အများပိုင် ယာဉ်လိုင်းဖွဲ့စည်းမှုတွင် စစ်ကျန် ဘတ်စ်၊ ဟိုင်းလပ် အစားထိုးယာဉ်ပိုင်ရှင်များပါဝင်လို

အများပိုင် ယာဉ်လိုင်းဖွဲ့စည်းမှုတွင် စစ်ကျန် ဘတ်စ်၊ ဟိုင်းလပ် အစားထိုးယာဉ်ပိုင်ရှင်များပါဝင်လို
 ရန်ကုန်မြို့တွင် ပြေးဆွဲနေသော ခရီးသည်တင် မော်တော်ယာဉ်အချို့အား တွေ့ရစဉ်
ဓာတ်ပုံ - ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ စက်တင်ဘာလ ၁ဝ ။               ။ အများပိုင် ယာဉ်လိုင်းဖွဲ့စည်းမှုတွင် ၂ဝဝ၆ မော်ဒယ်ယာဉ်များဖြင့် စတင်ဖွဲ့စည်းသွားမည်ဟု ဆိုသောကြောင့် ၂ဝဝ၁/ ၂ဝဝ၂ မော်ဒယ်ဖြစ်သော စစ်ကျန် ဘတ်စ်၊ ဟိုင်းလပ် အစားထိုး ယာဉ်ပိုင်ရှင်များ အနေဖြင့် အများပိုင်ယာဉ် လိုင်းဖွဲ့ စည်းမှုတွင် ပါဝင်ရန်အခက်အခဲရှိနေကြောင်း သိရသည်။

စက်တင်ဘာလ ၁ဝရက်က ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ ဘေလီမှတ်တိုင်အနီးရှိ Apple Cake and Coffee ဆိုင် တွင် ပြုလုပ်သည့် အများပိုင်ယာဉ်လိုင်းများဖွဲ့စည်းမှုတွင် ပါဝင်လိုသော စစ်ကျန် ဘတ်စ်၊ ဟိုင်းလပ် အစားထိုး ယာဉ်ပိုင် ရှင်များ၏ ဆွေးနွေးပွဲတွင် ၃၁ နှင့် G 2000 ယာဉ်လိုင်းပိုင်ရှင် ဦးကိုကိုနိုင်က မဇ္ဈိမကို ဖြေကြားခဲ့ခြင်း ဖြစ် သည်။

"ဦးတို့ ကားတွေက ၂ဝ၁၂ ခုနှစ်မှ သွင်းတဲ့ကား၊ အဲဒီ ကန့်သတ်ချက်က ၂ဝဝ၂ မော်ဒယ်ပဲ ရတယ်၊ အခုပြန်သွင်း ရင် တော့ ၂ဝဝ၆ ရမယ်၊ နှစ်အလိုက် ကန့်သတ်ချက်ဖြစ်သွားတယ်၊ အဲဒီလို ကန့်သတ်ချက်ဖြစ်သွားတဲ့ အခါကျတော့ ၂ဝဝ၂ မော်ဒယ်ကားနဲ့ ၂ဝဝ၆ မော်ဒယ်ကားက တစ်ပုံစံတည်း၊ အင်ဂျင်လည်း အတူတူပဲ၊ အင်ဂျင်ပါဝါ သောင်းတစ် ထောင် လည်း အတူတူပဲ၊ ပုံစံလည်းတူတဲ့အတွက် ဦးတို့ လက်ရှိကားတွေကို ပြန်လည်ပြင်ဆင်ပြီးတော့ စတင်ဖွဲ့စည်းတဲ့ ကုမ္ပဏီ ထဲကို အစုအဖွဲ့အနေနဲ့ပါဝင်ချင်တာ၊ အခုမပါရဘူး။ ၂ဝဝ၆ မော်ဒယ် သွင်းမှ ပါရမယ်ဆိုရင် ဦးတို့မှာ ပိုက်ဆံမရှိဘူး " ဟု ၎င်းက ပြောသည်။

အများပိုင် ကုမ္ပဏီဖွဲ့စည်းရန် သြဂုတ်လ ၁၈ ရက်က သြဂုတ်လ ၃၁ ရက် နောက်ဆုံးထား၍ လျှောက်လွှာတင်သွင်းရန် ယာဉ်လိုင်းပိုင်ရှင်များကို သက်ဆိုင်ရာက ပြောကြားခဲ့သော်လည်း အများစုမှာ စာရင်းသွင်းရန်နှင့် ဥပဒေရေးဆွဲရန် အ တွက် သိန်း ၅ဝ ဝန်းကျင် ကုန်ကျမည်ဖြစ်၍ မတတ်နိုင်ကြောင်း စစ်ကျန် ဘတ်စ်၊ ဟိုင်းလပ် အစားထိုးယာဉ်ပိုင်ရှင်များ က ဆိုသည်။

 အများပိုင်စနစ်ကို ယာဉ်ပိုင်ရှင်အများစု ပါဝင်နိုင်အောင် အညင်သာဆုံး ပြောင်းလဲပေးမည်ဟု ဇွန်လ ၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောဆိုခဲ့ဖူးကြောင်းလည်း မေတ္တာလှိုင်း(၂) ယာဉ်ပိုင်ရှင်   ဒေါ်စန်းစန်းဝေက ပြောသည်။

" ၂ဝဝ၆မော်ဒယ်မှ ဒီ အများပိုင်ထဲမှာ ဝင်ခွင့်ပေးမယ်ဆိုတဲ့ သတင်းကြားရတော့ တော်တော် စိတ်ထိခိုက်သွားတယ်၊ ၂ဝဝ၆ မော်ဒယ်ပဲ ဝင်ခွင့်ပြုမယ်၊ တစ် ကနေ ငါးထိ မပါဘူးလို့ ပြောလာတဲ့အခါမှာ ဘာလုပ်ရတော့မှာလဲ၊ ဒီ ၃ နှစ် အ တွင်းမှာ အကြွေးတောင်းမကျေသေးဘူး၊ "ဟု ၎င်းက ဆိုသည်။

အများပိုင်တွင်ပါဝင်လိုကြသော မော်ဒယ်နိမ့် BM, Dyna, Canter, City Bus ဟောင်းများအား အဆင့်လိုက် လဲလှယ် စေပြီး ဗဟိုအစိုးရနှင့် ညှိနှိုင်း၍ အဆင်ပြေစေရန် စီစဉ်ဆောင်ရွက်ပေးစေလိုကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာ ပိုင်အဖွဲ့ အတွင်း ရေးမှူး ဒေါက်တာ မောင်အောင်က " ကျွန်တော်တို့ စဉ်းစားတုန်းက အဲ့ဒီလို မစဉ်းဘူး ၊ အဲယားကွန်းအပြည့်နဲ့ ဥပဓိရုပ် ကောင်းတာတို့ စဉ်းစားတဲ့အခါမှာ အနည်းဆုံး ၂ဝဝ၆ မော်ဒယ်ဆိုပြီး သတ်မှတ်လိုက်တာပါ၊ သူတို့ဟာတွေကို ထည့် မ စဉ်းစားသေးဘူး၊ ကျွန်တော်တို့ သွားချင်တာက ဖြစ်နိုင်မယ်ဆိုရင် BRT လိုင်းလိုသွားချင်တာ ပိုက်ဆံမတတ်နိုင်မှာ စိုးလို့။ ၂ဝဝ၆ မော်ဒယ်လောက်ကို လျှော့လိုက်တာ။ သူတို့ကားတွေက ၂ဝဝ၁၊ ၂တို့ ၃၊ ၄ ပေါ့။ အဲယားကွန်း အပြည့်တပ်ဆင်တာကို အာမခံနိုင်တယ်ဆိုရင် ကျွန်တော်တို့က လုပ်ပေးမှာ။  အာမမခံ နိုင်ဘူးဆိုရင် ခဏပဲ ပျက်သွားမယ်ဆိုရင် ကြာရင် ပြန်ပြောင်းရခက်တယ်။  ဒါကြောင့် ကျွန်တော်တို့က အများနဲ့ပဲစဉ်းစားလိုက်တာပါ " ဟု ပြောသည်။

အများပိုင်ယာဉ်လိုင်းစနစ်တွင် CCTV များတပ်ဆင်ခြင်း၊ ရှေ့ပေါက်မှ လူတက်၍ နောက်ပေါက်မှ လူဆင်းစေခြင်း၊ စပါယ် ယာမပါဘဲ ကဒ်စနစ်ဖြင့် ငွေပေးချေခြင်းနှင့် အဲယားကွန်းများ တပ်ဆင်၍ ပြေးဆွဲရမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly