မလေးရှားနိုင်ငံ မြန်မာသံရုံးတွင် လူထုဆက်ဆံရေးသံအရာရှိ ခန့်အပ်

မလေးရှားနိုင်ငံ မြန်မာသံရုံးတွင် လူထုဆက်ဆံရေးသံအရာရှိ ခန့်အပ်

ရန်ကုန် (မဇ္ဈိမ) ။ ။ မလေးရှားနိုင်ငံရောက် မြန်မာ အလုပ်သမားများ၏ အခက်အခဲကို ကူညီဖြေရှင်းပေးရန် အတွက် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ မြန်မာသံရုံးတွင် လူထုဆက်ဆံရေးသံအရာရှိ တစ်ဦး ခန့်အပ် တာဝန်ပေးထားသည် ဟု  မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံး  လူမှုကွန်ယက် စာမျက်နှာတွင်  ဇူလိုင် ၁၃ ရက်က ဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက်တွင်  မလေးရှားနိုင်ငံရောက် မြန်မာ အလုပ်သမားများအနေဖြင့် ဗီဇာအသစ် လျှောက်ထားခြင်း၊ သက်သေခံလက်မှတ် ပျောက်ဆုံး၊ ပျက်ဆီးခြင်းတို့ကို သံအမတ်ကြီးဦးဆောင်ပြီး သံရုံး ဝန်ထမ်းများက ကူညီဖြေရှင်းပေးနေပြီး အလုပ်သမားများ လုပ်ငန်းခွင်တွင် ဖြစ်ပေါ်နေသော အခက်အခဲများကို ဖြေရှင်းပေးရန်အတွက် အလုပ်သမား သံအရာရှိများက ဆောင်ရွက်ပေးနေသည်ဟု ပါဝင်သည်။

အဆိုပါ လုပ်ငန်းများ ပိုမိုတွင်ကျယ်စေရန်နှင့် သံရုံးသို့ လာရောက်ကြသူများ၏ လိုအပ်ချက်များ၊ အခက်အခဲများ လျော့ပါးစေရန် အတွက် ရည်ရွယ်၍ လူထု ဆက်ဆံရေးသံအရာရှိကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မြန်မာသံရုံး ခန့်အပ်ထားသည်ဟု ရေးသားထားသည်။   

အဆိုပါ  လူထုဆက်ဆံရေးသံအရာရှိ (Diplomatic and Public Relation Officer) ကို ခန့်အပ်ထားပြီး သံရုံး ကောင်စစ်ဝင်းအတွင်း (Information Counte) တွင် ဇွန် ၂၉ ရက်ကစ၍  ရုံးခန်း ဖွင့်လှစ်ထားသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

လူထုဆက်ဆံရေးသံအရာရှိက နေ့စဉ် သံရုံးသို့ လူကိုယ်တိုင် လာရောက်အကူအညီ တောင်းခံကြ သူများအား တိုက်ရိုက်တွေ့ဆုံအကူအညီပေးခြင်း အရေးပေါ်ဖုန်းမှတစ်ဆင့် အကူအညီ တောင်းခံကြ သူများအား လမ်းညွှန်အကြံပေးခြင်းများကို ဆောင်ရွက်မည် ဖြစ်ပြီး မြန်မာသံရုံး၏ လက်ရှိ ဆောင်ရွက်နေသော သတင်းအချက်အလက်များကို မျှဝေပေးခြင်းလည်း ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့ဖြစ်သောကြောင့် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် သံရုံးနှင့် ထိတွေ့ဆက်ဆံရမည့် လုပ်ငန်းများနှင့် ပတ်သက်ပြီး သိလိုသည့် သတင်းအချက်အလက်များ၊ အခက်အခဲများကို လူထုဆက်ဆံရေး သံအရာရှိထံ လူကိုယ်တိုင်လည်းကောင်း၊ သံရုံး၏ အရေးပေါ်ဖုန်းနံပါတ် သို့လည်းကောင်း ဆက်သွယ်၍ တွေ့ဆုံဆွေးနွေးတိုင်ပင်နိုင်ပြီး အခြေအနေအရ လိုအပ်ပါက အဆိုပါ လူထု ဆက်ဆံရေး သံအရာရှိက သံရုံးအကြီးအကဲထံ အဆင့်ဆင့်တင်ပြပြီး အမြန်ဆုံး အဖြေရှာညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဟုလည်း ပါဝင်သည်။

မလေးရှားနိုင်ငံတွင်း အလုပ်လုပ်ကိုင် နေကြသော မြန်မာ အလုပ်သမားများအနေဖြင့် လုပ်ငန်းခွင် အခက်အခဲများရှိပြီး သံရုံးသို့ အကူညီတောင်းခံပါက အဆိုပါ ပြဿနာများ အားလုံးကို ဖြေရှင်းပေးနိုင်မည် မဟုတ်ဟု မလေးရှားနိုင်ငံ ပီနန်းမြို့တွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် ကိုနေမင်းကိုကို က မဇ္ဈိမကိုပြောသည်။

ကိုနေမင်းကိုကိုက "ကျွန်တော်အထင်တော့ သံရုံးတွေက ပါးစပ်နဲ့တော့ ကူညီတာပေါ့၊ သံရုံးရှေ့မှ  အခက်ခဲရှိလို့ ဆန္ဒပြတော့  မြန်မာတွေ အခက်ခဲရှိရင် ဖုန်းနံပါတ်တွေပေးခဲ့လို့ တောင်းတယ်။  လုပ်ငန်းခွင်မှာ တကယ်ပြသာနာ ရှိလို့် ဖုန်းဆက်ရင် လာခဲ့မယ်လို့ပြောတယ်။ အချိန်နဲ့ တပြေးညီ ဖြေရှင်းမှုမရှိခဲ့တော့ ကိုယ်နည်းကိုယ်ဟန်နဲ့ ဖြေရှင်းလိုက် ရတယ်"ဟု  ပြောသည်။

အကူညီတောင်းခံလိုသူများ အနေဖြင့် တိုက်ရိုက်သို့မဟုတ်  အရေးပေါ်ဖုန်း မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့ +၆၀၁ ၇၃၄၇ ၆၇၂၆  သို့ဆက်သွယ်၍ အကူညီတောင်းခံနိုင်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags