ပြည်ခိုင်ဖြိုးပါတီ အမတ်လောင်းစာရင်းတွင် သမ္မတဦးသိန်းစိန် မပါဝင်ဟုဆို

ပြည်ခိုင်ဖြိုးပါတီ အမတ်လောင်းစာရင်းတွင် သမ္မတဦးသိန်းစိန် မပါဝင်ဟုဆို

နေပြည်တော် (မဇ္ဈိမ) ။ ။ ယခုနှစ် နိုဝင်ဘာ ၈ရက်တွင် ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် အာဏာရပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် အမတ်လောင်းစာရင်းတွင် လက်ရှိ သမ္မတ ဦးသိန်းစိန် မပါဝင်ဟု ပါတီ၏ ဗဟိုကော်မတီဝင် ကန်ပက်လက်မြို့နယ်မှ ပြည်သူ့လွှတ်တော် အမတ် သူရဦးအောင်ကိုက ပြောဆိုလိုက်သည်။  

ပါတီ၏ အမတ်လောင်း အဆိုပြုစာရင်းတွင် သမ္မတဦးသိန်စိန် ပါဝင်ခြင်းရှိ၊ မရှိ သတင်းထောက်များ၏ မေးမြန်းမှု အပေါ် “အခုထိ မပါသေးပါဘူး” ဟု သူရဦးအောင်ကိုက ဇူလိုင် ၁၃တွင်ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်း အဝေးအပြီး ပြောဆိုခဲ့ခြင်းဖြစ်သည်။

အာဏာရပါတီအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် အမတ်လောင်းများကို စတင် စိစစ်နေပြီဖြစ်သည်။

 ဦးသိန်းစိန်အနေဖြင့် ပါတီသို့ ပြန်လာမည်ဆိုပါက  ပါတီက ပြန်လည်လက်ခံမည်ဖြစ်သော်လည်း ပါတီဥက္ကဌ ရာထူးအတွက်ကိုမူ “၂၀၁၅အကုန်၊ ၂၀၁၆မှာ တတိယအကြိမ် ပါတီဗဟိုညီလာ ခံကျင်းပ တဲ့အခါ ပါတီဝင်ထုရဲ့ သဘောထားဆန္ဒနဲ့အညီ ပြန်လည် ရွေးကောက်ခံရမှာ” ဟု သူရဦးအောင်ကိုက ဆိုသည်။

 ပြည်သူလူထုက ဆန္ဒရှိမည်ဆိုပါက  ဒုတိယသက်တမ်းတွင် ပြန်လည် အရွေးခံမည်ဟု သမ္မတ ဦးသိန်းစိန်က ဂျပန်သတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် ပြောဆိုထားသည်။

သမ္မတဦးသိန်းစိန်သည် ၂၀၁၀ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ အဖြစ် နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး သမ္မတအဖြစ် ရွေးချယ် ခံရပြီးနောက် ပါတီဥက္ကဌအဖြစ် သူရဦးရွှေမန်းအား လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၄တွင် “နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတ များအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်နေ့မှစ၍ မိမိတို့ရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွခြင်းမပြုရ” ဟု ပြဌာန်းထားခြင်း ကြောင့်ဖြစ်သည်။
 
သမ္မတဦးသိန်းစိန်အနေဖြင့် ပြည်ခိုင်ဖြိုးပါတီအမတ်လောင်းစာရင်းတွင် ပါဝင်ခြင်းမရှိသလို ၎င်း၏ နိုင်ငံရေးအကြံပေးအဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သော ဒေါက်တာနေဇင်လတ်ထူထောင်လိုက်သည့် အမျိုးသားတိုးတက်ရေးပါတီနှင့် လုံးဝပတ်သက်ခြင်းမရှိဟု အတိအလင်း ကြေငြာချက် ထုတ်ပြန်ထားသေးသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required