၂၁ ရာစု ပင်လုံတွင်ပါ၀င်သည့် ကိုယ်စားလှယ်များကို လူဖြစ်ရကျိုးနပ်အောင် ကြိုးစားရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

၂၁ ရာစု ပင်လုံတွင်ပါ၀င်သည့် ကိုယ်စားလှယ်များကို လူဖြစ်ရကျိုးနပ်အောင် ကြိုးစားရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ရန်ကုန်၊ စက်တင်ဘာ ၃ ။             ။ ၂၁ ရာစု ပင်လုံညီလာခံတွင် ပါဝင်ဆွေးနွေးကြသည့် ကိုယ်စားလှယ်များကို လူဖြစ်ရကျိုးနပ်အောင် ကြိုးစားကြဖို့ နိုင်ငံ တော် အတိုင်ပင်ခံပုဂ္ဂိုလ်   ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြား လိုက်သည်။

စက်တင်ဘာလ ၃ ရက်နေ့က ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ရာစု ပင်လုံ နောက် ဆုံးနေ့၌ ပြောကြားသော အပိတ်မိန့်ခွန်းတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်   ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြော ကြားခဲ့ခြင်း ဖြစ်သည်။

"ဒီကနေ့ ကျွန်မတို့နိုင်ငံကို မှီတင်းနေထိုင်သူအားလုံး လုံခြုံဖို့အတွက်၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာဖို့အတွက် ကျွန်မတို့ လုပ်နိုင်တယ်ဆိုလို့ရှိရင် ဒါဟာ ကျွန်မတို့ လူဖြစ်ရကျိုးနပ်ပြီလို့ အားလုံးက   ပြောနိုင်မှာဖြစ်ပါတယ်။   ဒါကြောင့် ကျွန်မတို့ ညီလာခံကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်များအားလုံး၊ ဒီညီလာခံရဲ့ အောင်မြင်မှုမှာ ပါဝင်ရမယ့် ကိုယ်စားလှယ် များအားလုံးဟာ လူဖြစ်ရကျိုးနပ်အောင်  ကြိုးစားကြပါလို့ ကျွန်မအနေနဲ့ တိုက်တွန်းချင်ပါတယ်" ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။

ညီလာခံအောင်မြင်မှုကို ပြည်သူများက စောင့်ကြည့်နေကြပြီး ပြည်သူထောက်ခံမှုမရှိလျှင် မည်သည့်အစိုးရ၊ မည်သည့် အဖွဲ့အစည်းမှ အောင်မြင်နိုင်မည် မဟုတ်သည့်အတွက် အောင်မြင်အောင် ကြိုးစားကြရန်လိုကြောင်း ၎င်းက တိုက်တွန်း ပြော ဆိုခဲ့သည်။

"ဘယ်သူတွေဟာ ဘယ်လိုစိတ်ထားရှိတယ်။ ဘယ်လို ပြဿနာတွေကို ကျွန်မတို့တွေအားလုံး ကျော်လွှားရမယ်။ ဘယ် သူတွေဟာ ကျွန်မတို့ရဲ့ နိုင်ငံအတွက် အဓိက စေတနာထားပြီးတော့ ကြိုးစားမယ် ဆိုတာကို ပြည်သူတွေက ဆုံးဖြတ်မှာ ပါ " ဟု ၎င်းက ဆိုသည်။

ညီလာခံတွင် စာတမ်း ၇၂ စောင်ကို ဖတ်ကြားခဲ့ပြီး  ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ တောင်းဆိုခြင်း၊ ပြည်နယ်အဆင့် တောင်းဆိုခြင်းများ ရှိခဲ့သည်။

"ညီလာခံမှာ ကိုယ်ရဲ့သဘောထား ပြောချင်တာပြောလို့ရတာပဲ။ ကိုယ်ရဲ့ စိတ်ထဲမှာရှိတာတွေ ပြောမှာပေ့ါဗျာ။ အဲဒါ တွေကတော့ မှန်တယ် မမှန်ဘူး သင့်တယ် မသင့်ဘူးဆိုတာ နောက်ဆွေးနွေးပေါ့ဗျာ" ဟု နိုင်ငံရေးပါတီအစုအဖွဲ့မှ တက် ရောက်သူ ဒီမိုကရက်တစ်ပါတီ(မြန်မာ)က ဦးသုဝေက ပြောသည်။

၂၁ ရာစု ပင်လုံညီလာခံကို အစိုးရ ၊ လွှတ်တော် ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် ၁၇ ဖွဲ့တက်ရောက်ခဲ့ပြီး ဆွေးနွေးဆုံးဖြတ်သည့် ကိစ္စရပ်များ ပြုလုပ်မည် မဟုတ်ဘဲ ကိုယ်စားလှယ် အသီးသီး၏ သဘောထားအမြင်များကို တင် သွင်း စေခြင်းသာ ဖြစ်သည်။

၂၁ ရာစု ပင်လုံညီလာခံကို နေပြည်တော်ရှိ မြန်မာကွန်ဗန်းရှင်းစင်တာ- ၂ တွင် သြဂုတ်လ ၃၁ ရက်က စက်တင်ဘာ ၃ ရက်အထိ လေးရက်ကြာတာ ကျင်းပခဲ့ပြီး ၊ညီလာခံ ထပ်ပံမကျင်းပမီ ကာလအတွင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲများကို ပြည်နယ်နှင့် တိုင်းဒေသများအလိုက် ကျင်းပနိုင်ရန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly