ဇီကာဗိုင်းရပ်စ် ကာကွယ်ဖို့ ကျန်းမာရေးဝန်ကြီးဌာန ဘာလုပ်နေပြီလဲ

ဇီကာဗိုင်းရပ်စ် ကာကွယ်ဖို့ ကျန်းမာရေးဝန်ကြီးဌာန ဘာလုပ်နေပြီလဲ

(ဒေသတွင်းနိုင်ငံများအထိပါ ကူးစက်လာသည့် ဇီကာဗိုင်းရပ်စ်ကာကွယ်ဖို့အတွက် ကျန်းမာရေး ဝန်ကြီးဌာန လက်အောက်ရှိ ကူစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ (ဗဟို) လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဉာဏ်ဝင်းမြင့်ကို မေးမြန်းထားပါတယ်။)

မေး။ ဇီကာဗိုင်းရပ်စ် မြန်မာနိုင်ငံမှာဖြစ်နေပြီလား။ ဒါမှမဟုတ် ကူးစက်နိုင်ချေရောရှိလား။

ဖြေ။ ယခုအချိန်ထိတော့ ကူးစက်ရောဂါစောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိပြီး မြန်မာနိုင်ငံမှာ ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရသူ မတွေ့ရှိသေးပါဘူး။ သို့သော်လည်း ဇီကာရောဂါဟာ ဇီကာဗိုင်းရပ်စ်ရောဂါပိုးကို သယ်ဆောင်တဲ့ Aedes ခြင်ကျားကိုက်ခံရခြင်းကြောင့် ဖြစ်ပွားနိုင်ပြီး အခြားနိုင်ငံတွေမှတဆင့် ကူးစက်နိုင်တဲ့အတွက် မြန်မာနိုင်ငံမှာလည်း ကူးစက်နိုင်ချေရှိပါတယ်။

မေး။ ကျန်းမာရေး ဝန်ကြီးဌာနအနေနဲ့ ဘယ်လိုကာကွယ်မှုတွေ လုပ်ဖို့ရှိလဲ။

ဖြေ။ ဇီကာဗိုင်းရပ်စ် ရောဂါပိုးကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ (PHEIC) အဖြစ် (၁-၂-၂၀၁၆) ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ အဲ့ဒီနောက် မြန်မာနိုင်ငံမှာလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဆောင်ကာ အထူးကု ဆရာဝန်ကြီးများ၊ ပညာရှင်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့နဲ့ ပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးပြဌာန်းချက် (၂၀၀၅) နဲ့အညီ “ဇီကာရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေး အခန်းကဏ္ဍများ ပါဝင်သည့် လုပ်ငန်းအစည်းအဝေး (Multi- sectoral Meeting on Preparedness and Response to ZIKA)” ကို (၄-၂-၂၀၁၆) ရက်နေ့မှာကျင်းပခဲ့ပါတယ်။

၁၂-၂-၂၀၁၆  ရက်နေ့မှာတော့ “Symposium on ZIKA virus infection” ကိုပြုလုပ်ခဲ့ပြီး “ဇီကာရောဂါ ကြိုတင် ကာကွယ်ရေးနဲ့ တုံ့ပြန်ဆောင်ရွက်ရေး အမျိုးသားအဆင့် နည်းဗျူဟာစီမံကိန်းကို ၂၅-၂-၂၀၁၆ ရက်နေ့မှာ ရေးဆွဲခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း ဇီကာရောဂါနဲ့ ပတ်သက်တဲ့ ကျန်းမာရေး ပညာပေးကိစ္စတွေ၊ သတင်းအချက်အလက် အသစ်တွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန Web-Site နဲ့ Myanmar CDC Facebook Page တွေမှာ အမြဲလိုလို တင်ပြလျက်ရှိပါတယ်။

ဒီလို သတင်းမီဒီယာတွေကတဆင့် ဇီကာရောဂါအကြောင်း ကျန်းမာရေးပညာပေး ကိစ္စတွေလည်း ဆောင်ရွက်နေပါတယ်။ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူဝင်မှုဆိုင်ရာ ဆိပ်ကမ်းကျန်းမာရေးဌာနခွဲမှ နိုင်ငံတကာမှ ဝင်ရောက်လာတဲ့ ခရီးသွားဧည့်သည်တွေကို လေဆိပ်နဲ့ ဆိပ်ကမ်းတွေမှာ အဖျားလက္ခဏာ ရှာဖွေတဲ့စက်တွေနဲ့ ထောက်လှမ်းပြီး ကူးစက်ရောဂါများကို စောင့်ကြပ်ကြည့်ရှုလျက် ရှိနေပါတယ်။

အခြား နိုင်ငံတကာဝင်ပေါက်/ ထွက်ပေါက်တွေရှိတဲ့ နယ်စပ်ဒေသတွေဖြစ်တဲ့ တရုတ်-မြန်မာ၊ ထိုင်း-မြန်မာ၊ အိန္ဒိယ-မြန်မာနယ်စပ်တွေမှာလည်း အလားတူရောဂါ စောင့်ကြပကြည့်ရှုရေး လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ လေဆိပ်နှင့် ဆိပ်ကမ်းတွေမှာဆိုရင် (Ovitrap) ဆိုတဲ့ Aedes ခြင်ဥတွေကို စစ်ဆေးတဲ့လုပ်ငန်းတွေလည်း ပြုလုပ်နေပြီး ဇီကာရောဂါ အသိပညာပေးရေးနှင့် ပတ်သက်တဲ့ ကျန်းမာရေးပညာပေးပိုစတာ၊ ဘေဘုတ်တို့ဖြင့် အများပြည်သူများ သိရှိအောင် လုပ်ဆောင်နေပါတယ်။ ဆေးရုံ/ဆေးပေးခန်း တွေမှာလည်း ဇီကာရောဂါဖြစ်ပွားခဲ့လျင် ကူးစက်ရောဂါ ထိန်းချုပ် နိုင်အောင်နဲ့ ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနိုင်အောင် ညှိနှိုင်း ဆောင်ရွက်ထားရှိပြီးဖြစ်ပါတယ်။

ယခုဆိုလျှင် အမျိုးသား ကျန်းမာရေးဆိုင်ရာ ဓါတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှာ ဇီကာဗိုင်းရပ်စ်ပိုးကို ဓါတ်ခွဲ စစ်ဆေးနိုင်ပါပြီ။ ဒါ့အပြင် ပြည်နယ်/ တိုင်းဒေသကြီး အသီးသီး၊ မြို့နယ်ကျေးရွာမကျန် သွေးလွန်တုတ်ကွေးရောဂါ၊ ချီကန်ဂန်ညာရောဂါ စတဲ့ရောဂါတို့ကို စောင့်ကြပ်ကြည့်ရှုနေတဲ့ လုပ်ငန်းတွေအပြင် ဇီကာ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့လာခဲ့ရင်လည်း သံသယလူနာတို့ကို စောင့်ကြပ်ကြည့်ရှုရန် လုပ်ဆောင်လျက်ရှိပါတယ်။ ကျန်းမာရေး ဝန်ထမ်းတွေကိုလည်း ဇီကာရောဂါကြိုတင်ကာကွယ်ရေးနဲ့ တုံ့ပြန်တားဆီးရေး လုပ်ငန်းတွေအတွက် အရည်အသွေးမြင့် သင်တန်းများ ပို့ချသင်တန်းပေးပြီးသား ဖြစ်ပါတယ်။ ဒါ့အပြင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ခြင်ကျားနှင့် ပိုးလောက်လန်း ကင်းစင်ရေးအတွက် “ပိုးလောက်လန်း ကင်းစင်ရေး၊ လူထုလှုပ်ရှားရေး ရက်သတ္တပတ်” အသွင်ဖြင့် ဆောင်ရွက်ရန်ရှိပါသည်။

မေး။ အဲ့ဒီရောဂါဖြစ်ရင် ဘယ်လိုလက္ခဏာပြလဲ။

ဖြေ။ ခြင်ကျားကိုက်ခံရပြီး ရက်အနည်းငယ်အကြာမှာ ရောဂါလက္ခဏာများ စတင်ဖြစ်ပွားနိုင်ပြီး အများဆုံးတွေ့ရှိရတဲ့ ရောဂါလက္ခဏာတွေဟာ ရုတ်တရက်ဖျားနာခြင်း၊ အရေပြားမှာ အနီရောင်အကွက်/အစက်များထွက်ခြင်း၊ မျက်သားနီပြီး ရောင်ရမ်းခြင်း၊ ကြွက်သားနဲ့ အဆစ် အမြစ်များ နာကျင်ကိုက်ခဲခြင်း၊ မအီမသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း စတဲ့ရောဂါ လက္ခဏာတွေဖြစ်ပြီး အနည်းဆုံး(၂)ရက်ကနေ အများဆုံး(၇)ရက်အထိ ခံစားရပါတယ်။

မေး။ နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်လဲ။

ဖြေ။ ဇီကာရောဂါရဲ့ ရောဂါနောက်ဆက်တွဲ ဆိုးကျိုးတွေအဖြစ် ကိုယ်ဝန်ဆောင် မိခင်တွေမှာ ဦးခေါင်းသေးငယ်တဲ့ ကလေးငယ်တွေ မွေးဖွားလာခြင်း (Microcephaly) နဲ့ အခြားဦးနှောက် အာရုံကြော ချို့ယွင်းမှု (Neurologic Disorders) တို့ ဆက်စပ်မှုရှိ/မရှိ သက်သေပြနိုင်ရန် ပညာရှင်များအနေဖြင့် ကြိုးပမ်းလျက်ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required