တောင်တွင်းကြီးတွင် ဆရာမတစ်ဦး တောင်ကျချောင်းရေနှင့် မျောပါပျောက်ဆုံးနေ

တောင်တွင်းကြီးတွင် ဆရာမတစ်ဦး တောင်ကျချောင်းရေနှင့် မျောပါပျောက်ဆုံးနေ
ဓာတ်ပုံ - ဗိုလ်ပြည့်(တောင်တွင်းကြီး)

မကွေး၊ သြဂုတ် ၂၇ ။         ။ မကွေးတိုင်းဒေသကြီး ၊ တောင်တွင်းကြီးမြို့၏ အရှေ့ဘက်ရှိ တောင်ပေါ်ဒေသများတွင် မိုးသည်းထန်စွာရွာ သွန်းမှုများ ကြောင့် တောင်ကျချောင်းရေ ရုတ်တရက် ကျဆင်းပြီး ချောင်းအတွင်း ဖြတ်ကူးနေသည့် ကျောင်းဆရာမတစ်ဦး ရေစီးနှင့် အတူ မျောပါမှုတစ်ခု သြဂုတ်(၂၇) ရက် နံနက် (၉)နာရီခွဲ အချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပညာရေးဝန်ထမ်းများဖြစ်သည့် တောင်တွင်းကြီးမြို့နယ် ၊ အောင်းစုအုပ်စု ၊ အောင်းစုကျေးရွာနေ မလင်းစန္ဒာ ၊ ငမင် ကျေးရွာနေ ကိုရန်နိုင်လင်း ၊ ကရင်စုကျေးရွာနေ မမေဇင်ခိုင်တို့နှင့်အတူ ငမင်အုပ်စု ၊ အမှတ်(၁၅၉) ပိတ်စွယ်ခုံ အခြေခံ ပ ညာမူလတန်းကျောင်းသို့ တာဝန်ထမ်းဆောင်ရန်အသွားတွင် အကျယ်(၅၀)ပေခန့်ရှိ ငမင်ချောင်း အားဖြတ်ကူးစဉ် ရုတ်တရက် တောင်ကျချောင်းရေကျဆင်းလာပြီး အသက်(၂၇)ခန့်ရှိ ဆရာမ မလင်းစန္ဒာနှင့် မမေဇင်ခိုင်တို့(၂)ဦးမှာ ရေစီးနှင့်အတူ မျောပါသွားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ မျောပါသွားစဉ် မမေဇင်ခိုင်အား ဒေသခံတစ်ဦးမှတွေ့မြင် ကယ်ဆယ်နိုင်ခဲ့သော်လည်း မလင်းစန္ဒာမှာ ရေစီးနှင့် အတူ မျောပါ ပျောက်ဆုံးနေသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ၊ ဒေသခံများက ငမင်ချောင်းရိုးတစ်လျှောက် လိုက်လံရှာဖွေနေကာ ယခု နေ့လည်ပိုင်းအထိ ရှာမတွေ့သေးကြောင်း သိရသည် ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required