၂၀၁၅ ရွေးကောက်ပွဲနှင့် အနုပညာရှင် အမျိုးသမီးများ အသံ

၂၀၁၅ ရွေးကောက်ပွဲနှင့် အနုပညာရှင် အမျိုးသမီးများ အသံ

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို လာမည့်နိုဝင်ဘာလ ၈ ရက်တွင်ကျင်းပမည် ဟုပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် က ဇူလိုင် ၈ ရက်တွင် တရားဝင် ထုတ်ပြန်ကြေညာလိုက်သည်။ သို့ဖြစ်၍ ရွေးကောက်ပွဲ ကျင်းပရန် လပိုင်းမျှသာ လိုတော့သည်။

သို့ဖြစ်၍ရွေးကောက်ပွဲတွင် မဲထည့်မည့် အမျိုးသမီးအနုပညာရှင်များနှင့်မဇ္ဈိမကမေးမြန်းခဲ့ပြီး၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲ အပေါ် ၎င်းတို့၏ အမြင်များ၊ မဲစာရင်းမှားယွင်းနေမှုများ၊ ရွေးကောက်ပွဲ အတွက်မျှော်လင့်ချက် များကိုမေးမြန်းထား ပြီးကောက်နှုတ်ဖော်ပြပေး ထားသည်။

သရုပ်ဆောင် ထွန်းအိန္ဒြာဗို

မဲစာရင်းကပ်ပြီဆိုတော့ အိမ်က လူတွေသွားကြည့်တော့ ကျွန်မတို့ မိသားစုနာမည်မပါဘူးလို့ ပြောတယ်။ အဲဒီ အချိန် ကျွန်မတို့က ထိုင်းရောက်နေတာဆိုတော့ပြန်ရောက်တော့ အဲဒီ ရပ်ကွက်ရုံး သွားပြီး ပုံစံ ၃ တစ်ခါတည်း လုပ်ခဲ့တယ်။ အဲဒီရပ်ကွက်ကော်မရှင် ဥက္ကဋ္ဌက ပြန်လုပ်ပေးပါတယ်။ အခု အိမ်ထောင်စုဇယားနဲ့ ထပ်လာရမယ်လို့ အကြောင်းကြားလာပါတယ်။ ၁၂ ရက်နေ့လောက် ထပ်သွားမယ် ။
ရွေးကောက်ပွဲမှာ စာရင်းမှားတာတွေက ပထမတော့ ကျွန်မတို့ နိုင်ငံမှာကရွေးကောက်ပွဲ လုပ်တာ used to (အလေ့အကျင့်ရခြင်း) မဖြစ်တဲ့အတွက် မှားသင့်သလောက်တော့ မှားမယ် ဆိုတဲ့စိတ် ရှိတယ်။ ဒါပေမယ့် နောက်ပိုင်းကျတော့ သူ့ မှားပုံ မှားနည်းက တအားများလာတဲ့အခါကျတော့ နည်းနည်းတော့ စိတ်ပျက်စရာ ကောင်းလာတယ်။ သံသယ ဝင်စရာ အတွေးတွေပါဖြစ်စေလာ တယ်။ သူတို့ သဘောရိုးနဲ့ မှားတယ် ဆိုရင် တောင်မှ ဒါဟာ သံသယ ဝင်စရာ သဘောရိုးမှ ဟုတ်ရဲ့လား ဆိုတဲ့ သံသယဖြစ်စရာ အတိုင်းအတာတွေ ဖြစ် လာတာပေါ့။

မဲပေးခွင့် ဆိုတာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်ပါတယ်။ အသက်အရွယ်မရွေးနဲ့ သက်ဆိုင်ပါတယ်။ အသက်က ငယ် သေးလို့ ထည့်ခွင့် မရသေးပေမယ့်လည်း ငါထည့်ခွင့်ရတဲ့အခါမှာ ငါမဲကို ဘယ်လို တန်ဖိုးထားရမယ်ဆိုတဲ့ အတွေး မျိုး ကလေးတွေမှာ ရှိအောင် လူကြီးတွေက ညွှန်ပြသွားဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့က မဲထည့်ခြင်း တစ်ခုတည်းနဲ့ပဲ အစိုးရကို ကျွန်မတို့က ထိန်းကျောင်းနိုင်တာ ဖြစ်ပါတယ်။

ကျန်တဲ့အချိန်မှာ ကျွန်မတို့ ဘာတစ်ခုမှ မလုပ်နိုင်ဘူး။ ကျွန်မတို့က မဲထည့်ခြင်းအားဖြင့် ပြည်သူတွေက ငါတို့ကိုစောင့်ကြည့်နေ တယ် ဆိုတဲ့ အစိုးရရဲ့ စိတ်ထဲမှာ အဲဒီလို ခံစားမှု ဖြစ်ပေါ်စေတယ်။ အဲတာမှ ငါသာ မဟုတ်က ဟုတ်က လုပ်လို့ရှိရင် နောက် တစ်ခါ ရွေးကောက်ပွဲ ကျရင် ငါ့ကို ပြည်သူတွေက မဲနဲ့ ဝိုင်းဖြုတ်ကြလိမ့်မယ် ဆိုတဲ့ အတွေးမျိုး အစိုးရကို ဖြစ်ပေါ် စေတယ်။ ကျွန်မတို့ အစိုးရကို ပြုပြင် ထိန်းကျောင်းနိုင်တဲ့ နည်းလမ်းက ဒီတစ်နည်းပဲ ရှိတဲ့အတွက် လူတိုင်း ကိုယ့် အခွင့်အရေးကို လက်လွှတ် ဆုံးရှုံးမခံဘဲနဲ့ မဲထည့်ဖြစ်အောင် ထည့်ရပါမယ်။

ထားထက်ထက် (Miss Grand Myanmar 2013)

ထားထက်ထက် အနေနဲ့ကတော့ အကုန်လုံးပေါ့။ ကိုယ်လည်း ပြည်သူတစ်ယောက် ဆိုတော့ ပြည်သူတစ်ယောက် ထင်တဲ့မြင်တဲ့ အတိုင်း ဘယ်အရာပဲဖြစ်ဖြစ် တကယ် မှန်မှန်ကန်ကန်နဲ့ အကောင်းဆုံး ဖြစ်လာဖို့ပဲ မျှော်လင့်ပါ တယ်။ ဘယ်လို အခြေအနေမျိုး ပဲဖြစ်ဖြစ်မှန်မှန်ကန်ကန် ရွေးချယ်ပြီး အကောင်းဆုံး ဖြစ်လာဖို့ပဲ မျှော်လင့်ပါတယ်။ ကိုယ်နဲ့ သိတဲ့ လူတွေမှာ မဲစာရင်း မပါတာတွေ ရှိတာ တွေ့တော့ ကိုယ်တိုင် နာမည်စာရင်း ပါလား မပါလားတော့ သွားပြီး ကြည့်ဖို့တော့ ရှိပါတယ်။

ရွေးကောက်ပွဲဆိုတဲ့ အပေါ်မှာတော့ ထားထက်ထက် အနေနဲ့ အဲလောက်ကြီးထိတော့ ဉာဏ်မမှီပါဘူး။ အသေးစိတ်က အစ အများကြီး မသိပါဘူး။ အကောင်းဆုံး ဖြစ်ဖို့ပဲ ကိုယ်တတ်နိုင်သလောက် ကိုယ့်ဘက်ကနေ ကိုယ်လုပ်ပေးနိုင်တဲ့ အရာတွေ လုပ်ပေးပြီးတော့ အကောင်းဆုံး ဖြစ်လာဖို့ပဲ မျှော်လင့်ပါတယ်။

အိမွန်ခိုင် (Miss Earth Myanmar 2014)

ပြည်သူတစ်ယောက်အနေနဲ့ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲကို သိသင့်တယ်လို့ ထင်တယ်။ ညီမ ဖတ်ဖူးတဲ့ စာအုပ် တွေထဲမှာဆို တိုင်းပြည်ဆိုတာ ပြည်သူတွေနဲ့ လုပ်ထားတာ ဖြစ်တဲ့အတွက် ပြည်သူတွေ ကောင်းမှသာ တိုင်းပြည် တစ်ခုကကောင်းလာ မှာပေါ့နော်။

အဲတာကြောင့်မို့လို့ ညီမအနေနဲ့ တစ်ဦးတစ်ယောက်တည်းတင် မဟုတ်ဘဲနဲ့ တိုင်းပြည်တစ်ခုလုံး ဖွဲ့စည်းထားတဲ့ ပြည်သူတွေ အားလုံးက တက်ညီလက်ညီနဲ့ ကိုယ့်တိုင်းပြည်အတွက်ကို အကျိုး ရှိအောင် လုပ်ပေးနိုင်ပြီးတော့ ပြည်သူတွေကို တစ်ဘက် တစ်လမ်းကနေ ထောက်ပံ့ပေးနိုင်မယ့် နိုင်ငံ့ခေါင်းဆောင်မျိုးကိုပဲ ညီမတို့အနေနဲ့ကတော့ မဲပေးချင်ပါတယ်။

ရွေးကောက်ပွဲ ဆိုတာကတော့ အများကြီးတော့ နားမလည်ဘူးပေါ့နော်။ ဒါပေမယ့် ညီမတို့ ဒီ ရွေးကောက်ပွဲတွေ ရှိလာတဲ့ အတွက် ကိုယ့်ရဲ့တိုင်းပြည်ကို တစ်ဘက်တစ်လမ်းကနေ ဘယ်လိုမျိုး ပြောင်းလဲမှုတွေ ဖြစ်နိုင်လဲ။ ညီမတို့ ပြည်သူအနေနဲ့ဆိုရင် ကိုယ့်တိုင်းပြည်ကို Developing ကနေ Developed Country ဖြစ်သွားအောင် တောင့်တတဲ့ အတွက် ဒီရွေးကောက်ပွဲတွေကနေ မှန်ကန်တဲ့ ရွေးချယ်မှုတွေနဲ့ တိုင်းပြည်က ဒီထက့်ပိုပြီး တိုးတက်သွားဖို့ကို ညီမတို့က ပိုပြီး မျှော်လင့်ပါတယ်။

ဂုဏ်ရည်အေးကျော်  (Miss Myanmar International 2013)

အခု ပြောနေကြတဲ့ ၅ နှစ်အတွင်းမှာ ဘာတွေ ပြောင်းလဲလာတယ်၊ ဘယ်လိုတွေ ဖြစ်လာတယ်ပေါ့။ ဘာမှ မဖြစ် နိုင်ဘူး၊ ဘာဖြစ် လာမယ်တွေ ပြောနေမယ့်အစား အပြောင်းအလဲကို လူတိုင်း လိုချင်တယ်လည်း ပြောသေးတယ်။

အပြောင်းအလဲ ဖြစ်လာမယ့် ဟာလေးကို မြန်မာနိုင်ငံက ၂၅ နှစ်အတွင်းမှာတောင် ဘာမှ ပြောင်းလဲမှု မရှိခဲ့ဘဲ ဒီအတိုင်း တံခါးပိတ်ဝါဒ ကျင့်သုံးလာခဲ့တာပဲ။ ၃ ၊ ၄ နှစ်လောက် ကလေးကို ခဏလေး သူများ လက်ထဲ ထည့် ကြည့်ပေါ့။ အဲတာဆို ဘာတွေ ပြောင်းလဲလာမလဲ ဂုဏ်ရည်တို့လည်း သိချင်တယ်။

ဂုဏ်ရည်က မန္တလေးမှာ နေတဲ့အတွက် မန္တလေးကို ပြန်ပြီး မဲထည့်မှာပါ။ ဖြစ်စေချင်တာပဲ သိတယ်။ အဲဒီ အတွက်လည်း မဲပေးမယ်၊ ဖြစ်လာတာ မဖြစ်လာတာကတော့ မသိဘူးပေါ့နော်။ အပြောင်းအလဲ တစ်ခုကို ဂုဏ်ရည်လည်း လိုချင်ပါတယ်။ Change လုပ်နိုင်မှ တိုးတက်မယ်။ Change တစ်ခုကို လက်ခံနိုင်ရမယ်။ ပြောင်းလဲသင့်တာကိုလည်း ဂုဏ်ရည်တို့ သိနေကြ တယ်။ Change တစ်ခု ဖြစ်လာမလား ဆိုပြီး မဲပေးတာပါ။  

အဆိုတော် သံသာဝင်း

မဲစာရင်း ထုတ်မယ်ဆိုတာ သိကတည်းက အစ်မတို့ ရပ်ကွက်ကောင်စီကို တစ်ပတ်ကို တစ်ခါလောက် ခဏခဏ သွားနေတာ။ သွားနေတော့ သူတို့က သိနေတယ်။ မပါမှာစိုးလို့ တစ်ချိန်လုံး သွားသွားပြီး အတိအကျ ပေးတယ်။ ဒါပေမယ့် တကယ်တည်း ထွက်လာတော့ ကိုအနဂ္ဂ နာမည် ပါပေမယ့် မသိမသာလေး မှားနေတယ်။ မှတ်ပုံတင် နံပါတ် မှားနေတာပေါ့ ။ ဒီအတိုင်း ရုတ်တရက် ကြည့်လိုက်ရင်တော့ အကုန်လုံး မှန်နေသလိုပေါ့။ ဒါပေမယ့် မှတ်ပုံတင် မှားတဲ့အခါကျ ချက်ချင်းပဲ ဒီပုံစံကိုဖြည့် ပြီးပြန်လျှောက်ခဲ့တယ်။

ရွေးကောက်ပွဲအမြင် ဆိုတာထက် တရားမျှတတဲ့ ရွေးကောက်ပွဲကို မျှော်လင့်တယ်။ ဒါပေမယ့် အခု ဒီပုဒ်မတွေပြင်ဆင်တဲ့အပိုင်း က စပြီးတော့ အစ်မတို့ တစ်ခုမှ အားမရဘူး။ ရှင်းရှင်း ပြောရရင်တော့ အစ်မတို့ ၄၃၆ ပြင်ဆင် ဖို့ကို အနုပညာရှင်တွေ အများကြီး လက်မှတ်ထိုးခဲ့တယ်ပြည်သူ ၅သန်းကျော် နီးပါးရဲ့ လက်မှတ်ကိုလည်း  အရေးမယူတဲ့အခါကျတော့ အစ်မတို့အတွက်

သံသယဖြစ်စေ ပါတယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်ပါ့ မလား။ ဒီသံသယကို ပိုပြီး တိုးပွားစေတာက မဲစာရင်းတွေပါပဲ။ မဲစာရင်းတွေမှာ အစ်မ ကြားတဲ့ နေရာတိုင်းက မှန်တယ် ဆိုတဲ့သူ မရှိသလောက်ပဲ။ ဥပမာ ၁၀၀ ရာခိုင်နှုန်းမှာ တစ်တိုင်းပြည်လုံး အနေအထားအရဆိုရင် ၇၀၊ ၈၀ ရာခိုင်နှုန်းလောက်ကို မှားနေတယ်။ ဧည့်စာရင်းတုန်းကတောင်သူတို့ တစ်အိမ်ဝင်တစ်အိမ်ထွက် တုန်းကတောင် မှန်သေးတာပဲ။ မဲစာရင်းဆိုတဲ့ အရေးကြီးတဲ့ ကိစ္စမှာ ဒီလိုမျိုးတွေ ထုတ်ပြန်တာတော့ လုံး၀ မဖြစ်သင့်တဲ့ ကိစ္စပဲ။

အဲဒါလည်း သံသယ တစ်ခုရှိတယ်။ ပုဒ်မတွေ ပြင်ဆင်တဲ့အခါမှာလည်း အများက တောင့်တနေပေမယ့် သူတို့ရဲ့ ထားတဲ့ဘောင် အရ သိပ်ပြီးတော့ မမျှတဘူး။  ၁၀၀ မှာ ၇၆ ယောက် ရမှ အောင်မယ်ဆိုတဲ့ ပုံစံမျိုးက မမျှတတဲ့ ဟာကို သပ်သပ်ကြီး ထည့်ပြီးတော့ ဒါကို ပြန်ပြင်ပေးမယ်လို့ မျှော်လင့်ခဲ့ပေမယ့် မျှော်လင့်တဲ့အတိုင်း မဖြစ်ခဲ့တာ ကြောင့် သံသယတော့ ဖြစ်ပါတယ်။ တရားမျှတမှု ရှိပါ့မလားပေါ့။

၁၉၉၀ ရွေးကောက်ပွဲတုန်းကလည်း အစ်မတို့ မှီခဲ့တယ်၊ မှီခဲ့တယ် ဆိုပေမယ့် အစ်မတို့ နားမလည်သေးတဲ့ အရွယ်ပေါ့။ တကယ် တမ်းနားလည်တဲ့ အရွယ်မှာကျတော့ ၂၀၀၈ တုန်းကဆိုရင်လည်း ဘယ်လိုတွေဖြစ်သွား ပြီးတော့ နာဂစ်တွေ ဘာတွေနဲ့ အားလုံး ကအာရုံ မရောက်ခဲ့တဲ့ အချိန်ပေါ့သိပ်ပြီးတော့ စိတ်မဝင်စားခဲ့ဘူး။ တကယ်တမ်း စိတ်ဝင်စားတဲ့အချိန်မှာ ကြားဖြတ်ရွေးကောက်ပွဲ မှာ အန်တီစုအပြင် ထွက်လာပြီးနောက်ပိုင်း အစ်မ စိတ်ဝင်စားတယ်။

စိတ်ဝင်စားတဲ့အတွက်ကြောင့်မို့လို့လည်း ကိုယ် ယုံကြည် အားကိုးတဲ့သူရဲ့ပါတီကို အန်တီစု ဦးဆောင်တဲ့နေရာကို အစ်မတို့က support လုပ်ပေးတယ်။ ကိုယ်တတ်နိုင်တဲ့ဘက်က ဒါကတော့ အစ်မတို့ ယုံကြည်ချက်ပေါ့။

ရွေးကောက်ပွဲ ဆိုတဲ့ အဓိပ္ပာယ် ကတော့ ပြည်သူလူထုက တကယ်ကို ယုံကြည် စိတ်ချလို့ ရွေးကောက်ထားတဲ့လူကိုသာ အစ်မ တို့တိုင်းပြည်မှာခေါင်းဆောင်ဖြစ်စေချင်တယ်။ အဲတာ ရွေးကောက်ပွဲ အဓိပ္ပာယ်ကလည်း နိုင်ငံတိုင်းမှာ ဒါပဲ။ ရွေးကောက်တယ် ဆိုတာ ပြည်သူလူထုက ရွေးကောက်ထားတဲ့ လူအစစ် သာ ခေါင်းဆောင်အစစ်သာ နိုင်ငံတစ်နိုင်ငံကို ဦးဆောင်တဲ့သူဖြစ်ကိုဖြစ် ရပါမယ်။ အဲတာကိုလည်း အစ်မတို့ မျှော်လင့်နေတာ တော်တော်ကြာပါပြီ။

မျှော်လင့်တဲ့အတိုင်းလည်း အခု တစ်ခေါက်က ဖြစ်မလား မဖြစ်ဘူးလား ဆိုတာကိုလည်း တကယ်ကို စိတ်ဝင်စားစွာနဲ့စောင့်ကြည့် ရမှာပေါ့။ ဒါကအစ်မတို့ တိုင်းပြည်အတွက် အရမ်း အရေးကြီးတဲ့ အချိန်တစ်ချိန်။ အနာဂတ်က ဒီ ရွေးကောက်ပွဲပေါ်မှာ မူတည်နေ ပါတယ်။ ဒါကြောင့် ဒီနှစ် ရွေးကောက်ပွဲကို ပိုပြီးတော့ စိတ်ဝင်စားသလို အရမ်းကို စိုးရိမ်ပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့မတရား တာတွေ က အရမ်းကို မြင်နေရတဲ့အတွက်ကြောင့်ပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly