ချင်းပြည်နယ် ဖွံဖြိုးတိုးတက်မှုအတွက် SME လုပ်ငန်း အကောင်ထည်ဖော်ရာတွင် ချေးငွေရရှိရေးမှာ အဓိက စိန်ခေါ်မှုဖြစ်နေ

ချင်းပြည်နယ် ဖွံဖြိုးတိုးတက်မှုအတွက် SME လုပ်ငန်း အကောင်ထည်ဖော်ရာတွင် ချေးငွေရရှိရေးမှာ အဓိက စိန်ခေါ်မှုဖြစ်နေ

ရန်ကုန်၊ သြဂုတ် ၂၃ ။             ။  အစိုးရသစ်လက်ထက် ဖွံ့ဖြိုးမှု အနည်းဆုံးဖြစ်သည့် ချင်းပြည်နယ် ဖွံဖြိုးတိုးတက်စေရန် အဓိကလုပ်ငန်းအဖြစ် အသေးစား အလတ်စား လုပ်ငန်းများ အကောင်အထည်ဖော်မည်ဖြစ်ပြီး လက်ရှိတွင် ၎င်းလုပ်ငန်းများအတွက် ချေးငွေ ရရှိရန်ခက်ခဲနေသည်ဟု ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုင်ဇက်ခင်က ပြောဆိုလိုက်သည်။

၂၀၁၆ - ၂၀၂၀ အတွင်းလုပ်ဆောင်မည့် အသေးစား အလတ်စား လုပ်ငန်းစဉ်များနှင့် ပက်သက်သည့် သြဂုတ်လ ၂၃ ရက် သတင်းစားရှင်းလင်းပွဲတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။

“ အကြီးမားဆုံးအခက်ခဲက ချေးငွေမရတာပဲ” ဝန်ကြီး ဆလိုင်းအိုင်ဇက်ခင်ကပြောသည်။ “လောလောဆယ် ကျွန်တော်တို့ ချေးငွေ အယောက် ၂၀ လောက်တင်ထားတဲ့ထဲမှာ တစ်ယောက်ပဲရတယ်။ အဲ့တော့ ကျွန်တော်တို့ချင်းပြည်နယ် SME (အသေးစား၊ အလတ်စားလုပ်ငန်း) ဖွံဖြိုးတိုးတက်ဖို့အတွက် နံပတ်တစ် စိန်ခေါ်မှုကြီးက ချေးငွေရရှိဖို့ပဲဖြစ်နေတယ်" ဟု ပြောသည်။

SME လုပ်ငန်းများဖွံဖြိုးစေရန် ချေးငွေများကို မည်သည်ကြောင့် မချေးပေးချင်သည်ကို သေသေချာချာ လေ့လာပြီး ချေးငွေ ရရှိနိုင်ရန် လိုအပ်သည့်စည်းကမ်းပိုင်းများတွင် တင်းကျပ်မှုများရှိပါက ဖြေလျော့ရန် ညှိနှိုင်းသွားမည်ဟု ၎င်းက ဆက်ပြောသည်။

ရိုးရာဂျပ်ခုတ်လုပ်ငန်းများအပါအဝင် အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းများကို အားပေးမြင့်တင်ရန်နှင့် အမျိုးသမီးဦးဆောင်သော တစ်ပိုင်တစ်နိုင် အသေးစားလုပ်ငန်းများ ဖွံဖြိုးတိုးတတ်တိုးတက်ရေးကို အားပေးရန် (ငါးနှစ်အတွင်း အမျိုးသမီးဦးရေ ၁၀၀၀ ကို ကူညီပံ့ပိုးရန်) တို့အပြင် အခြား အသေးစားအလတ်စားလုပ်ငန်းများကို လုပ်ဆောင်သွားမည်ဟု သြဂုတ် ၂၃ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးက အသိပေးပြောကြားသည်။

ချင်းပြည်ဖွံဖြိုးတိုးတက်စေရန်နှင့် အသေးစား အလတ်စားလုပ်ငန်းများတိုးတက်စေရန် မဟာဗျူဟာ စီမံကိန်း ၁၃ ချက်ကိုချမှတ်ထားကြောင်းသိရသည်။

သတင်းစာရှင်းလင်းပွဲကို သြဂုတ်လ ၂၃ ရက်က ရန်ကုန်မြို့ရှိ Summit Park View Hotel တွ ကျင်းပခဲ့ပြီး ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုင်ဇက်ခင်က ၎င်းတို့ဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံကိန်းအတွင်း လုပ်ဆောင်ခဲ့သည်များနှင့် ချင်းပြည်နယ်တွင် ရှေ့ဆက်လုပ်သွားမည့် လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required