သရဲကြောက်သူက သရဲဖန်တီးရှင်ဖြစ်လာတဲ့ မိတ်ကပ်ပညာရှင် မိဘန်ဘန်

24 August 2016
သရဲကြောက်သူက သရဲဖန်တီးရှင်ဖြစ်လာတဲ့ မိတ်ကပ်ပညာရှင် မိဘန်ဘန်

သရဲ တစ္စေပုံစံတွေကို မိတ်ကပ်ပညာနဲ့ ဖန်တီးပေးနေပေမယ့် ကိုယ်တိုင်က သရဲအရမ်းကြောက်ပါတယ်လို့ ပြောလာသူကတော့ “မိဘန်ဘန်”ဆိုတဲ့ အမျိုးသမီးငယ်တစ်ဦးပါ။ သူဟာ အခုဆိုရင် “သရဲဆိုတာ ဂျိုနဲ့လားဟေ့”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ နှစ်ချို့ သရဲကြီးတစ်ကောင်ကို တာဝန်ယူ ဖန်တီးပေးထားပါတယ်။

သူဟာ အခုဆိုရင် အသက် ၂၀ အရွယ်သာရှိသေးတဲ့ မိတ်ကပ်ပညာရှင် မိဘန်ဘန်အဖြစ် ထင်ရှားနေပါပြီ။

မိတ်ကပ်ပညာကို ဘယ်လိုစတင်စိတ်ဝင်စားခဲ့တယ်ဆိုတာ မိဘန်ဘန်က အခုလို ရှင်းပြပါတယ်။

“သရဲကားတွေကိုကြည့်တယ်။ သရဲကားတွေကို ကြည့်ရင်း ဒီလိုသရဲကားတွေက ဘာတွေနဲ့လုပ်တာလဲ။ ဘာဖြစ်လို့ အဲလောက်တောင် တူနေရတာလဲ အဲသလိုမျိုး ငါလည်းလုပ်ကြည့်ချင်တယ်။ ဒါကြောင့် စမ်းပြီး လုပ်ကြည့်ရင်းနဲ့ ဘယ်လိုလေ့လာရင်ကောင်းမလဲ ဘယ်ပစ္စည်းတွေနဲ့ လုပ်ရင်ကောင်းမလဲ အဲဒါတွေကို လေ့လာရင်း လေ့လာရင်းနဲ့ လုပ်ဖြစ်သွားတာပါ။

ဒီ Special effect က မြန်မာနိုင်ငံမှာအမရယ် စိတ်ဝင်စားတဲ့သူကလည်း များတယ်။ ပြီးတော့ လုပ်တဲ့သူကလည်း များတယ်။ သင်တဲ့သူကလည်း နည်းတယ်။ သင်တဲ့ဆရာ နည်းတဲ့အတွက် မတွင်ကျယ်ဘူး။ မတွင်ကျယ်တဲ့အတွက် ညီမ ဒီအလုပ်ကို စိတ်ဝင်စားတယ်။ ဒါကို ဝါသနာအရ လုပ်နေရင်းကနေ အခု ထဲထဲဝင်ဝင် ရုပ်ရှင်ကားတွေမှာ လုပ်ဖြစ်လာတာပေါ့။ ပြီးတော့ ဒီမှာ ညီမ ဖန်တီးဖြစ်တာတွေကတော့ အစပိုင်းကတော့ ညီမ လေ့လာထားတာတွေကတော့ ဒဏ်ရာလေးတွေ အဲလောက်လေးတွေပဲပေါ့။ အခုကျတော့ သရဲတစ်ကောင်လုံး၊ နှစ်ချို့ သရဲတစ်ကောင်လုံးလိုလို လုပ်ဖြစ်ပါတယ်။

စပြီးတော့ လေ့လာခဲ့တာကတော့ ညီမတို့ ဖေ့စ်ဘုတ်တို့ Youtube တို့မှာ ကြည့်တယ်။ ကြည့်ပြီးတော့ ညီမလေ့လာတယ်။ လေ့လာပြီးတော့ စမ်းပြီးလုပ်ကြည့်တယ်။ ပစ္စည်းလေးတွေကို ကိုယ့်ဘာသာ တက်နိုင်သလောက် ဝယ်ပြီးတော့ လုပ်ကြည့်တယ်။ ပစ္စည်းတွေကလည်း မြန်မာနိုင်ငံမှာ ရှာရတာ အရမ်းခက်တယ်။ အဲဒါကြောင့် မှာရတယ်။ ကိုယ့်ဘာသာကိုယ် ဝယ်ရတယ်။ လုပ်ကြည့်တယ်။ ပြီးတော့ ဖေ့စ်ဘုတ်မှာ တင်တယ်။ ဖေ့စ်ဘုတ်ပေါ်တင်ပြီးတော့ ဒီဟာလေးကို ဝေဖန်ကြည့်ပေးပါဦး။  သူတို့ပြောတဲ့ လိုအပ်ချက် အားနည်းချက်လေးတွေကို ပြင်တယ်။ ပြင်ရင်း ပြင်ရင်း လုပ်ကြည့်ရင်းကနေပြီးတော့ လွန်ခဲ့တဲ့ နှစ်လကျော်လောက်ကနေပြီးတော့ ဆရာကျော်ထွန်းအဖွဲ့နဲ့ သင်တန်းမှာ ညီမ တက်ဖြစ်ခဲ့တယ်”

မိတ်ကပ်ပညာရှင်တစ်ဦးအနေနဲ့ ရုပ်ရှင်လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်လာခဲ့တာကိုလည်း မိဘန်ဘန်က အခုလို ရှင်းပြပါတယ်။

“ထဲထဲဝင်ဝင် လုပ်ဖြစ်တာကတော့ အခုရိုက်နေတဲ့ ဒါရိုက်တာ အန်တီ အိအိခိုင်ရဲ့ သရဲဆိုတာ ဂျိုနဲ့လားဟေ့ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ အန်တီက လာပြီးတော့ ကမ်းလှမ်းတယ်။ ကမ်းလှမ်းတဲ့အတွက် ပထမကတော့ ရုပ်ရှင်ကားကြီးမှန်း မသိဘူး။ ရုပ်ရှင်ကန်တော့ပွဲကျမှ ရုပ်ရှင်ကားကြီးမှန်း သိတယ်။ အဲတော့ ငါ ဒီရုပ်ရှင်ကားကြီးမှာ လုပ်ရတော့မယ် ပြီးတော့ အန်တီကပြောတယ်။ သူလိုချင်တဲ့ပုံစံက နှစ်ချို့သရဲ မုတ်ဆိတ်မွှေးတွေ ပါရမယ်။ လက်သည်းတွေ ပါရမယ်။ လက်သည်းတွေ ပုတ်နေရမယ်။ ခြေထောက်တွေ ပုတ်နေရမယ်။ တစ်ကိုယ်လုံးကို ပြင်ရမယ်။ ဆံပင်တွေက ဖြူပြီးတော့ ညစ်နေရမယ်။ အဲဒီအတွက် အများကြီး စဉ်းစားရတယ်။ အဓိကကတော့ မုတ်ဆိတ်မွှေးပဲ မုတ်ဆိတ်မွှေးနဲ့ အနီးစပ်ဆုံးတူအောင် ဘာနဲ့ဖန်တီးရင်ကောင်းမလဲ။ တစ်ခုမှ စဉ်းစားလို့မရဘူး။ နောက်ဆုံးမှာ တွေ့သွားတယ်။ မုတ်ဆိတ်မွှေးကို ပြီးတော့ အဖြူပဲရတယ်။ အဲအဖြူကို ညစ်အောင်ဆိုပြီးတော့ ညီမတို့ ဆေးတွေပြန်မှုတ်ရတယ်။ ဆံပင်တွေကိုလည်း ပြန်မှုတ်ရတယ်။ အဲလိုမျိုး အစအဆုံး လုပ်ရတယ်ပေါ့နော်။ ကိုမင်းမော်ကွန်းကို ပြင်ပေးရတာပေါ့နော်။ သူကတော့ အဲဒီကားထဲမှာ ဇာတ်ဆောင်ပေါ့နော်။

အဓိကကျတာက ညီမတို့ သွေးတွေကိုသုံးတယ်။ သွေးတွေက အဓိကကျတယ်။ သူက သွေးအစစ်နဲ့ တော်တော်တူတယ်။ သူကတော့ Mehron က ထုတ်တာပေါ့ USA Burn သူကကျတော့ အသားအရည်ကို မထိခိုက်ဘူး။ မျက်နှာတွေကိုလုပ်လည်း မထိခိုက်ဘူး။ သူက လူတိုင်းနဲ့တည့်အောင် ထုတ်ထားတာ။ ညီမက Burn တစ်ခုတည်းပဲ သုံးတယ်။ သူကတော့ Mehron ကပဲ ထုတ်တာပဲ။ Liquid Latex ဆိုရင်။ သူက အရေပြားအတုတွေဘာတွေ လုပ်တာ။ အဲဒါကို ဖျန်းလိုက်ရင် အရေပြားအတုတွေ ဖြစ်သွားမယ်။ ပြီးတော့ လိုသလိုခွဲလိုက်မယ် ပြီးတော့မှ သွေးထည့်လိုက်မယ်။ ကိုယ်လိုသလို အရောင်တွေ ထည့်လိုက်မယ်ဆိုရင်တော့ အဆင်ပြေတယ်။ ဒီဟာကကျတော့ ကိုကျော်ကို နှစ်ချို့သရဲ လုပ်ပေးတုန်းက မျက်နှာကို အကုန်လုံးဖြူအောင် လိမ်းပေးတာ။ Mehron Crown သူကလည်း အကုန်လုံး လိမ်းလို့ရတယ်။ ဘာမှမဖြစ်ဘူး။ နောက်ပြီး ကာလာဂျက်တွေလည်း ရှိတယ်။ ကာလာဂျက်တွေမှာ ညီမတို့ ကာလာစပ်ရတာတွေလည်း ရှိတယ်။ တကယ်လို့ သွေးပုတ်ရောင် လိုချင်တယ်။ သွေးပုတ်ရောင်လိုချင်တယ်ဆိုရင် အနီ၊ အညို၊ အပြာရယ် စပ်ရတယ်။ အချိုးအစားညီအောင် စပ်ရတယ်။ ဘယ်ဟာမှ များသွားတာမဖြစ်ရဘူးပေါ့။

သူများတွေကပြောတယ်။ ကိုယ့်ဘာကိုယ် ပြင်လိုက်ရင် ဒါဘယ်သူလဲ နှစ်ချို့သရဲ ပြင်လိုက်တဲ့အခါမှာ မင်းသားမှန်းတောင် မသိတော့ဘူးပေါ့။ မမှတ်မိတော့လောက်အောင် ရုပ်ပျောက်သွားတယ်။ ဒါဘယ်သူလဲပေါ့။ အဲလိုပြောတိုင်း ဝမ်းသာတယ်။ သူများတွေ ရုပ်ပျက်သွားရင် ဝမ်းသာတယ်။ ကိုယ်လုပ်လိုက်တာ ရုပ်ပျက်သွားတယ် ဆိုပြီးတော့လေ”

ပြီးတော့ မိဘန်ဘန်က လုပ်ငန်းအတွေ့အကြုံတချို့ကိုလည်း ဆက်ပြီးရှင်းပြပါတယ်။

“စိုးရိမ်စိတ်ကတော့ ပထမ ကိုယ်နဲ့လက်တွဲပြီး လုပ်ရမယ့်သူတွေက ဝါရင့်သရုပ်ဆောင်တွေဖြစ်နေတယ်။ ဝါရင့်သရုပ်ဆောင်တွေ ဖြစ်နေတဲ့အတွက် အမှန်တိုင်းပြောရရင် ကိုယ်ပြင်လိုက်တဲ့ဟာကို သူ စိတ်တိုင်းမကျမှာလည်း စိုးတယ်။ ဒါရိုက်တာ စိတ်တိုင်းမကျမှာလည်း စိုးတယ်။ ကိုယ့်ကြောင့်နဲ့ တစ်ကားလုံးပျက်သွားတာလည်း မလိုလားဘူး။ အဲဒါကြောင့် အတတ်နိုင်ဆုံး ကြိုးစားတယ်။ ခဏခဏလည်း စမ်းသပ်တယ်။ ကိုမင်းမော်ကွန်းနဲ့လည်း ညှိတယ်။ သူကလည်း ညီမတစ်ယောက်လိုပဲ အသေအချာ ပြောပြတယ်။ ဒီဟာဒီဟာ မကြိုက်ဘူး။ ဒီဟာဒီဟာကြိုက်တယ်။ အဲလိုမျိုး ပြောပြတယ် နောက်ဆုံးတော့လည်း တစ်ကားလုံး အဆင်ပြေသွားပါတယ်”

မိတ်ကပ်ပညာရှင်ဖြစ်ဖို့ ကြုံရတဲ့အခက်အခဲတချိုကိုလည်း အခုလိုပြောပြပါတယ်။

“အခက်အခဲဆုံးကတော့ အိမ်က သဘောမတူတာပဲ။ အမေပေါ့။ ညီမ ပစ္စည်းတွေဝယ်လာပြီး အခုလိုလုပ်တာကို ကျက်သရေမရှိဘူး နင်အဲဒါတွေကို မလုပ်နဲ့ အဲလိုပြောလဲ မရဘူး။ အခန်းတံခါးပိတ်ပြီး ကိုယ့်ဘာသာကိုယ် လုပ်တယ်။ ကိုယ်လုပ်ချင်တာလုပ်တယ်။ အဲဒါတော့ အခက်ခဲဆုံးပဲ မိဘကို တွန်းလှန်ပြီးတော့ လုပ်ရတာဆိုတော့လေ။ ပြီးတော့ ပထမလုပ်တုန်းက ဒဏ်ရာတွေက မတူဘူးပေါ့လေ။ မတူတော့ ခဏခဏလုပ်တယ်။ ဈေးတွေကလည်း အရမ်းကြီးတယ်။ ကိုယ့်ဘာသာကိုယ် မုန့်ဖိုးလေးတွေကို စုပြီးတော့ လုပ်ရတယ်။ အခုကတော့ အရမ်းကို သဘောကျသွားပြီ။ ဒီလိုအခြေအနေထိရောက်အောင် လုပ်နိုင်တယ်ပေါ့လေ။ အဲလိုဆိုတော့ သူလည်း သဘောတူတယ်။ လိုက်လာပြီးတော့လည်း ပံ့ပိုးပေးပါတယ်”

မိသားစုအခြေအနေတချို့ကိုလည်း အခုလို ရှင်းပြပါတယ်။

“ပညာရေးကတော့ သမိုင်း တတိယနှစ်ပါ။ မိသားစုက သုံးယောက်ရှိပါတယ်။ အဖေရယ် အမေရယ် ညီမရယ်ပါ။ ညီမက တစ်ဦးတည်းသော သမီးပါ။ အဖေကတော့ ၁၀ တန်းနှစ်မှာ ဆုံးသွားတယ်။ အခု အမေနဲ့ ညီမနဲ့နေတယ်။ ရွှေပြည်သာမှာနေပါတယ်။ အမေကတော့ ဓာတ်ပုံဆိုင်ဖွင့်ထားတယ်။ ပြီးတော့ အွန်လိုင်း Shopping လည်း လုပ်တယ်။ အဲကနေပြီးတော့ အမေက ညီမကို ထောက်ပံ့ပေးတယ်။ ဘာပစ္စည်းလိုချင်လည်း ဘယ်ဟာလိုချင်လဲ ဒီပစ္စည်းတွေ ဘယ်လောက်ပဲ ဈေးကြီးကြီး အမေက ဝယ်ပေးပါတယ်။

တခြားဝါသနာပါတာတော့ မရှိဘူး။ ဒါပဲ ဝါသနာပါတယ်။ ဒါကိုပဲလုပ်တယ်။ ဝါသနာပါရာကို ရွေးလိုက်တယ်။ ရွေးပြီးတော့ ဒါကိုပဲ လုပ်ချင်တယ်။ ဒါကိုပဲလုပ်တယ်။ ကျောင်းတောင်မှ ညီမ အဝေးသင်ကို ပြောင်းလိုက်တယ်။ ဒါကိုပဲ လုပ်ချင်လို့ သင်တန်းတွေကိုလည်း သိပ်ပြီးတော့ မတက်ဖြစ်ပါဘူး။ တချိုု့ Speaking တွေဘာတွေလည်း မတက်ဖြစ်ဘူး။  ဒီဟာကိုပဲ လေ့လာဖြစ်ပါတယ်”

စိတ်ဝင်စားဖွယ် လုပ်ငန်းခွင်အတွေ့အကြုံလေးတွေကိုလည်း ရှင်းပြပါတယ်။

“မိန်းကလေးတစ်ယောက်ဖြစ်နေတဲ့အတွက် မင်းသားကိုပြင်ရတာလည်း အဆင်ပြေတယ်။ ကိုင်ရတာလည်း အဆင်ပြေတယ်။ မင်းသမီးကိုပြင်ရတာလည်း အဆင်ပြေတယ်။ အဲလိုမျိုးတော့ရှိတယ်။ ဒါပေမယ့် တစ်ခါတစ်လေ ရိုက်ကွင်းတွေမှာ စတာနောက်တာတွေ အဲလိုမျိုး အစခံရတာတွေတော့ ရှိတယ်။ ဒါပေမယ့် ကိုယ့်အလုပ်ပဲ ကိုယ်လုပ်တယ်။ ကိုယ့်ဘာသာ ကိုယ်လုပ်စရာရှိတာ လုပ်သွားတယ်။ အေးအေးဆေးဆေးပဲနေတယ်။ ကိုယ်လုပ်တဲ့ဟာကို ကိုယ့်ဘာသာ အကောင်းဆုံးဖြစ်အောင် လုပ်သွားတယ်”

သူလိုပဲ ပညာရပ်တစ်ခုခုမှာ စိတ်ဝင်စားသူတိုင်းအတွက် အားပေးစကား အခုလိုပြောခဲ့ပါသေးတယ်။

“အနာဂါတ်မှာ တကယ့်ကို ဒီနိုင်ငံမှာ အရမ်းကို အောင်မြင်တဲ့ Special effect မိတ်ကပ်ဆရာတစ်ယောက် ဖြစ်ချင်တယ်။

စပြီးတော့ လေ့လာမယ့်သူတစ်ယောက်အနေနဲ့ကတော့ ကိုယ်ဝါသနာပါရင် အကောင်းဆုံးဖြစ်အောင် လုပ်ပေါ့။ လုံးဝမအောင်မြင်ဘူးလား။ ထပ်လုပ်။ ညီမလည်း အဲဒီလိုပဲ ဒီဒဏ်ရာကို မတူဘူးလား ထပ်လုပ်တယ်။ ထပ်လုပ်တယ်။ ထပ်လုပ်တယ်။ အဲလိုမျိုး ထပ်လုပ်ရင်း ထပ်လုပ်ရင်းနဲ့ ကိုယ့်ဘာသာကိုယ် ဘယ်ဟာတွေလိုလဲဆိုတာ ကိုယ့်ဘာသာကိုယ် မြင်သွားတယ်။ သူတို့ကိုလည်း အဲလိုပဲ ပြောချင်တယ်။ ကိုယ့်ဘာသာကိုယ် ဝါသနာပါရင် လုပ်ပါ။ ဒီဟာကြီး လုံးဝမဖြစ်ပါဘူး။ မဖြစ်နိုင်ပါဘူးဆိုပြီးတော့ နောက်ဆုတ်လိုက်တာမျိုး အဲလိုမျိုးကြီးတော့ မဖြစ်စေချင်ဘူး။ ကိုယ်ဖြစ်ချင်တာကို အောင်မြင်အောင်လုပ်။ အတတ်နိုင်ဆုံးပေါ့လေ။

ရုပ်ရှင်ကားတွေလည်း လက်ခံထားပါတယ်။ အဲဒီရုပ်ရှင်ကားတွေ ရုံတင်တဲ့အခါကျရင် ညီမရဲ့ လက်ရာလေးတွေကို ကြည့်ပြီးတော့ ဝေဖန်ပေးပါလို့ ညီမရဲ့ လိုအပ်ချက် အားနည်းချက်လေးတွေကိုပေါ့။ အားပေးပါဦးလို့လည်း ညီမ ပြောချင်ပါတယ်”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required