ပြိုင်ဖက်ဂိုးသမား အမှားက အသင်းအတွက် ကံကြမ္မာဖေးမမှုဖြစ်ခဲ့ဟု ဟံသာဝတီနည်းပြ ဆို

ပြိုင်ဖက်ဂိုးသမား အမှားက အသင်းအတွက် ကံကြမ္မာဖေးမမှုဖြစ်ခဲ့ဟု ဟံသာဝတီနည်းပြ ဆို
ဟံသာဝတီအသင်းအတွက် တတိယမြောက်ဂိုးကို အောင်မျိုးသူရမှ သွင်းယူနေစဉ်။  (ဓာတ်ပုံ - သောကြာ)

ဇူလိုင် ၁၃၊ ရန်ကုန်။ ။ ၂၀၁၅ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဖလား ဘောလုံးပြိုင်ပွဲ၊ ဒုတိယအဆင့်တွင် ကမ္ဘောဇအသင်းကို အနိုင်ရရှိခဲ့သည့်ပွဲ၌ ကမ္ဘောဇဂိုးသမား မျိုးမင်းလတ်၏ အမှားမှာ မိမိတို့အသင်းအတွက် ကံကြမ္မာ မေးမမှု တစ်ခုဖြစ်ခဲ့ဟု ဟံသာဝတီအသင်းနည်းပြ ဦးငွေထွန်းက ပွဲအပြီး သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

ဟံသာဝတီအသင်းနှင့် ကမ္ဘောဇအသင်းတို့သည် ပွဲချိန် မိနစ် ၆၀ ကျော်အထိ တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျနေသော်လည်း ပွဲချိန် ၆၈ မိနစ်၌ ကမ္ဘောဇဂိုးသမား မျိုးမင်းလတ်၏ လူပေးမှားမှုမှတစ်ဆင့် ဟံသာဝတီအသင်းက ဒုတိယ ဦးဆောင်ဂိုး ရရှိခဲ့သည်။ ဟံသာဝတီအသင်းအတွက် ဒုတိယဦးဆောင်ဂိုးကို ဘန်ဘာက သွင်းယူပေးခဲ့ပြီး တတိယအနိုင်ဂိုး ကို ပွဲချိန် ၈၂ မိနစ်တွင် တိုက်စစ်မှူး အောင်မျိုးသူရက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

' ဒီနေ့ပွဲမှာ ကံကြမ္မာဖေးမမှုလဲ ပါပါတယ်။ ဒုတိယဂိုးက ကျွန်တော်တို့အတွက် ကံကြမ္မာကောင်းတစ်ခုရလိုက်တယ်လို့ ပြောလို့ရပါတယ်'ဟု နည်းပြ ဦးငွေထွန်းက ပြော သည်။
ဟံသာဝတီအသင်းသည် ကမ္ဘောဇအသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့သောကြောင့် ကွာတားဖိုင်နယ်သို့ တက်ရောက် နိုင်ခဲ့ပြီး ကွာတားဖိုင်နယ်တွင် ရတနာပုံအသင်းနှင့် ကစားရမည်ဖြစ်သည်။

ဟံသာဝတီအသင်းသည် ရှုံးထွက်ဖလားဘောလုံး ပြိုင်ပွဲတွင် ရလဒ်ကောင်းများရရှိနေသော်လည်း အမှတ်ပေးဘောလုံးပြိုင်ပွဲ၌မူ ရလဒ်များ ဆိုးရွားနေပြီး တန်းဆင်းဇုန် အဆင့် ၁၁ နေရာတွင် ရောက်ရှိနေသည်။ ဟံသာဝတီအသင်းသည် ၂၀၁၅ အူရီဒူးမြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ပထမအကျော့ပြီးဆုံးချိန်တွင် ၇ ပွဲ သရေ ၊ လေးပွဲ ရှုံးထားပြီး နိုင်ပွဲ တစ်ပွဲမျှ မရရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required