မဲစာရင်းတွင် အမှားများနေသည့်အတွက် ရွေးကောက်ပွဲ သုံးလနောက်ဆုတ်ပေးရန် တောင်သူလယ်သမားဖွံ့ဖြိုးရေးပါတီ စာပို့

မဲစာရင်းတွင် အမှားများနေသည့်အတွက် ရွေးကောက်ပွဲ သုံးလနောက်ဆုတ်ပေးရန် တောင်သူလယ်သမားဖွံ့ဖြိုးရေးပါတီ စာပို့
ကော့မှူးမြို့တွင် မဲစာရင်း သွားရောက်ကြည့်ရှုသည့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-သက်ကို)

ရန်ကုန် (မဇ္ဈိမ) ။ ။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများတွင် အမှားများနေသည့်အတွက် ရွေးကောက်ပွဲ ကာလကို သုံးလနောက်ဆုတ်ပေးရန် တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ဇူလိုင်လ ၁၃ ရက် ရက်စွဲဖြင့် စာပေးပို့လိုက်သည်ဟု ပါတီ၏ ပြန်ကြားရေး တာဝန်ခံ ဦးကျော်မင်းက မဇ္ဈိမကိုပြောသည်။

ဦးကျော်မင်းက “ဒီနေ့မှ တင်တာပါ။ အဓိကက မဲစာရင်းမှားနေလို့ပဲ။ မဲစာရင်းမှားနေတော့ ပုစ္ဆာမှားရင် အဖြေလည်း အမှားပဲ ထွက်လာမှာလေ။ မှန်ကန်တဲ့အဖြေမရရင် တိုင်းပြည်နစ်နာမှာစိုးလို့ပါ။ ရန်ကုန်တိုင်းဒေသကြီးမှာပဲ မဲစာရင်းက ၅၅ရာခိုင်နှုန်းကျော် မှားတယ်လို့ကြားတယ်။” ဟုပြောသည်။

မဲစာရင်းမှားယွင်းမှုအတွက် ရွေးကောက်ပွဲကို သုံးလနောက်ဆုတ်သင့်ပြီး ယင်းကာလအတွင်း မဲစာရင်းမှန်ကန်စေရန် ပြင်ဆင်ကာ လိုအပ်ပါက ပါတီများကလည်း ပူးပေါင်းဆောင်ရွက်သင့်သည်ဟု ၎င်းကဆိုသည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ရက်တွင် ပြုလုပ်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင် ၈ ရက်က ကြေငြာထားပြီးဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးညွှန့်တင်က ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်ကို ဇူလိုင်လ ၂၀ ရက်က စတင်၍ ၁၄ရက်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြရမည်ဟု မဇ္ဈိမကိုဖြေကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required