လူသားချင်းစာနာမှုဖြင့် လူကုန်ကူးမှုကို တိုက်ဖျက်ကြရန် ဒုသမ္မတ တိုက်တွန်း

လူသားချင်းစာနာမှုဖြင့် လူကုန်ကူးမှုကို တိုက်ဖျက်ကြရန် ဒုသမ္မတ တိုက်တွန်း
(ဓာတ်ပုံ- အောင်မြတ်သူ/မဇ္ဈိမ)

နေပြည်တော်(စက်တင်ဘာ ၁၃ရက်၊ ၂၀၁၆ခုနှစ်)။ ။ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်ကို လူသားချင်း စာနာ၊ နားလည်မှုဖြင့် အားလုံးပူးပေါင်းပါဝင်ကြရန် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက တိုက်တွန်းပြောကြားလိုက်သည်။

"လူသားအချင်းချင်း စာနာ၊ နားလည်မှုနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များမှာ နိုင်ငံသားအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါ" ဟု နေပြည်တော်တွင် စက်တင်ဘာ ၁၃ရက်ကပြုလုပ်သည့် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ဦးဟင်နရီဗန်ထီးယူက ပြောသည်။

မြန်မာနိုင်ငံတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ စတင်ပြဌာန်းခဲ့သည့် ၂၀၁၃ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်ကို 'လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့' အဖြစ် စတင်သတ်မှတ်ခဲ့ပြီး ယခုနှစ်တွင်ကျရောက်သည့် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့၏ ဆောင်ပုဒ်မှာ 'လူကုန်ကူးမှုတိုက်ဖျက်ရေး သင်လည်းပူးပေါင်းပါဝင်ပေး' ဟူ၍ ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း လူကုန်ကူးခံရသူ(၇၀၈)ဦးအတွက် ငွေကျပ် ၉၉ဒဿမ၅၆သန်း ထောက်ပံ့ပေးခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

လူကုန်ကူးမှုတွင် ကလေးစစ်သားစုဆောင်းသည့်ကိစ္စလည်း ပါဝင်နေသောကြောင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်လည်း များစွာဆက်စပ်နေသည်ဟု လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး သက်နောင်က ပြောသည်။

လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ၂၀၁၆ခုနှစ် ပထမခြောက်လအတွင်း လူကုန်ကူးအမှုပေါင်း ၆၀နီးပါးကို အရေးယူနိုင်ခဲ့ပြီး တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ လူကုန်ကူးမှုအများဆုံးဖြစ်ကြောင်း သိရသည်။ အဆိုပါလူကုန်ကူးခံရသူအများစုမှာ အမျိုးသမီးများဖြစ်ပြီး ဇနီးမယားအဖြစ် ရောင်းချခြင်းနှင့် ရေလုပ်သားများအဖြစ် လူကုန်ကူးခံရခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly