Miss Myanmar World 2015 Winner ခင်ရတနာသိန်းမြင့် Miss World 2015 ပြိုင်ပွဲ ဆက်လက်လေ့ကျင့်သွားမည် ပြိုင်ပွဲအတွက် ဘာတွေဆက်လုပ်မလဲ

Miss Myanmar World 2015 Winner ခင်ရတနာသိန်းမြင့် Miss World 2015 ပြိုင်ပွဲ ဆက်လက်လေ့ကျင့်သွားမည် ပြိုင်ပွဲအတွက် ဘာတွေဆက်လုပ်မလဲ

ရန်ကုန် (မဇ္ဈိမ) ။ ။ Miss Myanmar World 2015 ဆု ရရှိထားသည့် မန္တလေးမြို့သူ အလှမယ် ခင်ရတနာသိန်းမြင့်သည် Miss World 2015 ပြိုင်ပွဲ အတွက် လေ့ကျင့်မှုများ ထပ်မံ ပြုလုပ်သွားမည် ဖြစ်ပြီး ရရှိသည့် ဆုကြေးထဲမှ တစ်ဝက်ကို ပရဟိတ လုပ်ငန်းများတွင် အသုံးပြုသွားမည်ဟု မီဒီယာများနှင့် သီးသန့်တွေ့ဆုံစဉ် ဖြေကြားခဲ့သည်။ 

Miss Myanmar World 2015 Grand Final ပြိုင်ပွဲတွင် Winner ဆု ရရှိသူ၊ 1st runner up၊ 2nd runner up ရရှိသူများနှင့် မီဒီယာများနှင့် သီးသန့် တွေ့ဆုံပေးမှုကို ဇူလိုင် ၁၂ရက်တွင် ရန်ကုန်မြို့ရှိ Chatrium Hotel ၌ ပြုလုပ်ခဲ့သည်။

Miss Myanmar World 2015 အလှမယ် ခင်ရတနာသိန်းမြင့် က "Miss World 2015 ပြိုင်ပွဲ အတွက် ပြင်ဆင်မှုတွေကတော့ အများကြီး ထပ်လိုဦးမှာပါ။ ဆုကြေးထဲက တစ်ဝက်ကို ပရဟိတ လုပ်တဲ့အခါ အသုံးပြုသွားမယ်။ နိုင်ငံကိုယ်စားပြု အနေနဲ့ ပြိုင်ရမှာ ဆိုတော့ လိုအပ်တာတွေကတော့ အများကြီးပါ။ အဲဒီ့အတွက် အများကြီး ပြင်ဆင်ရဦးမှာပါ" ဟု ပြောသည်။

အလှမယ် ခင်ရတနာသိန်းမြင့်သည် ပရဟိတ အနေဖြင့် ကလေးတွေအပြင် လူတိုင်း စာတတ်မြောက်ရေး အပိုင်းတွေမှာ အဓိက လုပ်ဆောင် သွားမည် ဖြစ်ပြီး ကလေးတွေ၏ ပညာရေးပိုင်း၊ အမှန်တကယ် အကူအညီ လိုအပ်နေသည့် ကျေးရွာများတွင်လည်း အကူအညီ ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Miss Myanmar World 2015 Grand Final ပြိုင်ပွဲကို ဇူလိုင် ၁၂ရက်တွင် ရန်ကုန်မြို့ ရှင်စောပုလမ်းရှိ Myanmar Event Park ၌ ကျင်းပ ပြုလုပ် ခဲ့ပြီး Miss Myanmar World 2015 Winner အဖြစ် ခင်ရတနာသိန်းမြင့်၊ 1st runner up ကို မော်ရိမ်းလူဆန်၊ 2nd runner up ကို နန်းစန္ဒာလှထွန်း တို့မှ ရရှိခဲ့သည်။

Miss Myanmar World 2015 Winner ရရှိသူသည် ဒီဇင်ဘာလတွင် တရုတ်နိုင်ငံ၌ ကျင်းပ ပြုလုပ်မည့် Miss World 2015 ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး လန်ဒန်မြို့တွင် ကျင်းပ ပြုလုပ်ခဲ့သည့် Miss World 2014 ပြိုင်ပွဲကို မြန်မာနိုင်ငံမှ အလှမယ် ဝိုင်းလေးမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly