ကရင်ပြည်နယ်အတွင်း မြေမြုပ်မိုင်းရှင်းမည့် နေရာများကို ၈ ကြိမ်မြောက် JMC-U အစည်းဝေးတွင် ဆုံးဖြတ်မည်

ကရင်ပြည်နယ်အတွင်း မြေမြုပ်မိုင်းရှင်းမည့် နေရာများကို ၈ ကြိမ်မြောက် JMC-U အစည်းဝေးတွင် ဆုံးဖြတ်မည်

ကရင်ပြည်နယ်တွင် မြေမြုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းများစတင်ရန် တပ်မတော် ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့ ဆွေးနွေးခဲ့ကြပြီး နောက်တစ်ကြိမ်ကျင်းပမည့် JMC-U အစည်းဝေးတွင် မိုင်းရှင်းလင်းမည့် နေရာများကို သတ်မှတ်သွားမည်ဟု ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ဝဏ္ဏအောင်က မဇ္ဈိမကိုပြောသည်။

" ကရင်ပြည်နယ်ကိုတော့ အဓိကထားပြီးတော့ ဆောင်ရွက်ဖို့ ဆွေးနွေးလိုက်တာပါ။ သူတို့အချင်းချင်း ပြန်ဆွေးနွေး ပြီးတော့မှဘဲ ရှေ့လာမယ့် JMC-U အစည်းဝေးမှာ (မိုင်းရှင်းရေး လုပ်မည့်   နေရာများကို) ပြန်လည် ဆွေးနွေးကြမယ်လို့ သဘောတူခဲ့ကြပါတယ် " ဟု ပြောသည်။

မိုင်း ရှင်းလင်းရေးလုပ်ငန်းများ လုပ်ပါက ပြည်ပမှ နည်းပညာပိုင်း အထောက်ကူ ရယူသွားမှာဖြစ်ပြီး တပ်မတော်နှင့် လက်နက်ကိုင် အဖွဲ့အစည်းများ ပူးပေါင်းလုပ်ခြင်းကြောင့် အခက်ခဲကြုံစရာ မရှိနိုင် ဟုလည်း ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြောသည်။ “နှစ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းလုပ်မှာဖြစ်လို့ မိမိတို့ထောင်တဲ့မိုင်း မိမိတို့သိမှာပါ အခက်ခဲတော့ မရှိနိုင်ပါဘူး ဟု ပြောသည်။

မည်သည့်နေရာ၊ မည်သည့်အချိန်တွင် စတင်ရှင်းလင်းဆောင်ရွက်မည်ကို တိတိကျကျပြောရန် မဖြစ်နိုင်သေးကြောင်း ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်ဆဲရေးဆိုင်ရာ ပူးတွဲ့စောင့်ကြည့်ရေးကော်မတီ (JMC-U) ဒုဥက္ကဌ (၁) ဗိုလ်ချုပ် စောအိုင်းဇက်ဖိုး ကပြောသည်။

" အခုကတော့ အောက်ခြေမှာ သူ့နားလည်မှုနဲ့သူလုပ်နေတာရှိတယ်။ သူ့အတိုင်းအတာနဲ့ မိုင်းနဲ့ပက်သက်ပြီး ထိတွေ့မှုမရှိအောင်တော့ အောက်ခြေမှာ သူ့ဟာသူလုပ်နေတာလေးတွေရှိပါတယ်။ အထူးသဖြင့် ဒုက္ခသည်တွေ ပြန်ဝင်လာတဲ့ နေရာတွေကိုတော့ ဦးစားပေးပြီးတော့ရှင်းရမှာပါ " ဟုပြောသည်။

ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် စတင်ဘာလ ၁၅ရက် ကျင်းပသည့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်ဆဲရေးဆိုင်ရာ ပူးတွဲ့စောင့်ကြည့်ရေးကော်မတီ (JMC-U) ၇ ကြိမ်မြောက်အစည်းဝေး အပြီးတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ကော်မရှင်မှ တိုင်းနှင့်ပြည်နယ်အဆင့် အပစ်ခတ်တိုက်ခိုက်မှု ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) များကို လည်း ဖွင့်လှစ်ထားရှိလျှက်ရှိသည်။ တိုင်းနှင့်ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) သည် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များ၏ ပစ်ခတ်မှုအခြေနေများကို စောင့်ကြည့်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required