ရွေးကောက်ပွဲ နိုုင်ဖိုု့နှင့် နိုုင်ငံ့ အကျိုး ဆောင်ရွက်ဖိုု့

ရွေးကောက်ပွဲ နိုုင်ဖိုု့နှင့် နိုုင်ငံ့ အကျိုး ဆောင်ရွက်ဖိုု့

ရွေးကောက်ပွဲ နီးလာလေ မြန်မာနိုင်ငံရေး နယ်ပယ်တွင် ဖြစ်စဉ်တွေဖြစ်ရပ်တွေက ပိုမိုရှုပ်ထွေးလာသည်ကို တွေ့နေရသည်။
လွှတ်တော်နှင့် အခြားသောမဏ္ဍိုင်တို့ အားပြိုင်မှုများ၊ အခြေခံဥပဒေ ပြုပြင်ရေးအတွက် နိုင်ငံရေး ကစားကွက်များ ပြင်းထန်လာခြင်း၊ လက်နက်ကိုင် ပဋိပက္ခများနှင့် ပတ်သက်သည့် ဆွေးနွေးပွဲများ လုပ်ဆောင်နေ သော်လည်း အခြားတစ်ဘက်တွင် လက်နက်ကိုင် တိုက်ပွဲများဟို နေရာသည်နေရာမှာ ဖြစ်ပွားနေသေးခြင်း တို့သည် နိုင်ငံရေးနယ်ပယ်တွင် ထင်သာမြင်သာရှိသည့် ဖြစ်စဉ်များ ဖြစ်ပေသည်။

နိုင်ငံရေး တွင်သာမကပါ။ စီးပွားရေးနယ်ပယ်တွင်လည်း ဒဂုံစီးတီး စီမံကိန်း ရပ်ဆိုင်းလိုက်ခြင်း၊ ဆိုင်းငံ့ထား သည့် ရန်ကုန်မြို့သစ် စီမံကိန်း ပြန်လည်အကောင်အထည်ဖော်ရန် အရိပ်လက္ခဏာ တွေ့ရခြင်း၊ အချို့သော တန်ဖိုးကြီးသည့် တင်ဒါများကို သက်ဆိုင်ရာဝန်ကြီးဌာန အလိုက် တွန်းလုပ်နေကြခြင်းကိုလည်း တွေ့မြင်ရမည် ဖြစ်သည်။ နောက်အစိုးရ လက်ထက်တွင် မည်သူက အစိုးရဖြစ်လာမည်ကို မသေချာခြင်းကြောင့် ယခုလက်ရှိ အာဏာရှိတုန်း လုပ်ပိုင်ခွင့် ရှိတုန်းလုပ်ကြ သည့် သဘောမျိုး တွေ့မြင်နေရသည်။

ဤသို့သော ဖြစ်ရပ်မျိုး မြန်မာနိုင်ငံတစ်နိုင်ငံတည်းတွင် ဖြစ်ပွားသည့် သဘောတော့ မဟုတ်။ အသွင် ကူးပြောင်းစ နိုင်ငံ၊ အာဏာရှင်စနစ် တစ်ပိုင်း နိုင်ငံစသည့် နိုင်ငံများတွင် ဖြစ်လေ့ဖြစ်ထရှိသည် ကိုလည်း ဖတ်ရှု လေ့လာမိကြပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် အကျိုးစီးပွား၊ အာဏာ၊ လုပ်ပိုင်ခွင့်တို့ကို နှစ်ကာလကြာရှည်စွာ ပါတီတစ်ပါတီ၊ အုပ်စုတစ်စု၊ လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ယောက်က စွဲကိုင်ထားရာမှ စွန့်လွှတ်ဖို့ သို့မဟုတ် လွှဲပြောင်းပေးဖို့ အတွက် ဝန်လေးကြခြင်းကြောင့်ဟုဆိုလျှင် မှားမည်မထင်ပါ။

အထက်က ဖော်ပြခဲ့သည်များမှာ လက်တွေ့ဖြစ်နေသည့် အခြေအနေပင် ဖြစ်သည်။ တခြားတစ်ဘက်တွင် ကောင်းကျိုးဆိုးကျိုးခံစားရမည့် နိုင်ငံသား၊ ပြည်သူများကိုလည်း ငဲ့ကြည့်ဖို့ တနည်းအားဖြင့် ဖြစ်သင့် ဖြစ်ထိုက်သည့် အကြောင်းအရာများလည်း ရှိသည်ကို ရည်ညွှန်းလိုခြင်းက ယခုခေါင်းကြီး၏ ရည်ရွယ်ချက်ဖြစ်သည်။

နိုင်ငံရေးသမားပင်ဖြစ်ဖြစ်၊ တပ်မတော်စစ်ဗိုလ်ချုပ်များပင်ဖြစ်ဖြစ် လက်ဝယ်ရှိသည့် လုပ်ပိုင်ခွင့်၊ သို့မဟုတ် လက်ဝယ်ရှိအောင် ကြိုးပမ်းနေသည့် လုပ်ပိုင်ခွင့်ကို အသုံးချသည့် ရည်ရွယ်ချက်မှာ နိုင်ငံသူနိုင်ငံသားများ အကျိုး ရှိရာအကျိုးရှိကြောင်းပင် ဖြစ်သင့်ပေသည်။

ယခုရွေးကောက်ပွဲတွင် အခြေခံဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်၏ ၂၅ ရာခိုင်းနှုန်းမှာ ရွေးချယ်စရာ မလိုဘဲ တပ်မတော်သားများက အလိုအလျောက်ရရှိမည် ဖြစ်သည်။ သို့ဖြစ်၍ တပ်မတော်က မိမိတို့အဖွဲ့အစည်း၏ အကျိုးစီးပွားထက် နိုင်ငံသူနိုင်ငံသား၏ အကျိုးစီးပွားကို ဦးစားပေးဖို့ရာ အလွန်အရေးကြီးကြောင်း အလေးအနက် ထပ်မံပြောလိုပါသည်။ ပြောနေကျစကား ဖြစ်ကောင်း ဖြစ်သော်လည်း ယခုလို ကာလတွင် သတိပြုမိအောင် ထပ်မံ ပြောလိုခြင်းဖြစ်သည်။

ယင်းနောက် နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများသည်လည်း မိမိပါတီ အကျိုး မိမိတစ်ဦးချင်းဂုဏ်၊ ရာထူးအကျိုးထက် နိုင်ငံသူ၊ နိုင်ငံသားအကျိုးကို ပထမဆုံးဦးစားပေးဖို့ရာ အရေးကြီးလှပေသည်။ လတ်တလော ဖြစ်ပျက်နေသည့် ကိစ္စများကို ယင်းရှုထောင့်မှာ ချဉ်းကပ်မည်ဆိုပါက ဘုံအကျိုးစီးပွားဖြစ်သည့် ပြည်သူလူထုကို ဗဟိုပြုစဉ်းစားရမည်မှာ မေးစရာပင်လိုမည် မထင်ပါ။

ထို့ကြောင့် တပ်မတော်၊ အာဏာရပါတီ၊ နိုင်ငံရေးသမားနှင့် နိုင်ငံရေးပါတီအားလုံးကို တိုက်တွန်းလိုသည် မှာ အာဏာကို လက်ဝယ်ရအောင် ကြိုးပမ်းခြင်းသည် နိုင်ငံအကျိုး ဆောင်ရွက်လိုခြင်းက အဓိကဆိုသည်ကို နှလုံးသွင်းကာ ပြဿနာ အကြောင်းကိစ္စများကို ချဉ်းကပ်သင့်ကြောင်း မဇ္ဈိမက တိုက်တွန်းရေးသားလိုပေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags