"ကျောင်းစာအုပ်တွေဟာ အကြမ်းဖက်မှုရဲ့ အဓိက အရင်းအမြစ်တွေလို့ ထင်ပါတယ်"

"ကျောင်းစာအုပ်တွေဟာ အကြမ်းဖက်မှုရဲ့ အဓိက အရင်းအမြစ်တွေလို့ ထင်ပါတယ်"

မူလတန်း ကျောင်းဖတ်စာအုပ်၊ ရိုးရာဓလေ့၊ စံနှုန်းတွေထဲက အစိတ်အပိုင်း တချို့ဟာ အမျိုး သမီးများကို အကြမ်းဖက်အောင် အားပေး အားမြောက်ပြုနေတယ်လို့  Gender Equality Network (GEN)  ရဲ့ ပြောရေးဆိုခွင့်ရှိသူ မအေးသဒ္ဒါလှက ပြောလိုက်ပါတယ်။

GEN ဟာ အမျိုးသမီးများအခွင့်အရေး၊ ကျား၊ မ တန်းတူညီမျှရေးတို့အတွက် ဥပဒေတွေ၊ မူဝါဒ အယူအဆတွေ ပြောင်းလဲရေး လှုံ့ဆော်နေတဲ့ လူမှုကွန်ရက်တစ်ခုဖြစ်ပါတယ်။ ပြည်တွင်းနဲ့ နိုင်ငံတ ကာက အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ၊ နည်းပညာဆိုင်ရာ ကျွမ်းကျင်သူတွေ၊ ပညာရှင်တွေဟာ ဒီကွန်ရက်ထဲမှာ အဖွဲ့ဝင်အဖြစ်နဲ့ ပါဝင်နေတယ်လို့ သိရပါတယ်။

မကြာသေးခင်ကရန်ကုန်မြို့ GEN ရုံးမှာ သတင်းထောက် အိချယ်ရီအောင်နဲ့ တွေ့ဆုံတဲ့အခါမှာ မအေးသဒ္ဒါလှက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး ဥပဒေကြမ်း၊ အကြမ်း ဖက်မှု ဖြစ်စေတဲ့ အခြေခံ အကြောင်းအရာများအကြောင်း ပြောပြထားပါတယ်။

မေး -မြန်မာနိုင်ငံက အမျိုးသမီးတွေ ဘယ်လိုအကြမ်းဖက်မှုမျိုးတွေ အဓိက ကြုံရ တွေ့ရပါသလဲ။

ဖြ -အကြမ်းဖက်မှုက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊လိင်ပိုင်းဆိုင်ရာ၊စီးပွားရေးပိုင်းဆိုင်ရာ၊ အန္တရာယ်ရှိသည့်မိရိုးဖလာအဆုံးအမများအရအကြမ်းဖက်ခြင်းနဲ့ အင်တာနက်အွန်လိုင်းပေါ်မှ အကြမ်း ဖက်ခြင်းတို့ပဲဖြစ်ပါတယ်။ ကျွန်မတို့GEN အဖွဲ့က သုတေသနစာတမ်း နှစ်စောင်လုပ်ထားပါတယ်။ ပထမ တစ်ခုက အမျိုးသမီးတွေအကြမ်းဖက်မှုကို ဘယ်လိုတုံ့ပြန်လဲ၊ အကြမ်းဖက်မှုကို ဘယ်လိုခံစားရလဲ၊ ဘာကြောင့် ခံစားရတာလဲဆိုတာကို သုတေသနပြုလုပ်ထားတယ်။

အဲ့ဒီသုသေသနမှာ အတူနေအိမ်ထောင်ဖက်၊ ချစ်သူ၊ ရည်းစားက ကျူးလွန်တဲ့အကြမ်းဖက်မှု ကို အများဆုံး ဖော်ပြထားပြီး နေ့စဉ်သွားလာနေတဲ့ ကားပေါ်မှာပဲဖြစ်ဖြစ်၊ ဘုရားပွဲမှာပဲဖြစ်ဖြစ် ကြုံတွေ့ ရတာတွေကိုလည်း အနည်းအကျဉ်း ထည့်ထားပါတယ်။ အခက်အခဲကဘာလဲဆိုတော့ မေးခွန်းတွေ မေးခွင့်ရဖို့ကဆေးသုသေသန (ဦးစီးဌာန) က သတ်မှတ်ထားတဲ့နေရာမှာပဲ ကျွန်မတို့ကသုသေသနပြု လုပ်ခွင့်ရှိတယ်။ ကျွန်မတို့ကအရည်အသွေးပြု သုသေသနပဲလုပ်နိုင်တဲ့အခါကျတော့ အရေအတွက် အားဖြင့် ဘယ်ဟာက အများဆုံး ကျူးလွန်ခံရလဲဆိုတာ ပြောဖို့ခက်ခဲပါတယ်။ ကျွန်မတို့မှာ အချက်အ လက်မရှိဘူး။

နောက်ထပ်သုသေသနက ရုန်းမထွက်သာအစဉ်အလာဆိုတဲ့ သုသေသနတစ်ခုပါ။အဲဒါကကျား၊ မ ရေးရာနဲ့ပတ်သက်တဲ့ ယဉ်ကျေးမှုစံနှုန်းတွေ၊ လူမှုအလေ့အထတွေပါ။ အဲ့ဒီအရာတွေက အကြမ်း ဖက်မှုကို ဖြစ်ပေါ်ဖို့ဘယ်လောက်အထိ တွန်းအားပေးနေသလဲ။ အဲဒီအရာတွေက အမျိုးသမီးတွေ ဆုံးဖြတ်ချက်ချတဲ့ နေရာတွေမှာပါဝင်ဖို့ ဘယ်လောက် အဟန့်အတားဖြစ်နေလဲဆိုတာကို သုသေသန ပြုထားတာပါ။ ပြောင်းလဲဖို့အတွက်  အဲ့ဒီသုသေသနပြုချက်တွေနဲ့ အစိုးရကိုတွန်းအားပေးနေပါတယ်။

မေး -အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကြမ်းထဲမှာ ဘယ်လိုအ ချက်တွေ အဓိကပါဝင်ပါသလဲ။

ဖြေ -၂ဝ၁၃ ခုနှစ်ကစပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန က ရေးဆွဲနေတဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး ဥပဒေကြမ်းရေးဆွဲရေးမှာ ကျွန်မတို့အဖွဲ့က နည်းပညာပံ့ပိုးတဲ့အပိုင်းမှာ ပါဝင်ပါတယ်။ အဲ့ဒီဥပဒေထဲမှာဆိုရင် အကြမ်းဖက်မှုဆိုတဲ့ အဓိပ္ပာယ်ကိုသေသေချာချာဖွင့်ဆိုထားတယ်။ မုဒိမ်းမှုဆိုတဲ့ အဓိပ္ပာယ်ကိုလည်း သေသေချာချာ ဖွင့်ဆို ထားပါတယ်။ ဥပမာ -ခင်ပွန်းက ဇနီးမယားဆန္ဒမပါဘဲ အတင်းအကြပ် လိင်ဆက်ဆံခြင်းက မုဒိမ်းမှု မြောက်တယ်ဆိုတာကို ထည့်သွင်းထားပါတယ်။ အမျိုးသမီးတစ်ယောက်က သူ့ယောကျ်ားကို ပြန်ပြီး တရားစွဲမယ်ဆို အစိုးရကနေပြီး ဇနီး၊ သားသမီးတွေအတွက် လုံခြုံစိတ်ချရတဲ့နေရာတွေ ဖန်တီးပေး ထားရမယ်။ တရားရင်ဆိုင်တဲ့ အချိန်မှာလည်း အစိုးရက ဒီအမျိုးသမီးကို ထောက်ပံ့ပေးတာမျိုး၊ သူက ပညာအရည်အချင်း၊  အလုပ်အကိုင် အခွင့်အရေး လိုအပ်ချက်တွေရှိနေမယ်ဆို အပြင်မှာ ရပ်တည်နိုင်သည့်တိုင်အောင် အသက်မွေးဝမ်းကျောင်း ပညာတစ်ခုခု သင်ပေးတာမျိုး၊ သူ့သားသမီးတွေကို သူအစ အဆုံး တာဝန်မယူနိုင်ခင် ကာလမှာလည်း အစိုးရအနေနဲ့ သားသမီးတွေကို ကျွေးမွေးစောင့်ရှောက် ထားတာမျိုး အဲ့ဒီလိုထားပေးဖို့ အထိတော့ ဥပဒေကြမ်းထဲမှာ ပါဝင်ပါတယ်။ GEN အဖွဲ့က ဒီဥပဒေထဲမှာ ဘာတွေပါသင့်သလဲဆိုတာကိုပဲ အကြံပြုပေးလို့ ရတယ်။ သုသေသနပြုလုပ်တုန်းကမေးတဲ့ အမျိုးသမီး တွေဆိုရင်လည်း အိမ်ထောင်ဖက်ကကျူးလွန်တဲ့ မုဒိမ်းမှုကိုမုဒိမ်းမှုဆိုပြီး မသတ်မှတ်ဘူး၊ အဲဒါက မြန်မာနိုင်ငံမှာရှိတဲ့ ကာမပိုင်လင်ယောကျ်ားဆိုတဲ့ စံနှုန်းနဲ့သွားပြီး ဆက်စပ်နေတယ်။ လင်ယောကျ်ားက ဆန္ဒရှိတိုင်းဇနီးမယားကအတူနေရတယ်၊ လိင်ဆက်ဆံရမယ်ဆိုတဲ့ အဓိပ္ပာယ်ကို သွားသက်ရောက် တယ်။

နောက်ပြီး အမျိုးသမီးအမှုတွေ စစ်ဆေးတဲ့အခါမှာ စစ်ဆေးတဲ့ရဲတွေ၊ ဆရာဝန်တွေက အမျိုး သမီးတွေပဲ ဖြစ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသားတွေစစ်ဆေးတဲ့အခါ ပြောမထွက်တာ မျိုးတွေ ရှိပါတယ်။ ရဲ၊ ဆရာဝန်၊ ရှေ ့နေ၊ တရားသူကြီးတွေက (အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး ဥပဒေ အတည်ဖြစ်တဲ့အခါ) ဥပဒေထဲမှာပါဝင်တဲ့ လုပ်ဆောင်ရမယ့် အရာအား လုံးကို သိမြင်ထားဖို့ လိုပါတယ်။ နည်းပညာပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းဆိုတဲ့ အမှုမျိုးမှာ စစ်ဆေးတဲ့ ရဲနဲ့ တရားသူကြီးက Facebook, Gmail တောင် ကောင်းကောင်းမသုံးတတ်ဘူးဆိုရင် ဒီအမှုရဲ့ အတိမ်အနက်ကို သူတို့ ဘယ်လိုသိနိုင်မလဲ။ ဒါကလည်း မေးခွန်းထုတ်စရာပါပဲ။

မေး - အစိုးရနဲ့ လက်တွဲလုပ်ဆောင်ရတဲ့အခါမှာ အဓိက အခက်အခဲက ဘာများဖြစ်မလဲ။

ဖြေ - အခုလုပ်နေတဲ့ ဥပဒေကြမ်းအတွက် အစိုးရကိုတိုက်တွန်းတဲ့အခါမှာ တော်တော်များများ ကို လက်ခံပေမယ့် ကျူးလွန်တဲ့သူတွေကို တရားစီရင်ခွင့်မရတာ ဥပမာ - နယ်စပ်တွေမှာ ဖြစ်နေတဲ့ မုဒိမ်းမှုတွေဆို စစ်ခုံရုံးမှာပဲ စီစဉ်လိုက်တယ်၊ ဒါဟာပွင့်လင်းမြင်သာမှု မရှိပါဘူး၊ ကျွန်မတို့က အရပ် ဖက်မှာပဲ စီစဉ်ပေးဖို့ ဥပဒေကြမ်းရေးဆွဲတဲ့အခါမှာ တောင်းဆိုတာမျိုးတွေရှိတယ်။ သူတို့ကလက်မခံ ဘူး။ စစ်တပ်နဲ့ ပတ်သက်တဲ့ကိစ္စရပ်တွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကကျူးလွန်တဲ့ ကိစ္စရပ်တွေဆိုရင် သူတို့ကလုံးဝလက်ခံပေးတာမျိုးမရှိဘူး။ လုံခြုံရေးတပ်သားတွေ ပြစ်မှုကျူးလွန်တဲ့ကိစ္စရပ်တွေဆိုရင် အမျိုးသမီးများအပေါ်မှ မဟုတ်ဘူး အခြားအပိုင်းတွေဆိုရင်လည်း အစိုးရအနေနဲ့ ထိလွယ်ရှလွယ် ကိစ္စ အဖြစ် သဘောထားတုန်းပါပဲ။ အဲ့ဒီလိုအမှုတွေဆိုစစ်ခုံရုံးမှာပဲစစ်ပါတယ်။ အပြင်မှာစစ်ဆေးဖို့ကိုသူတို့ လက်မခံပါဘူး။ ဒါက ကျွန်မတို့အတွက် အခက်အခဲ၊ စိန်ခေါ်မှုပါပဲ။

မေး -အွန်လိုင်းပေါ်က အကြမ်းဖက်မှုအကြောင်း နည်းနည်းရှင်းပြပေးပါ။

ဖြေ -အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ဖို့ ကျွန်မတို့ ၁၆ ရက်တာ လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီမှာပါဝင်တဲ့အမျိုးသမီးတွေရဲ့ ပြောပြချက်အရ အင်တာနက်အွန်လိုင်းပေါ် နည်းပညာဆိုင်ရာ အကြမ်းဖက်မှုလို့ပြောရင် အဓိကနှစ်မျိုးပဲတွေ့ရတယ်။ အမျိုးသမီးဂုဏ်သိက္ခာ ညှိုးနွမ်းအောင် အကောင့်အတုတွေနဲ့ တိုက်ခိုက်တာ၊ အကြမ်းဖက်တာ၊ ငွေညှစ်တာတွေ။ နောက်တစ် ခုက ချစ်သူ၊ ရည်စားဟောင်း၊ ဒါမှမဟုတ် အိမ်ထောင်ဖက်ဟောင်းက အတူနေတုန်းက ရိုက်ကူးထား တဲ့ ဓာတ်ပုံတွေ၊ နှစ်ကိုယ်ကြားပဲမြင်တွေ့သင့်တဲ့ဗီဒီယိုတွေကိုလူမှုကွန်ရက်ပေါ်မှာ ဖြန့်ဝေတာ အများ ဆုံးတွေ့ရတယ်။ အဲ့ဒီလိုအွန်လိုင်းပေါ်မှာ အကြမ်းဖက်ခံရတဲ့အခါ အမျိုးသမီးအများစုက ဥပဒေရဲ့ အကူအညီ မရယူတာကိုတွေ့ရတယ်။ အဲဒါက ကျွန်မတို့နိုင်ငံက အပျိုစင်ကို တန်ဖိုးထားတာကတစ် ကြောင်း၊ မိဘဆွေမျိုးအသိုင်းအဝိုင်းက လက်မခံပေးနိုင်တာက တစ်ကြောင်းပေါ့။ အဲ့ဒီအကြောင်း အရာတွေကြောင့် အမျိုးသမီးတွေက ဒါကို ဂုဏ်သိက္ခာအကျခံပြီး မတိုင်ချင်ကြဘူး။ သူတို့ကို ဂုဏ်သိ က္ခာချတဲ့ အကောင့်တွေ ပိတ်သွားအောင်ပဲ report လုပ်ချင်ကြတယ်။ ငွေပေးဖို့တောင်းဆိုတာရှိတယ်၊ လိင်ဆက်ဆံဖို့တောင်းဆိုတာတွေရှိတယ်၊ ချစ်သူ၊ လင်မယားဟောင်းတွေကတော့ ဆက်ဆံရေး ပြန်ကောင်းချင်တယ်ဆိုပြီး တောင်းဆိုတာတွေရှိတယ်။ ကျွန်မအနေနဲ့ အမျိုးသမီးတွေကို ပြောချင်တာ တစ်ခုက ကိုယ့်ရဲ့ဂုဏ်သိက္ခာက အဲ့ဒီအွန်လိုင်းပေါ်မှာပဲ မူတည်နေတာ မဟုတ်ပါဘူး၊ မွေးကတည်းက ဂုဏ်သိက္ခာရှိပြီးသား။ အဲ့ဒီလိုပြောတာက အပျိုစင်ကို တန်ဖိုးမထားလို့မဟုတ်ဘူး၊ ဒါပေမဲ့ ကိုယ်ရဲ့ ဂုဏ်သိက္ခာက အပျိုစင်ဖြစ်ခြင်းပေါ်မှာပဲ မူတည်နေတာ မဟုတ်ဘူး။

လူတိုင်းက မှားတတ်ကြတယ်၊ တစ်ကြိမ်တစ်ခါမှားတာနဲ့ တစ်သက်လုံး နာလန်မထူနိုင်တော့ ဘူးဆိုတာက မဟုတ်ဘူး။ ကိုယ်က ဒီဓာတ်ပုံဒီဗီဒီယိုဖိုင်တွေကို အလေးထားလို့ သူတို့က ခြိမ်းခြောက် လို့ရတာ၊ ကိုယ်က အလေးမထားဘူးဆိုရင် သူတို့လည်း ခြိမ်းခြောက်လို့ရမှာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ဂုဏ်သိက္ခာက အခုလက်ရှိ ကိုယ်ဘယ်လို အသက်ရှင်နေသလဲဆိုတဲ့ အပေါ်မှာပဲ မူတည်တယ်၊ အတိတ်ကအရာတွေပေါ်မှာပဲ မူမတည်ပါဘူး။ အမှားဆိုတာ ကိုယ်မသေမချင်း၊ ကိုယ့်အသက်ရှင် နေသရွေ့ ပြုပြင်ပြောင်းလဲလို့ရတယ်။

မေး -အမျိုးသမီးများအပေါ် အကြမ်းဖက်လုပ်ဆောင်မှုတွေ လျော့နည်းအောင် အမျိုးသားတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရပြီလား။

