တိုင်ဖုန်းမုန်တိုင်း မာရန်တီကြောင့် တရုတ်တွင် ၁၆ ဦးထက်မနည်း သေဆုံးခဲ့ဖွယ်ရှိ

တိုင်ဖုန်းမုန်တိုင်း မာရန်တီကြောင့် တရုတ်တွင် ၁၆ ဦးထက်မနည်း သေဆုံးခဲ့ဖွယ်ရှိ

စက်တင်ဘာ ၁၆ ။           ။ အင်အားပြင်း တိုင်ဖုန်းမုန်တိုင်း မာရန်တီ စက်တင်ဘာလ ၁၅ ရက်က တရုတ်နိုင်ငံတွင် ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် ယခုအခါ အနည်းဆုံး လူ ၁၆ ဦး သေဆုံးသွားဖွယ်ရှိကြောင်း တရုတ်အာဏာပိုင်များက ပြောသည်။ နိုင်ငံအရှေ့ပိုင်း ကမ်းရိုးတန်းတွင် ဝင်ရောက်တိုက်ခတ်ခဲ့သော မုန်တိုင်းကြောင့် ရှေ့ဟောင်း တံတားတစ်စီးလည်း ကျိုးကျပျက်စီးခဲ့ရသည်ဟု သိရသည်။

ယခုနှစ်အတွင်း ကမ္ဘာပေါ်တွင် အင်အားအပြင်းထန်ဆုံးမုန်တိုင်းဟု ပြောဆိုနေကြသည့် အဆိုပါ မာရန်တီ တိုင်ဖုန်းမုန်တိုင်းကြောင့် စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းအထိ သေဆုံးသူ ဦးရေ ခုနစ်ဦးထိ ရှိခဲ့ပြီဖြစ်ကြောင်း ပြည်သူ့ရေးရာ ဝန်ကြီးဌာနက ထုတ်ပြန်သည်။

အလားတူ အခြား လူကိုးဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်းနှင့် ၎င်းတို့ရှင်သန်နိုင်ရေး မျှော်လင့်ချက် မှေးမှိန်နေပြီဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။ မုန်တိုင်းကြောင့် ဒေသခံ ၃၃၀,၀၀၀ ကျော်ကို ပြန်လည်နေရာချထားပေးမှုများ လုပ်ဆောင်ပေးနေရကြောင်း ယင်းဝန်ကြီးဌာနက ထုတ်ပြန်သွားသည်။

အစောပိုင်းက ထိုင်ဝမ်တောင်ပိုင်းဒေသသို့ ဦးစွာဖြတ်သန်းတိုက်ခတ်ခဲ့သော တိုင်ဖုန်းမုန်တိုင်း မာရန်တီသည် တရုတ်နိုင်ငံသို့ ဝင်ရောက်လာခဲ့ပြီး စက်တင်ဘာ ၁၅ ရက်အစောပိုင်းက မိုးပြင်းများ ကျရောက်ခြင်းနှင့် တစ်နာရီ လေတိုက်နှုန်း ၁၀၅ မိုင် (၁၇၀ ကီလိုမီတာ) ခန့်ဖြင့် တိုက်ခတ်ခဲ့ကြောင်း သိရသည်။

မုန်တိုင်းနှင့် အတူ ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ရာ ယုံချန်ကောင်တီဒေသရှိ ထိန်းသိမ်းထားသော အမွေအနှစ်တစ်ခုဖြစ်သော သက်တမ်းပေါင်း ၈၇၁ ရှိ ရှေ့ဟောင်းတံတားတစ်စင်းလည်း ပြိုကျသွားခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required