခ်တိုနာက ပြောသည်။

မစ္စတာ ဒူတာတေးမှာ ဒါဗာအိုမြို့တော်ဝန်အဖြစ် နှစ် ၂၀ ကျော်ကြာ တာဝန်ယူခဲ့စဉ် ကာလက ယင်းကဲ့သို့ ဒုစရိုက်သမားများကို သတ်ဖြတ်ပစ်ရန် ကြမ်းကြမ်းတမ်းတမ်း စေခိုင်းအုပ်ချုပ်ခဲ့ခြင်းက ယခု ၎င်းသမ္မတဖြစ်လာချိန် ယင်းကဲ့သို့ ရာဇဝတ်သမား သတ်ဖြတ်ရေးဖြစ်စဉ်က နိုင်ငံတစ်ဝန်း ပုံသေကားချပ် တစ်ခုကဲ့သို့  ဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း ဝေဖန်သူများက ပြောသည်။

ယခုအခါ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကလည်း ယင်းစွဲချက်များနှင့်ပတ်သက်၍ ကုလသမဂ္ဂကို စုံစမ်းစစ်ဆေး ခွင့်ပေးရန် မနီလာအစိုးရကို တောင်းဆိုခဲ့သည်ဟု သိရသည်။

" သမ္မတ ဒူတာတေးအနေနဲ့ ခုလို သူ့ကိုယ် စုံစမ်းစစ်ဆေးလာမယ်လို့ မျှော်လင့်ထားမှာတော့မဟုတ်ပါဘူး၊ ဒါပေမယ့်လည်း ကုလသမဂ္ဂအနေနဲ့တော့ ဒီလိုမျိုး ကိစ္စကို စုံစမ်းစစ်ဆေးဖို့ လုပ်ဆောင် ရပါလိမ့်မယ်" ဟု လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့မှ အာရှဒေသဆိုင်ရာ ဒါရိုက်တာ ဘရက်ဒ် အာဒမ်စ်က ပြောသည်။

အထက်ပါစွပ်စွဲချက်များနှင့်ပတ်သက်၍ ဖိလစ်ပိုင်သမ္မတက ယခုထက်ထိ တုန့်ပြန်ခြင်းမရှိသေးသည့်အချိန် ၎င်း၏ လက်ထောက်များကမူ ယင်းစွဲချက်အားလုံးကို ငြင်းဆန်ထားခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required