ဖြေ -အခုက ကျူးလွန်တဲ့ အမျိုးသားက လက်တစ်ဆုတ်စာပဲရှိတယ်၊ လစ်လျူရှုထားတဲ့ အမျိုး သားကအများစုဖြစ်နေတယ်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးတဲ့နေရာမှာ အသိပညာ ပေးဖို့ အသိပညာမြှင့်ဖို့၊ အမျိုးသမီးတွေ ခေါင်းဆောင်မှုအပိုင်းမှာ ပါဝင်ရေး အသိပညာပေးဖို့၊ အသိ ပညာမြှင့်ဖို့ အမျိုးသားတွေ ဦးဆောင်ပြီး လုပ်တဲ့လုပ်ငန်းအဖွဲ့ Engaging Men Myanmar ကို ဖွဲ့ထားပါ တယ်။ ဘာတွေလုပ်ဆောင်လဲဆိုတော့ အကြမ်းဖက်မှုဆိုတာဘာလဲ၊ ကျား၊ မ တန်းတူညီမျှခြင်းဆိုတာ ဘာလဲ၊ အမျိုးသားတွေ ဘာကြော ပူးပေါင်းပါဝင်ဖို့လိုလဲဆိုတာကို အမျိုးသားအချင်းချင်း အသိပညာ ပေးခြင်းတွေ လုပ်တယ်။ အဲ့ဒီအဖွဲ့အနေနဲ့ သုသေသနနှစ်ခုလုပ်ဖို့ရှိတယ်၊ တစ်ခုက အမျိုးသမီးတွေ ခေါင်းဆောင်မှုနေရာမှာပါဝင်လာဖို့ ဘယ်လိုသဘောထားရှိလဲ၊ အမျိုးသမီးတွေ မပါဝင်စေချင်ဘူးဆိုရင်ရော ဘာဖြစ်လို့မပါဝင်စေချင်တာလဲ၊ ပါဝင်စေချင်တယ်ဆိုရင် ဘာလို့ပါဝင်စေချင်တာလဲ၊ ပါဝင်အောင် ဘာတွေလုပ်ပေးမလဲဆိုတာကို လွှတ်တော်ကိုယ်စားလှယ် အမျိုးသားတွေရဲ့ သဘောထားတွေကို ကောက်ခံသွားဖို့ရှိပါတယ်။ နောက်တစ်ခုက အကြမ်းဖက်မှုကျူးလွန်တဲ့ အမျိုးသားတွေကို သူတို့က ဘာကြောင့် ကျူးလွန်ရတာလဲ၊ ကျူးလွန်ဖို့ ဘယ်လိုအခြေအနေတွေက တွန်းပို့တာလဲ။ အမျိုးသမီး တွေကို ဘယ်လိုသဘောထားလို့ ကျူးလွန်ရတာလဲ။ ဘယ်လိုကြောင့် ကျူးလွန်ဖြစ်သွားတာလဲဆိုတာ ကို သုသေသန လုပ်ဖို့ရှိပါတယ်။

မေး -အကြမ်းဖက်မှုဖြစ်ပေါ်စေတာ ဘယ်လို အကြောင်းအရာတွေကြောင့်လို့ မြင်ပါသလဲ။

ဖြေ -အစိုးရကျောင်းသုံး မူလတန်းဖတ်စာအုပ်တွေမှာဆိုရင် အမျိုးသမီးက ယာဉ်ထိန်းရဲမေ၊ သူနာပြုဆရာမ၊ ကျောင်းဆရာမ။ အမျိုးသမီးဆို ဝန်ဆောင်မှုပေးတဲ့ နေရာမှာပဲ ထည့်သွင်းထားတာ တွေ့ရတယ်။ နည်းပညာနဲ့ ဆက်စပ်တဲ့ အင်ဂျင်နီယာကြီးတွေ၊ ဆရာဝန်ကြီးတွေ လယ်သမားဆိုရင် လည်း အမျိုးသားပုံတွေပဲထည့်ထားတယ်။ ကျောင်းသုံးစာအုပ်တွေမှာ ပါတဲ့ပုံတွေ တို့ဖေဖေ၊ တို့မေမေ တာဝန်တွေက အမျိုးသမီးတွေရဲ့စွမ်းရည်တွေကို ကန့်သတ်လိုက်တာလို့မြင်ပါတယ်။ အမျိုးသားတွေ လုပ်တဲ့ ကိစ္စတွေကိုလုပ်နိုင်တဲ့၊ လုပ်ချင်တဲ့ အမျိုးသမီးတွေ ရှိကောင်းရှိနိုင်တယ်။ ကျွန်မကတော့ ကျောင်းစာအုပ်တွေဟာ အကြမ်းဖက်မှုရဲ့ အဓိက အရင်းအမြစ်တွေလို့ ထင်ပါတယ်။ ကလေးတွေက ငယ်စဉ်ကတည်းက ဒါတွေသင်လာတော့ သူတို့စိတ်ထဲမှာ ဒါတွေကို စွဲပြီး အကြမ်းဖက်မှုတွေ ဖြစ်ကုန် တာလို့ မြင်ပါတယ်။ ကျား၊ မ ကြားမှာ ကန့်သတ်လိုက်တဲ့ သဘောပါပဲ။

မေး -ဥပဒေပိုင်းနဲ့ ပတ်သက်ရင် သာမန်ပြည်သူတွေက ဘာတွေ လုပ်ဆောင်သင့်ပါသလဲ။

ဖြေ -ကျွန်မတို့နိုင်ငံက နှစ် ၆ဝလောက်ဥပဒေရဲ့ အကာအကွယ်ကို မရရှိခဲ့တဲ့အခါကျတော့ ပြည်သူတွေက ကိုယ့်ဘာသာငွေကြေးကို အသုံးပြုပြီးဖြေရှင်းလိုက်တယ်။ နီးစပ်ရာ အကူအညီတောင်း တာမျိုး၊ တချို့လည်း လုံးဝမတိုင်ကြားမဖြေရှင်းဘဲ နေလိုက်တာတွေလည်းရှိတယ်။ ဥပဒေကိုသိတဲ့ လူလည်း နည်းလာတယ်။ ပြည်သူတွေအနေနဲ့ ဥပဒေကိုသိသင့်တယ်။ ဥပဒေရဲ့ အကူအညီကို ယူသင့် တယ်။ အနည်းဆုံးတော့ တိုင်တန်းသင့်တယ်။ တိုင်တန်းလို့ အဆင်မပြေရင် အဆင်မပြေတဲ့အကြောင်း ကို လွှတ်တော်ကော်မတီတွေကို၊ သမ္မတရုံးကိုစာပို့တာတွေလုပ်သင့်တယ်။ အဲဒါတွေက ကျွန်မတို့ ဥပဒေတွေကို ပြောင်းလဲဖို့တိုက်တွန်းတဲ့အခါမှာ အရေးပါတဲ့ အချက်တွေပါပဲ။ အစိုးရအနေနဲ့ဥပဒေတွေ မူဝါဒတွေ ပြောင်းလဲသင့်တယ်။ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေအနေနဲ့လည်း အသိပညာ မြှင့်တင်မှု တွေကို ဆက်လက်လုပ်ဆောင်သင့်တယ်၊ Facebook, ဖုန်းအပလီကေးရှင်းတွေကနေ လူမှုကွန်ရက် သုံးရင် ဘာတွေသိထားရမယ်၊ ကိုယ်ရဲ့ လုံခြုံရေးကို ဘယ်လိုမြှင့်ထားရမလဲဆိုတာမျိုးတွေကို အသိပ ညာပေးတဲ့ အကြောင်းအရာတွေ၊ တိုင်ပင်ဆွေးနွေးလို့ရတဲ့ ကဏ္ဍတွေ လုပ်သင့်ပါတယ်။ ကျွန်မတို့အဖွဲ့ က အမျိုးသမီးတွေ ခေါင်းဆောင်းမှု အပိုင်းမှာပါဝင်လာဖို့၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ အကာအကွယ်ပေးဖို့  ဥပဒေတွေ၊ မူဝါဒတွေ၊ စနစ်တွေ ပြောင်းလဲဖို့အတွက် အစိုးရကိုတွန်းအားပေးပါ တယ်။ အတားအဆီး ဖြစ်နေတဲ့ ယဉ်ကျေးမှု စံနှုန်းတွေ၊ လူမှုအလေ့အထတွေကိုလေ့လာပြီးတော့ အဲဒီ အမြင်တွေ ပြောင်းလဲသွားအောင်လည်းအသိပညာ မြှင့်တင်တဲ့ အလုပ်တွေ လုပ်ပါတယ်။ မြန်မာနိုင်ငံ မှာက ယဉ်ကျေးမှု စံနှုန်းတွေ၊ လူမှု အလေ့အထတွေကတအားကိုအမြစ်စွဲနေတဲ့အခါကျတော့ ပင်မ ရည်ရွယ်ချက်တွေကိုသွားဖို့ အဲဒါက အတားအဆီး ဖြစ်နေပါတယ်။ အဲဒါကိုဖော်ထုတ်တယ်၊ ပြောင်းလဲ ဖို့ လည်း ကြိုးစားနေပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly