သေနတ်ဖြင့် ခြိမ်းခြောက်သည့် ရဲဝန်ထမ်းကို ခုံရုံးဖွဲ့စစ်ဆေး၊ ပြတ်ပြတ်သားသား အရေးယူမည်ဟုဆို

သေနတ်ဖြင့် ခြိမ်းခြောက်သည့် ရဲဝန်ထမ်းကို ခုံရုံးဖွဲ့စစ်ဆေး၊ ပြတ်ပြတ်သားသား အရေးယူမည်ဟုဆို
(ဓာတ်ပုံ- Shan Gyi ဖေ့စ်ဘွတ်မှ)

နေပြည်တော်(စက်တင်ဘာ ၇၊ ၂၀၁၆ခုနှစ်)။ ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ မှော်ပုံကျေးရွာ ရာအိမ်မှူး ရွေးချယ်ပွဲတွင် ရွာသားများကို သေနတ်ဖြင့် ချိန်ရွယ်ခဲ့သည့် ရဲဝန်ထမ်းအား ထိန်းသိမ်းထားကာ
ခုံရုံးဖွဲ့စစ်ဆေးနေပြီဖြစ်ကြောင်း ဖားကန့်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးတင့်စိုးက ဆိုသည်။

"နောက်ဆုံးရရှိတဲ့ သတင်းပေးပို့ချက်အရ ဒုရဲအုပ် စိုးဇော်ဇော်ကို ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ စစ်နေပြီ" ဟု ဦးတင့်စိုးက ၎င်း၏ လူမှုကွန်ယက်ဖေ့စ်ဘွတ်တွင် စက်တင်ဘာ ၇ရက်၊ ညဦးပိုင်းက
ရေးသားထားသည်။

စက်တင်ဘာ ၆ရက်၊ ညနေပိုင်းက မှော်ပုံကျေးရွာ ရာအိမ်မှူးရွေးချယ်ရာတွင် ရာအိမ်မှူးဟောင်းက ၎င်းအား ပြန်လည်ရွေးချယ်စေလိုသော်လည်း ဒေသခံအချို့က ငြင်းပယ်ရာမှ အချေအတင်စကားများစဉ် ဒုရဲအုပ် စိုးဇော်ဇော်က ဒေသခံများကို သေနတ်ဖြင့် ချိန်ရွယ်ပြီး ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။

ဒေသခံများ၏ ပြောဆိုချက်အရ အဆိုပါ ဒုရဲအုပ် စိုးဇော်ဇော်သည် ရာအိမ်မှူးဟောင်းနှင့်အတူ ရွေးချယ်ပွဲသို့ ပါလာခြင်းဖြစ်သည်ဟု သိရသည်။

အထက်ပါကိစ္စနှင့်ပတ်သက်ပြီး ဒုရဲအုပ် စိုးဇော်ဇော်အနေဖြင့် ဒေသခံများကို ပြန်လည်တောင်းပန်ထားပြီးလည်း ဖြစ်သည်။

သို့သော် ပြည်သူကို အကာအကွယ်ပေးရမည့် သေနတ်နှင့် ပြန်လည်ခြိမ်းခြောက်သည့် လုပ်ရပ်အား လုံးဝလက်မခံနိုင်ကြောင်း ဦးတင့်စိုးက ဆိုသည်။

"ကာယကံရှင်တွေအနေနဲ့ သနားလို့ပဲဖြစ်ဖြစ်၊ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် နားလည်ခွင့်လွတ်ပေးလို့ ရပေမယ့် ကျွန်တော်တို့ရဲ့ ပြည်သူ့အစိုးရတစ်ရပ်အနေနဲ့ ပြည်သူကို အကာအကွယ်ပေးရမယ့် သေနတ်နဲ့ ပြည်သူကို ပြန်ခြိမ်းခြောက်တာမျိုးကို လုံးဝ လက်မခံနိုင်ပါဘူး။ ဒါကြောင့် ပြတ်ပြတ်သားသား အရေးယူပါမယ်" ဟု ဦးတင့်စိုးက ၎င်း၏ လူမှုကွန်ယက်တွင် ရေးသားထားသည်။

လူမှုကွန်ယက်များတွင် ပြန့်နှံ့နေသည့် ဗီဒီယိုမှတ်တမ်းအရ ရာအိမ်မှူးရွေးချယ်ရာတွင် ရပ်မိရပ်ဖများနှင့် ဒေသခံရွာသာများ အချေအတင် စကားများနေစဉ် ဒုရဲအုပ် စိုးဇော်ဇော်က မတ်တပ်ရပ်ပြီး
"ရပ်ရေးရွာရေးကိစ္စကို နည်းနည်းဝင်ကူပေးတာပဲ ရှိတယ်။ ခင်ဗျားတို့နည်းနည်းများတယ်။ ဒီနေရာမှာ ကျွန်တော်အသက်ငယ်ရင် ငယ်မယ်။ သွားကြားထိုးတံလေး ဖြစ်ရင်ဖြစ်မယ်။ တာဝန်ဝတ္တရားက အကြီးကြီး။ ဘယ်သူလာတင်ပြတာရှိလဲ။ ဘယ်သူလာပြီး သတင်းပို့တာ ရှိလဲ။ အခု ခင်ဗျားတို့တင် ဖိတ်စာရတာ" ဟုဆိုကာ
သေနတ်ကို ချိန်ရွယ်လိုက်ပြီး "ကျွန်တော့ကို တစ်ယောက်မှ ဖိတ်စာလာမပေးဘူး။ အဲ့ဒါ ဘာသဘောလဲ။ ဘာသဘောလဲ ပြော...ပြော ခင်ဗျားက
ဘာလို့ မပေးတာလဲ။ ဂရုမစိုက်တာလား" စသဖြင့် ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly