ငလျင်ဒဏ် အပြင်းအထန် ခံရသော ပုဂံသို့ သမ္မတ ဦးထင်ကျော်သွားရောက်

ငလျင်ဒဏ် အပြင်းအထန် ခံရသော ပုဂံသို့ သမ္မတ ဦးထင်ကျော်သွားရောက်
ဓာတ်ပုံ- Zaw Htay  ဖေ့ဘုတ်

ရန်ကုန် ၊ သြဂုတ် ၂၅ ။           ။ ငလျင်ဒဏ် အပြင်းအထန်ခံခဲ့ရပြီး ရှေးဟောင်းစေတီပုထိုးများ ပြိုကျပျက်စီးခဲ့ရသည့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ် မြေသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ယနေ့နေလယ်ပိုင်းတွင် သွားရောက်နေပြီဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မဇ္ဈိမသို့ အတည်ပြု ပြောကြားသည်။

"နေ့လည်က သမ္မတကြီးနဲ့ ဝန်ကြီးတွေပေါ့နော် ။ ပြည်ထဲရေးပါတယ်၊ နယ်စပ်ပါတယ၊် ပြန်ကြားရေးပါတယ်၊ ဆောက်လုပ်ရေးပါတယ် ပုဂံကိုသွားတာ " ဟု ဦးဇော်ဌေးက ပြောသည်။

ယခု ခရီးစဉ်အတွင်း နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့်အတူ ပြည်ထဲရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် ၊ ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်တို့ လိုက်ပါသွားကြောင်းသိရသည်။

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး သူရဦးအောင်ကို နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့က ယနေ့ မနက်တွင် ပုဂံသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ဦးဇော်ဌေးက အတည်ပြု ပြောကြားသည်။

သမ္မတရုံးအနေနဲ့ ပုဂံယဉ်ကျေးမှုနယ်မြေအတွင်း ဆက်လုပ်လုပ်ဆောင်နေမှုများကို သမ္မတခရီးစဉ်အတွင်း သတင်း ထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

သြဂုတ်လ ၂၄ရက်နေ့ ညနေ ၅ နာရီ ဝန်းကျင်ခန့်က အင်အား ရစ်ချက်စတာစကေး ၆.၈ အဆင့်ရှိသည့် မြန်မာပြည် အ လယ်ပိုင်းကို ဦးတည်လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ပုဂံယဉ်ကျေးမှုနယ်မြေ အပါအဝင် မန္တလေးတိုင်း ဒေသကြီး အတွင်း ရှေးဟောင်းစေတီ ၂၄၁ ဆူ ထိခိုက်ခဲ့ကြောင်း မန္တလေးတိုင်း အစိုးရအဖွဲ့က ယနေ့ရက်စွဲ ဖြင့် သတင်းထုတ်ပြန် ထား သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required