လီဗာပူးလ်နောက်ခံလူဟောင်းဂျွန်ဆင်ကို ၂ နှစ်စာချုပ်ဖြင့် စတုခ်အသင်းခေါ်ယူ

လီဗာပူးလ်နောက်ခံလူဟောင်းဂျွန်ဆင်ကို ၂ နှစ်စာချုပ်ဖြင့် စတုခ်အသင်းခေါ်ယူ

ဇူလိုင် ၁၃၊ စတုခ်စီးတီး။ ။ စတုခ်စီးတီးအသင်းသည် လီဗာပူးလ်နောက်ခံလူဟောင်း ဂလင်းဂျွန်ဆင်ကို ၂ နှစ်စာချုပ်ဖြင့်ခေါ်ယူလိုက်ပြီဟု တနင်္ဂနွေနေ့က အတည်ပြု ကြေညာခဲ့သည်။

အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၅၄ ပွဲကစားထားသည့် အသက် ၃၀ အရွယ် ဂျွန်ဆင်သည် လွန်ခဲ့သည့်ခြောက်နှစ်က ပို့စ်မောက်မှ လီဗာပူးလ်သို့ ပေါင် ၁၇ ဒသမ ၅ သန်းဖြင့်ရောက်ရှိခဲ့သူဖြစ်ပြီး လက်ရှိအပြောင်းအရွှေ့ကာလအတွင်း လီဗာပူးလ်မှထွက်ခွာခဲ့သည်။

"လမ်းကြောင်းမှန်ပေါ်မှာရှိနေတဲ့ အသင်းကောင်းတစ်သင်းနဲ့စာချုပ်ခွင့်ရလို့ သိပ်ပျော်တယ်"ဟု ဂျွန်ဆင်က တနင်္လာနေ့တွင် တွစ်တာ၌ ရေးသားခဲ့သည်။

ဝက်စ်ဟမ်းအသင်းနှင့် ၂၀၀၂ တွင်ပွဲထွက်ခဲ့သည့် ဂျွန်ဆင်သည် ချယ်လ်ဆီးအသင်းတွင်လည်းကစားဖူးပြီး ကလပ်အသင်းကစားသမားဘဝ ပွဲပေါင်း ၄၀၀ နီးပါးကစားထားသည်။

"ဂျွန်ဆင်က ကျွန်တော်တို့အတွက်သိပ်ကောင်းတဲ့အားဖြည့်မှုဖြစ်လာပါလိမ့်မယ်။ အရည်အချင်းရှိနောက်ခံလူတစ်ဦးဖြစ်ပြီး ဂိုးသွင်းနိုင်စွမ်း လည်းရှိပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းကလည်း အန်ဖီးလ်မှာကျွန်တော်တို့ဘက်ကို အနိုင်ဂိုးသွင်းခဲ့သူပါ။ သူနဲ့ဆွေးနွေးကြည့်တဲ့အခါ စတုခ်အသင်းမှာ သူဘယ်လောက်တောင်ကစားချင်နေလဲဆိုတာ သိခဲ့ရပါတယ်"ဟု စတုခ်စီးတီးနည်းပြ မာ့ခ်ဟုချ်ကပြောသည်။

ခြေစွမ်းကျဆင်းလာပြီးနောက် လီဗာပူးလ်နှင့် အင်္ဂလန်လက်ရွေးစင်အသင်း၌အဆင်မပြေခဲ့သော ဂျွန်ဆင်သည် ဖိလစ်ဝေါရှိုက်၊ ဟောဂတ်၊ ဂျိုဆီလူ၊ ဗန်ဂျင်ကယ်နှင့် ဂစ်ဗင်းတို့ပြီးနောက် ခြောက်ယောက်မြောက် စတုခ်ကစားသမားသစ်ဖြစ်လာခဲ့သည်။ စတုခ်အသင်းသည် ပြီးခဲ့သည့် ရာသီက ပရီးမီးယားလိဂ်တွင် အဆင့်ကိုးရခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly