လက်နက်စွန့်ကြောင်း ထုတ်ပြန်ချက် မထုတ်သဖြင့် မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ကို ၂၁ ပင်လုံသို့ မဖိတ်သေး

လက်နက်စွန့်ကြောင်း ထုတ်ပြန်ချက် မထုတ်သဖြင့် မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ကို ၂၁ ပင်လုံသို့ မဖိတ်သေး

မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့၏ လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ကြောင်း ထုတ်ပြန်ချက်ကို စောင့်ဆိုင်း နေဆဲ ကာလ ဖြစ်သောကြောင့် ၂၁ ပင်လုံညီလာခံသို့ ယင်းသုံးဖွဲ့ကို ဖိတ်ကြားခြင်းမရှိသေးကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက မဇ္ဈိမသို့ ပြောသည်။

"ကျွန်တော်တို့ ကြေညာချက်ထုတ်ပေးဖို့ ပြောထားတယ်။ ညှိနှိုင်းနေတယ်။ အဲ့ဒီကြေညာချက်ကို ကျွန်တော်တို့ စောင့် ဆိုင်းနေတဲ့ အချိန်ပေါ့" ဟု ဦးဇော်ဌေးက ပြောသည်။

တပ်မတော်အနေဖြင့် MNDAA ၊ TNLA နှင့် AA အဖွဲ့သုံးဖွဲ့ကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လိုလျှင် "လက်နက်ကိုင် လမ်းစဉ်ကို အပြီးတိုင် စွန့်လွှတ်လိုသည့် ဆန္ဒအပြည့်အဝရှိပါသည်" ဆိုသည့် စာသားပါ ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ရမည်ဟု တောင်းဆိုထားခြင်း ဖြစ်သည်။

မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ဖြစ်သည့် ကိုးကန့်(MNDAA)၊ ပလောင်(TNLA) နှင့် ရခိုင်(AA) တို့ကို ၂၁ ပင်လုံညီလာခံ တက်ရောက်ရန် ဖိတ်ကြားစာ ယခုအချိန်ထိ ပေးပို့ရသေးခြင်း မရှိခြင်းကြောင့် ညီလာခံတက်ရောက်နိုင်ရန် အလား အ လာ နည်းပါးနေကြောင်း ၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက မဇ္ဈိမ သို့ အတည်ပြုပြောကြားသည်။

"အခုချိန်ထိ ဖိတ်စာ မပို့နိုင်သေးဘူးဆိုရင် အချိန်က အရမ်းကပ်နေပြီလေ။ ဒီတစ်ခေါက် တက်ဖို့ကတော့ Chance က နည်းမှာပေါ့" ဟု ဦးလှမောင်ရွှေက ပြောသည်။

အစိုးရ၏ အဆိုပြုချက်များထဲမှ တစ်ချို့အချက်များကို ညှိနှိုင်းရာတွင် အဆိုပါ အဖွဲ့သုံးဖွဲ့က ဆောင်ရွက်ပေးခြင်း မရှိသော ကြောင့် ၂၁ ပင်လုံညီလာခံ တက်ရောက်ဖို့ ဖိတ်စာ ပေးပို့ရန် မဖြစ်သေးကြောင်း ၎င်းက ဆိုသည်။

သြဂုတ်လ ၁၈ ရက်နေ့ ရက်စွဲဖြင့် ကိုးကန့်(MNDAA)၊ ပလောင်(TNLA) နှင့် ရခိုင်(AA) အဖွဲ့သုံးဖွဲ့က ၂၁ ပင်လုံ ညီလာခံ သို့ တက်ရောက်ရန် အဆင်သင့်ရှိနေကြောင်း ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ဦးခင်ဇော်ဦး (ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) )က " ညီလာခံ တက်ချင်တိုင်းတက်ရအောင် တောင်းပြုံးမှ မဟုတ်တာ" ဟု ပြန်လည်တုန့်ပြန်ခဲ့သည်။

သြဂုတ်လ ၃၁ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံညီလာခံကို သက်ဆိုင်သူအားလုံး ပါဝင်ရေးမူဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က သြဂုတ်လ ၁၅ ရက်တွင် အတည်ပြု သတ်မှတ်ပေးခဲ့ပြီး ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required