မန်ချက်စတာဒါဘီပွဲတွင် အမှားများခဲ့သည့် ဘရာဗိုဘက်မှ ဂွာဒီယိုလာ ကာကွယ်

မန်ချက်စတာဒါဘီပွဲတွင် အမှားများခဲ့သည့် ဘရာဗိုဘက်မှ ဂွာဒီယိုလာ ကာကွယ်

စက်တင်ဘာ ၁၁၊ မန်ချက်စတာ။            ။ စနေနေ့က မန်ချက်စတာဒါဘီပွဲတွင် ယူနိုက်တက်အသင်းကိုအနိုင်ရခဲ့ရာတွင် စီးတီးဂိုးသမား ဘရာဗိုမှာ အမှားများခဲ့သော်လည်း နည်းပြဂွာဒီယိုလာက ကာကွယ်ပြောဆိုခဲ့သည်။

တိုရီနိုသို့အငှားဖြင့်ပြောင်းရွှေ့သွားသည့် ဂျိုးဟတ်နေရာတွင်အစားထိုးရန် ဘာစီလိုနာမှပြောင်းလာခဲ့သည့် ဘရာဗိုသည် မန်ချက်စတာဒါဘီပွဲတွင် စီးတီးအတွက်ပထမဆုံးပွဲထွက်ကစားခဲ့ခြင်းဖြစ်သည်။

သို့သော်စီးတီးအသင်း ၂-၀ ဖြင့်ဦးဆောင်နေချိန်တွင် ဘရာဗိုလက်မှဘောလုံးလွတ်ကျသောကြောင့် ယူနိုက်တက်အသင်းချေပဂိုး ရခဲ့ပြီး နောက်ထပ်ဂိုးများလည်းပေးရလုနီးပါးဖြစ်ခဲ့သေးသည်။

“ကျွန်တော်တို့ပထမပိုင်းမှာကောင်းကောင်းကစားနိုင်ခဲ့တာက ဘရာဗိုကြောင့်ပါ။ အသင်းနဲ့တွဲကစားတဲ့ ဂိုးသမားတွေကို ကျွန်တော်ကြိုက်ပါတယ်။ ဒုတိယပိုင်းမှာလည်း သူအဲဒီအတိုင်းဆက်ကစားခဲ့ပြီး အဲဒါသူ့ရဲ့ အရည်အသွေးကောင်းပါပဲ”ဟု ၂-၁ ဂိုးဖြင့်အနိုင်ရသည့် စီးတီးအသင်း၏ နည်းပြ ဂွာဒီယိုလာက ပြောသည်။

ပွဲချိန်ပထမပိုင်းတွင် စီးတီးအသင်းက ပိုကောင်းခဲ့ပြီး ဒီဘရိုင်း၊ အီဟီယာနာချိုတို့၏သွင်းဂိုးများဖြင့် သက်သောင့်သက်သာ ကစားနိုင်ခဲ့သည်။

သို့သော် ပထမပိုင်းပွဲမပြီးမီ ရွန်နီ၏တည်ကန်ဘောကို ဘရာဗိုထွက်ဆွဲရာမှ လွတ်ကျပြီး အီဘရာဟီမိုဗစ်က ယူနိုက်တက်အတွက် ချေပဂိုးသွင်းခဲ့သည်။

အသင်း၏ပုံစံကို နောက်တန်းမှစတင်တည်ဆောက်လိုသည့် ဂွာဒီယိုလာသည် အသင်းနှင့်တွဲပြီး ဘောလုံးကစားနိုင်သည့် ဂိုးသမားကို ခေါ်ယူထားခြင်းဖြစ်သည်။

သို့သော် ဘရာဗိုသည် ယူနိုက်တက်ကွင်းလယ်ကစားသမား မစ်ခီတာယန်ကြောင့် အီဘရာဟီမိုဗစ်ဂိုးရလုနီးပါးဖြစ်ခဲ့သည့် အခွင့်အရေးတစ်ကြိမ်ပေးခဲ့ရသည့်အပြင် ဘောလုံးကိုရွန်နီနှင့်အပြိုင်အသည်းအသန်လုယူလိုက်ရသည့်အကြိမ်လည်း ရှိခဲ့ရသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required