Miss Myanmar World ၂၀၁၅ ဆုရှင် ခင်ရတနာသိန်းမြင့် ရွေးချယ်ခံရ

Miss Myanmar World ၂၀၁၅ ဆုရှင် ခင်ရတနာသိန်းမြင့် ရွေးချယ်ခံရ

ရန်ကုန် (မဇ္ဈိမ) ။ ။ Miss Myanmar World 2015 Grand Final ပြိုင်ပွဲကို ဇူလိုင် ၁၁ရက်တွင် ရန်ကုန်မြို့ ရှင်စောပုလမ်းရှိ Myanmar Event Park ၌ ကျင်းပ ပြုလုပ် ခဲ့ပြီး Miss Myanmar World 2015 Winner အဖြစ် ခင်ရတနာသိန်းမြင့် ရွေးချယ်ခြင်း ခံခဲ့ရသည်။

ကမ္ဘာ့ အလှမယ်ပြိုင်ပွဲများတွင် အကြီးကျယ်ဆုံးပြိုင်ပွဲ တစ်ခုဖြစ်သည့် မယ်ကမ္ဘာပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ရန် နိုင်ငံကိုယ်စားပြု အလှမယ် ရွေးချယ်ပွဲကို ပထမဆုံး အကြိမ် အဖြစ် Forever BEC-Tero မှ ၂၀၁၄ ခုနှစ်တွင် စတင် ပြုလုပ်ခဲ့သည်။

Miss Myanmar World 2015 ပြိုင်ပွဲ အတွက် ပဏာမ ရွေးချယ် ထားသည့် အယောက် ၄၀ ထဲမှ ဆန်ကာတင် အယောက် ၂၀ ရွေးချယ် ထားသော်လည်း အလှမယ် ၂ဦး နုတ်ထွက် သွားသည့် အတွက် နောက်ဆုံး ပြိုင်ပွဲ တွင် ပြိုင်ပွဲဝင် အလှမယ် ၁၈ဦးမှ အဆင့်ဆင့် ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်။

Miss Myanmar World 2015 Winner ဆု ရရှိသူကို ဒေါ်လာ လေးသောင်းတန် သရဖူ အပြင် ငွေကျပ် သိန်း ၁၀၀ ၊ 1st runner up ကို ကျပ် သိန်း ၃၀ ၊ 2nd runner up ရရှိသူကို ငွေကျပ် သိန်း ၂၀ ဖြင့် အသီးသီး  ချီးမြှင့်ခဲ့သည်။ 

ပြိုင်ပွဲကို Channel 7 ရုပ်သံ လိုင်းမှ တိုက်ရိုက် ထုတ်လွှင့် ပြသခဲ့ပြီး Miss Myanmar World 2015 Winnerဆု ရရှိသူအား Miss Myanmar World 2014 ဝိုင်းလေးမှ သရဖူ ချီးမြှင့် ပေးခဲ့သည်။

ထိုပြိုင်ပွဲတွင် Miss Thailand World 2014 Maeya သည် အထူးဧည့်သည်တော် အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ကာ  ပြိုင်ပွဲတွင် တေးသီချင်းဖြင့်  ဖျော်ဖြေ ခဲ့သလို ဧည့်သည် အဆိုတော်များ အနေဖြင့် Miss Myanmar World 2014 ဝိုင်းလေး၊ Miss Thailand World 2014 Maeya နှင့် (အိပ်မက်ဆုံရာ- ရာသက်ပန်) Winner အောင်ထက် တို့မှ သီဆို ဖျော်ဖြေ ပေးခဲ့ကြသည်။

Miss World 2014 အလှမယ် ပြိုင်ပွဲ နောက်ဆုံး ပြိုင်ပွဲကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ဒီဇင်ဘာလ ၁၄ ရက်တွင် ပြုလုပ် ခဲ့ပြီး မြန်မာနိုင်ငံမှ အလှမယ် ဝိုင်းလေး အပါအဝင် နိုင်ငံ အသီးသီးမှ အလှမယ် ၁၂၁ယောက် ပါဝင် ယှဉ်ပြိုင် ခဲ့ကြသည်။

ယခုနှစ်တွင် ကျင်းပ ပြုလုပ်မည့် Miss World 2015 ပြိုင်ပွဲကို စက်တင်ဘာလတွင် တရုတ်နိုင်ငံ၌ ကျင်းပမည် ဖြစ်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ခင်ရတနာသိန်းမြင့်က သွားရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required