မလေးရှားနိုင်ငံ မြန်မာသံရုံးတွင် လူထုဆက်ဆံရေး သံအရာရှိ ခန့်အပ်

မလေးရှားနိုင်ငံ မြန်မာသံရုံးတွင် လူထုဆက်ဆံရေး သံအရာရှိ ခန့်အပ်

ရန်ကုန်၊ ဇူလိုင် ၁၃ ။        ။ မလေးရှားနိုင်ငံရောက် မြန်မာ အလုပ်သမားများ၏ အခက်အခဲကို ကူညီဖြေရှင်းပေးရန် မလေးရှား နိုင်ငံ၊ ကွာလာလမ်ပူမြို့၊ မြန်မာသံရုံးတွင် လူထုဆက်ဆံရေးသံအရာရှိ တစ်ဦး ခန့်အပ်တာဝန်ပေးထားသည် ဟု မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံး  လူမှုကွန်ရက် စာမျက်နှာတွင် ဇူလိုင် ၁၃ ရက်က ဖော်ပြ ထားသည်။

ယင်းထုတ်ပြန်ချက်တွင် မလေးရှားနိုင်ငံရောက် မြန်မာ အလုပ်သမားများက ဗီဇာသစ် လျှောက်ထားခြင်း၊  သက်သေခံ လက်မှတ်ပျောက်ဆုံး၊ ပျက်စီးခြင်းတို့ကို သံအမတ်ကြီးဦးဆောင်ပြီး သံရုံးဝန်ထမ်းများက ကူညီ ဖြေရှင်းပေးနေပြီး အလုပ်သမားများ လုပ်ငန်းခွင်တွင် ဖြစ်ပေါ်နေသော အခက်အခဲများကို ဖြေရှင်းပေးရန် အလုပ်သမား သံအရာရှိများ ကဆောင်ရွက်ပေးနေသည်ဟု ပါဝင်သည်။

အဆိုပါ လုပ်ငန်းများ ပိုမိုတွင်ကျယ်စေရန်နှင့် သံရုံးသို့ လာရောက်ကြသူများ၏ လိုအပ်ချက် များ၊ အခက် အခဲများ လျော့ပါးစေရန် ရည်ရွယ်၍ လူထုဆက်ဆံရေး သံအရာရှိကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့   မြန်မာသံရုံး ခန့်အပ်ထားသည် ဟုရေးသားထား သည်။   

အဆိုပါ လူထုဆက်ဆံရေးသံအရာရှိ(Diplomatic and Public Relation Officer) ကို ခန့်အပ်ထားပြီး သံရုံးကောင်စစ်ဝင်း အတွင်း (Information Counter) တွင် ဇွန် ၂၉ ရက်က စ၍  ရုံးခန်းဖွင့်လှစ်ထားသည်ဟုလည်း ထုတ်ပြန်ချက် တွင်ဖော်ပြထား သည်။  

လူထုဆက်ဆံရေးသံအရာရှိက  နေ့စဉ် သံရုံးသို့ လူကိုယ်တိုင် လာရောက်အကူအညီ တောင်းခံကြသူများ အား တိုက်ရိုက်တွေ့ဆုံ အကူအညီပေးခြင်း အရေးပေါ်ဖုန်းမှတစ်ဆင့် အကူအညီ တောင်းခံကြသူများအား လမ်းညွှန်အကြံပေးခြင်းများ ကိုဆောင်ရွက် မည်ဖြစ်ပြီးမြန်မာသံရုံး၏ လက်ရှိဆောင်ရွက်နေသော သတင်းအချက်အလက်များကို မျှဝေပေးခြင်းလည်းဆောင်ရွက် သွားမည် ဟုထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။

သို့ဖြစ်သောကြောင့် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများသည် သံရုံးနှင့် ထိတွေ့ဆက်ဆံရမည့် လုပ်ငန်းများနှင့် ပတ်သက် ပြီးသိလိုသည့် သတင်းအချက်အလက်များ၊ အခက်အခဲများကို လူထုဆက်ဆံရေး သံအရာရှိထံ လူကိုယ်တိုင်လည်းကောင်း၊ သံရုံး ၏ အရေးပေါ်ဖုန်းနံပါတ် သို့လည်းကောင်း ဆက်သွယ်၍ တွေ့ဆုံဆွေးနွေးတိုင်ပင်နိုင်ပြီး အခြေအနေအရ လိုအပ်ပါက အဆိုပါ လူထုဆက်ဆံရေး သံအရာရှိက သံရုံး အကြီးအကဲထံ အဆင့်ဆင့်တင်ပြပြီး အမြန်ဆုံး အဖြေရှာ ညှိနှိုင်းဆောင်ရွက်ပေး သွားမည် ဟုလည်း ပါဝင်သည်။

မလေးရှားနိုင်ငံတွင်း အလုပ်လုပ်ကိုင် နေကြသော မြန်မာ အလုပ်သမားများသည် လုပ်ငန်းခွင် အခက်အခဲ များရှိပြီး သံရုံးသို့ အကူညီတောင်းခံပါက အဆိုပါ ပြဿနာများ အားလုံးကို ဖြေရှင်းပေးနိုင်မည် မဟုတ်ဟု  မလေးရှားနိုင်ငံ ပီနန်းမြို့တွင် သွားရောက် အလုပ်လုပ်ကိုင်နေသည့် ကိုနေမင်းကိုကို က မဇ္ဈိမကို ပြောသည်။

၎င်းက "ကျွန်တော်အထင်တော့ သံရုံးတွေက ပါးစပ်နဲ့တော့ ကူညီတာပေါ့၊ သံရုံးရှေ့မှာ အခက်အခဲရှိလို့ ဆန္ဒပြတော့မြန်မာတွေ အခက်အခဲရှိရင် ဖုန်းနံပါတ်တွေ ပေးခဲ့လို့ တောင်းတယ်။  လုပ်ငန်းခွင်မှာ တကယ် ပြဿနာ ရှိလို့် ဖုန်းဆက်ရင် လာခဲ့မယ်လို့ပြော တယ်။ အချိန်နဲ့ တပြေးညီ ဖြေရှင်းမှု မရှိခဲ့တော့ ကိုယ်နည်း ကိုယ်ဟန်နဲ့ ဖြေရှင်းလိုက်ရတယ်"ဟု ပြောသည်။

အကူအညီတောင်းခံလိုသူများသည် တိုက်ရိုက်၊ သို့မဟုတ် အရေးပေါ်ဖုန်း မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့ +၆၀၁ ၇၃၄၇ ၆၇၂၆ သို့ဆက်သွယ်၍ အကူညီတောင်းခံနိုင်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly