ရီးယဲလ်ဂန္ထဝင်ဂိုးသမား ကာဆီးလက်စ်ရဲ့ အံ့အားသင့်ဖွယ်ရာ စွမ်းဆောင်မှုများ

ရီးယဲလ်ဂန္ထဝင်ဂိုးသမား ကာဆီးလက်စ်ရဲ့ အံ့အားသင့်ဖွယ်ရာ စွမ်းဆောင်မှုများ

မက်ဒရစ်၊ ဇူလိုင် ၁၃။ ။ ရီးယဲလ်အသင်းရဲ့ သမိုင်းမှာ အမြဲတမ်း အမှတ်ရနေရမယ့် ဂိုးသမား ကာဆီးလက်စ်ကတော့ ပေါ်တိုအသင်းဆီကို ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ ထိပ်တန်းဂိုးသမားတစ်ဦးအဖြစ် လက်စွမ်းပြနေနိုင်ဆဲဖြစ်ပေမယ့် အသက် ၃၄ နှစ်ဆိုတဲ့ အရွယ်က ကစားသမားတစ်ဦးအတွက် အကောင်းဆုံးအသက်အရွယ်မဟုတ်တော့ပါဘူး။

ရီးယဲလ်လို အမြင့်ဆုံးအောင်မြင်မှုတွေကို အမြဲတမ်းအလိုရှိနေတဲ့ အသင်းအတွက် ကာဆီးလက်စ်ကို နံပါတ်တစ်အဖြစ် ဆက်လက်အာမခံမထားနိုင်တော့တာက မဆန်းကျယ်လှပါဘူး။ ဒါကြောင့် ကာဆီးလက်စ်က သူ့အတွက် အကောင်းဆုံးဖြစ်နိုင်မယ့် ပေါ်တိုကို ရွေးချယ်သွားခဲ့တာ ဖြစ်ပါတယ်။ ပေါ်တိုအသင်းက ကာဆီးလက်စ်ကို ၂ နှစ်စာချုပ် ချုပ်ဆိုမယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

အသက် ၉ နှစ်အရွယ်ကတည်းက ရီးယဲလ်အသင်းကို ရောက်ရှိနေတဲ့ ကာဆီးလက်စ်ဟာ စပိန်ထိပ်သီးအသင်းကြီးမှာ ၂၅ နှစ်ကြာ နေထိုင်ခဲ့ပြီးတဲ့နောက် ပေါ်တိုကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
ရီးယဲလ်အသင်းကြီးမှာ ၁၆ နှစ်တာ ကစားခဲ့ပြီး ဆုဖလား ၁၈ လုံးရရှိခဲ့ပါတယ်။

ကာဆီးလက်စ်ဟာ ကမ္ဘာပေါ်က အကောင်းဆုံးဂိုးသမားတွေထဲက တစ်ဦးဆိုတာ အားလုံးကလက်ခံပြီးသားပါ။ သူဟာ ရီးယဲလ်အသင်းနဲ့ စပိန်အသင်းရဲ့ သမိုင်းမှာ ထာဝရအကောင်းဆုံးဂိုးသမားတစ်ဦးအဖြစ် အမြဲ ရှိနေမယ့်သူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ကစားသမားဘဝတစ်လျှောက်မှာ အံ့အားသင့်စရာကေင်းတဲ့ အောင်မြင်မှုတွေ စံချိန်တွေ အများကြီး ရှိပါတယ်။ အဲ့ဒီထဲက တစ်ချို့ကို ဖော်ပြပေးချင်ပါတယ်။

၁။ ကာဆီးလက်စ်ဟာ စပိန်လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၁၆၂ ပွဲပါဝင်ကစားပေးထားပါတယ်။ စပိန်အသင်းသမိုင်းတစ်လျှောက်မှာ ပွဲအများဆုံးကစားသမား ဖြစ်ပါတယ်။

၂။ စပိန်လက်ရွေးစင်အသင်းကြီးအတွက် အသက် ၁၉ နှစ်အရွယ်နဲ့ ပထမဆုံးပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။ အသက်အငယ်ဆုံးအဖြစ် မှတ်တမ်းတင်ထားပါတယ်။

၃။ ယူရို ၂၀၁၂ ပြိုင်ပွဲမှာ စပိန်အသင်းချန်ပီယံဖြစ်ခဲ့ရာမှာ ကာဆီးလက်စ်က တစ်ဂိုးပဲပေးရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ စပိန်က အီတလီကို ၄-၀ နဲ့ နိုင်ခဲ့ပါတယ်။

၄။ ဂျာမနီအသင်းခေါင်းဆောင် ဘက်ကင်ဘောင်ဝါ၊ ပြင်သစ်အသင်းခေါင်းဆောင် ဒက်ချမ့်တို့ ပြီးရင် ကာဆီးလက်စ်ဟာ ကမ္ဘာ့ဖလား၊ ချန်ပီယံလိဂ်ဖလားနဲ့ ယူရိုဖလားတွေကို ကိုင်မြှောက်နိုင်ခဲ့တဲ့ အသင်းခေါင်းဆောင်ဖြစ်ပါတယ်။

၅။ ကာဆီးလက်စ်ဟာ နိုင်ငံလက်ရွေးစင်ဘောလုံးလောကမှာ ယူရိုဖလားနှစ်လုံးနဲ့ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်တဲ့ တစ်ဦးတည်းသော အသင်းခေါင်းဆောင် ဖြစ်ပါတယ်။

၆။ ၂၀၁၀ ကမ္ဘာ့ဖလားမှာ စပိန်အသင်း ဗိုလ်စွဲခဲ့ပြီးတဲ့နောက် ကာဆီးလက်စ်ရဲ့ အရှေ့နာမည်ဖြစ်တဲ့ အိုင်ကာဟာ စပိန်မှာ ယောင်္ကျားလေးအများစုကို ပေးတဲ့ နာမည်ဖြစ်လာခဲ့ပါတယ်။

၇။ ၂၀၁၅ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ အက်သလက်အသင်းနဲ့ ယှဉ်ပြိုင်ပြီးတဲ့နောက် ကာဆီးလက်စ်ဟာ ချန်ပီယံလိဂ်မှာ ၅၂ ပွဲ ဂိုးမပေးရတဲ့ ဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

၈။ ရီးယဲလ်အသင်းက ဗလင်စီယာအသင်းကို ၃-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ၂၀၀၀ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ကာဆီးလက်စ်က ရီးယဲလ်အသင်းမှာ ပါဝင်ကစားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ သူ့ရဲ့အသက်က ၁၉ နှစ်ပြည့်ပြီး လေးရက်သာ ရှိပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားဖူးတဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းတင်ထားပါတယ်။

၉။ ကာဆီးလက်စ်ဟာ ရာအူးလ်ပြီးရင် ရီးယဲလ်အတွက် ပွဲအများဆုံးကစားထားသူ ဖြစ်ပါတယ်။ ရာအူးလ်က ၇၄၁ ပွဲ ကစားပေးခဲ့ပြီး ကာဆီးလက်စ်က ၇၂၅ ပွဲကစားပေးခဲ့ပါတယ်။

၁၀။ ရာအူးလ်ဟာ ရီးယဲလ်အသင်းကြီးမှာ ကစားခဲ့တဲ့ ၁၆ နှစ်တာ ကာလအတွင်း ဆုဖလား ၁၈ လုံး ရရှိခဲ့ပါတယ်။ ချန်ပီယံလိဂ်(၃)၊ လာလီဂါ(၅)၊ ကိုပါဒယ်လ်ရေး(၂)၊ စပိန်စူပါဖလား(၄)၊ ဥရောပစူပါဖလား(၂)၊ ကမ္ဘာ့ကလပ်ဖလား(၁)၊ အင်တာကွန်တီနန်တယ်(၁)။

၁၁။ ကာဆီးလက်စ်ဟာ ချန်ပီယံလိဂ်ပွဲပေါင်း ၁၅၀ ကစားထားတဲ့ ဒုတိယမြောက်ကစားသမားဖြစ်ပါတယ်။ ပထမကစားသမားကတော့ ဘာစီလိုနာကွင်းလယ်လူ ဇာဗီဖြစ်ပါတယ်။

၁၂။ လာလီဂါမှာ ၉၅၂ မိနစ်တိတိ ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အက်သလက်တီကို ဂိုးသမားဟောင်း အေဘယ်ရီဆီနိုရဲ့ စံချိန်ကို ချိုးဖျက်ခဲ့တာ ဖြစ်ပါတယ်။

၁၃။ ပရော်ဖက်ရှင်နယ်ကစားသမားအဖြစ် ပွဲပေါင်း ၈၀၀ ကျော်ကစားခဲ့ပါတယ်။ သူ့ရဲ့ ကစားသမားဘဝမှာ ၉၈ ရာခိုင်နှုန်းအထိ ပွဲထွက်ကစားခဲ့သူလည်း ဖြစ်ပါတယ်။

ဒါတွေက ကာဆီးလက်စ်ရဲ့ ကစားသမားဘဝမှာ အံ့အားသင့်စရာကောင်းတဲ့ စွမ်းဆောင်မှုတွေ ဖြစ်ပါတယ်။ သူဟာ ကမ္ဘာ့ဘောလုံးလောကမှာ အအောင်မြင်ဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။
ပေါ်တိုအသင်းကို ရောက်ရှိသွားခဲ့ပေမယ့် ရီးယဲလ်အသင်းနဲ့ ကာဆီးလက်စ်ဆိုတာ ဘယ်တော့မှ ခွဲလို့ရမှာ မဟုတ်ပါဘူး။

နောက်ဆုံးနှုတ်ဆက်စကားပြောခဲ့ရာမှာလည်း ကာဆီးလက်စ်က သူဘယ်ကိုပဲ ရောက်နေနေ ရီးယဲလ်အသင်းရဲ့ အမည်ကို အမြဲအော်ဟစ်အားပေးနေမှာ ဖြစ်ကြောင်းနဲ့ ဒါက နောက်ဆုံးနှုတ်ဆက်ခြင်းမဟုတ်ဘဲ မကြာမီ ပြန်တွေ့ကြမည်ဖြစ်ကြောင်း၊ ထောက်ခံအားပေးခဲ့တဲ့ ရီးယဲလ်ပရိသတ်များကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။

ကိုးကား စကိုင်းစပေါ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly