လက်ပိုက်ကြည့်ခံနေရသော အွန်လိုင်းအကြမ်းဖက်မှု

လက်ပိုက်ကြည့်ခံနေရသော အွန်လိုင်းအကြမ်းဖက်မှု

အွန်လိုင်းတွင် ခြိမ်းခြောက်၊ တိုက်ခိုက်ခံရသူ အမျိုးသမီးတို့ကို ကူညီကာကွယ်ပေးသူ နည်းပါးကြောင်း ကာယကံရှင်များ၊  လူအခွင့်အရေး လှုပ်ရှားသူများကပြောသည်။

ရန်ကုန် (Myanmar Now) - ပြီးခဲ့သည့်နှစ်လယ်ပိုင်းကရန်ကုန်၊ တာမွေမြို့နယ်မှအသက် ၃ဝအရွယ် အမျိုးသမီးတစ်ဦး၏ လက်ကိုင်ဖုန်းကို ကောက်ရခဲ့သူက ဖုန်းထဲမှ ဓာတ်ပုံတို့ကို ဝတ်လစ်စ လစ်ပုံများအဖြစ် ပြုပြင်ပြီး အင်တာနက်တွင် ဖြန့်မည်ဟုခြိမ်းခြောက်ကာ ငွေတစ်သိန်း တောင်းခဲ့သည်။

ဒုတိယအကြိမ် ခြိမ်းခြောက်ငွေတောင်းစဉ် ထိုပုံများ အမှန်တကယ်ဖန်တီးပြီး ပေးပို့ရာ ထိုအ မျိုးသမီးက မြို့နယ် ရဲစခန်းသို့ တိုင်ကြားရန် ကြိုးစားခဲ့သည်ဟု အမှုဖွင့်ရန် လိုက်ပါကူညီသူ နိုင်ငံတ ကာ လူ့အခွင့်အရေး အဖွဲ့တစ်ခုဖြစ်သည့် ARTICLE 19 ၏ရန်ကုန်ရုံးမှ စီမံရေးရာ အရာရှိ မယဉ်ရ တနာသိန်းက ပြောသည်။ သို့သော်လည်း ရဲစခန်းကသူတို့၏ တိုင်ကြားချက်ကို လက်ခံခဲ့ခြင်းမရှိဟု ဆိုသည်။

“ရဲစခန်းမှာ အမှုဖွင့်ဖို့မနက် ၁ဝနာရီလောက်ကတည်းက ညနေ ၅ နာရီလောက်အထိ သွားစောင့်ခဲ့ပေမဲ့ တာဝန်ကျရဲတွေကလည်း နည်းပညာနဲ့ ပတ်သက်ပြီးနားမလည်၊ စခန်းမှူး ပြန်မ လာသေးတာနဲ့ အမှုဖွင့်ခွင့် မရခဲ့ဘူး”ဟု မယဉ်ရတနာသိန်းက ရှင်းပြသည်။

Myanmar Now က တာမွေမြို ့နယ်ရဲစခန်းသို့ သွားရောက် မေးမြန်းရာ အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက အိုင်တီနည်းပညာနှင့် ဆက်စပ်သည့် အမှုမျိုး တိုင်ကြားချိန်တွင် စခန်းမှူး ရှိမှသာ လက်ခံအမှုဖွင့်ပေးသည်ဟု ရှင်းပြသည်။

အမျိုးသမီးအများအပြား အင်တာနက်တွင် ခြိမ်းခြောက်၊ ငွေညှစ် ခံနေရသော်လည်း အနည်း ငယ်ကသာ ဥပဒေကြောင်းအရ ဖြေရှင်းကြပြီး ထိုသို့ ဖြေရှင်းရာတွင်လည်း အာဏာပိုင်များနှင့် ပတ်ဝန်းကျင်၏ ကူညီမှု အလွယ်တကူ မရရှိကြကြောင်း ကာယကံရှင် အမျိုးသမီးများ၊ လူအခွင့်အရေး လှုပ်ရှားသူများက ပြောသည်။

အွန်လိုင်းအကြမ်းဖက်မှု

ရန်ကုန်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် နေထိုင်သည့် မရတနာကျော်သူ (အမည်လွဲှ) ကို ယခုနှစ်လယ်ပိုင်းတွင် အမျိုးသား အများအပြားက ပျော်ပါးရန် ဖုန်းဆက် ပြောဆိုမှု အကြိမ်ကြိမ်ရှိခဲ့ သည်ဟု ဆိုသည်။ သူ၏ဓာတ်ပုံများ၊ ဖုန်းနံပတ်တို့ကို Facebook စာမျက်နှာ တစ်ခုတွင် တစ်စုံတစ် ယောက်က တင်ထားပြီးနောက်ပိုင်း ဖုန်းဆက် ဈေးမေးလာကြခြင်းကြောင့် ဖုန်းကတ်ကို ပြောင်းလဲ အသုံးပြုခဲ့ကြောင်း ပြောသည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ရဲစခန်းကို မတိုင်ချင်ဘူး။ အမှုဖွင့်ရင်၊ တရားရင်ဆိုင်ကာလက ရှည်သွားရင် အလုပ်ပျက် အကိုင်ပျက်လည်း ဖြစ်ဦးမယ်၊ ကိုယ့်ကြောင့် အိမ်ကမိဘတွေ ဂုဏ်သိက္ခာ ကျမှာလည်း မလိုလားဘူး” ဟုအသက် ၂ဝ ကျော်အရွယ် မရတနာကျော်သူ ကဆိုသည်။ အဆိုပါ စာမျက်နှာ ရုပ်သိမ်းသွားနိုင်ရေးအတွက် အင်တာနက်သုံးသည့် သူ့မိတ်ဆွေများက Facebook သို့ တိုင်ကြား ကန့်ကွက်ခဲ့ကြသည်ဟုဆိုသည်။

ရန်ကုန်အခြေစိုက်  Colours Rainbowအဖွဲ့မှ ရှင်းသန့်က လိင်တူချစ်သူများကို အွန်လိုင်းတွင် အမုန်းစကား ပြောကြားခြင်း၊ လိင်ပိုင်းဆိုင်ရာ သွေးတိုးစမ်းခြင်း၊ မိမိပုံကို အပြာဝက်ဆိုက်တွင် တင်မည်ဟု ခြိမ်းခြောက် ငွေညှစ်ခြင်းတို့ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရကြောင်း ပြောသည်။

“တချို့ယောက်ျားတွေက နှမသားချင်း မစာနာဘဲ ဖုန်းဆက်ပြီး ဈေးမေးကြတယ်။ နောက်ဆုံး ဖုန်းလာရင်တောင်မှ မကိုင်ရဲတဲ့အဖြစ်မျိုးလေးတွေလည်း ရှိပါတယ်” ဟုရှင်းသန့်က ပြောပြသည်။ အင်တာနက် လူမှုကွန်ရက်သုံးသူ အမျိုးသမီးတချို့သည် လိင်ပိုင်းဆိုင်ရာ စော်ကားပြောဆိုခံနေ ရသည်၊ တည်းခိုခန်း၊ ပန်းခြံအတွင်း လူပြတ်သောနေရာတို့တွင် ချိန်းတွေ့သော စုံတွဲတချို့ကို လျှို့ဝှက်ရိုက်ကူးထားသော ဓာတ်ပုံ၊ ဗီဒီယိုဖိုင် အများအပြားလည်း အင်တာနက် စာမျက်နှာတွင် ရှိနေသည်။  

ရန်ကုန်အခြေစိုက် Gender Equality Network အဖွဲ့မှ ဆက်သွယ်ရေးတာဝန်ခံ မအေး သဒ္ဒါလှက "နှစ်ကိုယ်ကြားပဲ မြင်တွေ့သင့်တဲ့ ဗီဒီယိုတွေကို လူမှုကွန်ရက်ပေါ်မှာ ဖြန့်ဝေတာ အများ ဆုံးတွေ့ရတယ်။ အဲ့ဒီလို အွန်လိုင်းပေါ်မှာ အကြမ်းဖက်ခံရတဲ့အခါ အမျိုးသမီး အများစုကဥပဒေရဲ့ အကူအညီ မရယူတာကို တွေ့ရတယ်" ဟုပြောသည်။

၎င်းတို့အဖွဲ့သည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး ဥပဒေကြမ်း ရေးဆွဲစဉ်က အစိုးရကို နည်းပညာပိုင်းဆိုင်ရာ အထောက်အကူ ပေးခဲ့ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက် တစ်ခုတွင် နည်းပညာနှင့် ဆက်စပ်သည့် အကြမ်းဖက်မှုကိုလည်း ထည့်သွင်းထားသည်ဟု သူက ရှင်းပြသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အမတ်တစ်ဦးဖြစ်သည့် ဦးနေမျိုးကျော်ခေါ် ဘလော်ဂါ နေဘုန်းလတ်က အွန်လိုင်းသုံးစွဲသူ အများစု ဒစ်ဂျစ်တယ်နည်းပညာ နားလည် တတ်မြောက်မှု အားနည်းနေသဖြင့် အစိုးရ ရုပ်သံကနည်းပညာနှင့် ပတ်သက်သည့် ပညာပေး အစီအစဉ်များ ထုတ်လွှင့်ပေးသင့်သည်ဟု ဆိုသည်။

“ပညာပေးရော ပညာရေးရောကို တပြိုင်တည်း ဟန်ချက်ညီညီ လုပ်ဆောင်သင့်ပါတယ်”ဟု ဦးနေမျိုးကျော်က ပြောသည်။

အာဏာပိုင်တို့နှင့် နည်းပညာအားနည်းချက်

အကြမ်းဖက်မှု လျော့နည်းလာစေရန်အတွက် အဓိကကြီးသည်မှာ တရားဥပဒေ စိုးမိုးရေးပင် ဖြစ်သည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောသည်။ နိုင်ငံတကာကဲ့သို့ပင် နည်းပညာနှင့် ပတ်သက်သည့် ကိစ္စများကို ဖြေရှင်းပေးသည့် ဆိုက်ဘာ (Cyber) ရဲတပ်ဖွဲ့  သီးသန့်ဖွဲ့စည်းရန် လိုအပ်ကြောင်း ဦးနေမျိုးကျော်က သုံးသပ်သည်။

“ရဲဌာနတွေကိုလည်း အဆင့်မြှင့်တင်ဖို့လိုပါတယ်၊ အိုင်တီနဲ့ပတ်သက်ပြီး ပညာပေးတာတို့၊ စွမ်းဆောင်ရည် မြှင့်ပေးတာတို့ လုပ်သင့်ပါတယ်”ဟု လွှတ်တော်အမတ်က ဆိုသည်။ ရန်ကုန်တိုင်းဒေ သကြီး ရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ ဒုရဲမှူးတစ်ဦးက မြန်မာနိုင်ငံတွင် ဆိုက်ဘာရဲတပ်ဖွဲ့ သီးသန့်မ ရှိသော်လည်း စီအိုင်ဒီမှုခင်း ရဲတပ်ဖွဲ့အောက်တွင် နည်းပညာမှုခင်းအဖွဲ့ရှိပြီး ညွှန့်ကြားချက်ရှိလာပါက အွန်လိုင်းမှုခင်းနှင့် ပတ်သက်သည်များကို စစ်ဆေးပေးသည်ဟုဆိုသည်။

အွန်လိုင်းတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်ခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ စော်ကားခြင်းတို့နှင့် ကြုံတွေ့ရလျှင် ကာယကံရှင်က အီလက်ထရွန်နစ် သက်သေအထောက်အထား တင်ပြပြီး တရား စွဲဆိုနိုင်ကြောင်း ရဲတပ်ဖွဲ့ဌာနချုပ်၊ သတင်းနှင့် နည်းပညာဌာနက ကြေညာချက်ထုတ်ထားသည်။ မြို့နယ် တရားရုံး၊ ရဲစခန်းတို့တွင် ဆက်သွယ်ရေးဥပဒေဖြင့် ဦးတိုက်လျှောက်ထား တိုင်တန်းလာလျှင် အရေးယူနိုင်ရန် ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

အမျိုးသမီးများအပေါ် နည်းမျိုးစုံနှင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူ စာချုပ်ကို မြန်မာနိုင်ငံက  ၁၉၉၇ တွင် လက်မှတ်ထိုးထားသည်။ ၂ဝ၁၃ ခုနှစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) တွင် ဆက်သွယ်ရေး ကွန်ရက်တစ်ခုခုကို အသုံးပြု၍ ခြောက်လှန့်ခြင်း၊ အနိုင်အထက်ပြုခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းတစ်ခုခုကို ကျူးလွန်ပါက ငွေဒဏ်မှ ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

"၆၆(ဃ) လိုပုဒ်မမျိုးက ပေါ်တာမကြာသေးဘူး။ နည်းပညာကိုလည်း သေသေချာချာ နားမ လည်၊ ဘယ်ဖြစ်စဉ်က ပြစ်မှုမြောက်လဲဆိုတာကို သေသေချာချာ နားမလည်သေးတော့ စခန်းမှူးရှိတဲ့ အချိန်ပဲ ပုဒ်မတပ် အမှုဖွင့်ပေးတဲ့ သဘောပါ" ဟုတာမွေမြို ့နယ်ရဲစခန်းမှ အရာရှိတစ်ဦးကပြောသည်။

ရဲတပ်ဖွဲ့က နည်းပညာအားနည်းသဖြင့် ပြည်သူတို့ကို အကာအကွယ်ပေးရာတွင် ခက်ခဲနေ သည်ဟု ရန်ကုန်မှ အထင်ကရ ရှေ့နေတစ်ဦးဖြစ်သည့် ဦးရောဘတ်စန်းအောင်က သုံးသပ်သည်။ “အွန်လိုင်းပေါ်မှာ အကြမ်းဖက်ခံရမှုတွေဖြစ်ရင် အခုလက်ရှိအနေအထားအရ နိုင်ငံတော်နဲ့ ဆိုင်နေတဲ့ အမှုကိစ္စတွေကိုတော့ ဖော်ထုတ် အရေးယူနေပါတယ်။ သာမန်လူတွေဖြစ်တဲ့ ကိစ္စကိုတော့ အရေးယူ တာမျိုးတွေ မတွေ့ရ သေးပါဘူး”ဟု ဦးရောဘတ်စန်းအောင်က ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့၏ ဓာတ်ပုံကို ပြုပြင်ပြီး အင်တာနက်တွင် ဖြန့်ဝေမှုဖြင့် အရေးယူခံရ သူများ၊ အမှု ရင်ဆိုင်နေရသူများ ရှိနေသည်။

ပတ်ဝန်းကျင်

ဖုန်းကတ်ဈေးနှုန်း ကျပ်သိန်းဂဏန်း ပေါက်ဈေးရှိသည့်ကာလတွင် မှတ်ပုံတင်ပြီး အသုံးပြုကြ သော်လည်း ဈေးနှုန်းကျပ်ထောင့်ငါးရာအထိ ကျဆင်းလာပြီး နိုင်ငံအနှံ့ ကတ်အရေအတွက် သန်းနှင့်ချ ရောင်းချစဉ် ဆက်သွယ်ရေး ကုမ္ပဏီတို့က မှတ်ပုံတင်သည့် လုပ်ငန်း လုပ်ဆောင်ခြင်း မရှိတော့ပေ။

အကျိုးဆက်မှာ မည်သည့်ဖုန်းနံပတ်ကို မည်သူအသုံးပြုနေသည် ဆိုသည့် အချက်အလက်များ မှာ အာဏာပိုင်တို့ မှတ်တမ်းတင်ထားနိုင်ခြင်း မရှိသေးပေ။ Facebook, Viberအကောင့် အတု ဖွင့်ထားသူ အများအပြား ပေါ်ပေါက်လာချိန်တွင်  ဖုန်းကတ်ဖြင့် အင်တာနက် သုံးစွဲပြီး ပြစ်မှုကျူး လွန်သူတို့ကို ခြေရာခံရ ခက်ခဲလာသည်။ 

ရန်ကုန်အခြေစိုက် အိုင်တီဖွံ့ဖြိုးရေးအဖွဲ့တစ်ခုဖြစ်သည့် Myanmar ICT for Development Organization (MIDO) မှ တာဝန်ခံတစ်ဦးဖြစ်သည့် မရတနာထွန်းက အကြမ်းဖက်ခံရသူဘက်မှ ရပ်တည်ကြရန် လိုအပ်သည်ဟု ပြောသည်။

“ကိစ္စတစ်ခု အင်တာနက်ပေါ် ရောက်ပြီဆိုတာနဲ့ ဒါကအမှန်ပဲဆိုပြီးတော့ ယူဆတဲ့သူတွေ ရှိသလို၊ အခုလို အွန်လိုင်းမှာ အကြမ်းဖက်ခံရ၊ အရှက်ခွဲခံရတယ်ဆိုရင် လူတွေက ခံလိုက်ရတဲ့သူတွေ ကို စာနာတာမျိုး မဟုတ်ဘဲ၊ ခံရတဲ့သူကိုပဲ အပြစ်ပုံချတာမျိုးတွေ ရှိတယ်” ဟုသူကဆိုသည်။ Colours Rainbow မှ ရှင်းသန့်ကလည်း မတရားမှုမှန်း သိပါလျက်နှင့် ကြားနေခြင်းသည် အကြမ်းဖက်သူ ဘက်မှ ရည်တည်သကဲ့သို့ ဖြစ်သွားနိုင်သည်ဟု သတိပေးသည်။ 

အိုင်တီ၊ မီဒီယာ၊ အရပ်ဘက်အဖွဲ့များကို ဆက်စပ် အကူအညီပေးနေသည့် ရန်ကုန်အခြေစိုက် ဖန်တီးရာအဖွဲ့မှ တာဝန်ခံ တစ်ဦးဖြစ်သည့် မအိမြတ်နိုးခင်က အကြမ်းဖက်ခံရသူကို ပတ်ဝန်းကျင်က ဖေးမဝိုင်းဝန်းရန် အားနည်းနေဆဲ ဖြစ်သည်ဟုပြောသည်။ “အမျိုးသမီးတစ်ဦး အရှက်ခွဲခံရတယ်။ အကြမ်းဖက်ခံရတယ် ဆိုရင် အပြစ်တင်တဲ့ အထဲမှာ အမျိုးသမီးတွေ ကိုယ်တိုင်ပါဝင်နေတယ် ဆိုတာ ကိုတွေ့ရပါတယ်။ ဒါကြောင့် ပြောချင်တာက အမျိုးသမီးတွေကိုလည်း အမျိုးသမီးတွေက ချစ်ဖို့လိုပါ တယ်” ဟု မအိမြတ်နိုးခင် ကဆိုသည်။

အွန်လိုင်း အကြမ်းဖက်မှုကို တွေ့မြင်ပါက ကန့်ကွက်ခြင်း၊ သက်ဆိုင်ရာသို့ တိုင်ကြားခြင်း ပြုလုပ်သင့်သည်ဟု Gender Equality Network အဖွဲ့မှ  မအေးသဒ္ဒါလှက အွန်လိုင်းသုံးသည့် အမျိုးသားများကို တိုက်တွန်း လိုက်သည်။ "အခုက ကျူးလွန်တဲ့ အမျိုးသားက လက်တစ်ဆုတ်စာ ပဲရှိတယ်၊ လစ်လျူရှုထားတဲ့ အမျိုးသားက အများစု ဖြစ်နေတယ်"ဟု မအေးသဒ္ဒါလှက ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required