ကာကွယ်ရေး နှင့် ဝန်ကြီးဌာန အချို့မှအပ ဝန်ကြီးဌာနများ၏ ဘတ်ဂျတ် ကျပ်ဘီလီယံ ၄၇၀ ကျော် ဖြတ်တောက်

ကာကွယ်ရေး နှင့် ဝန်ကြီးဌာန အချို့မှအပ ဝန်ကြီးဌာနများ၏ ဘတ်ဂျတ် ကျပ်ဘီလီယံ ၄၇၀ ကျော် ဖြတ်တောက်

နေပြည်တော်၊ သြဂုတ် ၂၃ ။              ။ ဝန်ကြီးဌာနများ နှင့် ပြည်ထောင်စုအဆင့် ဌာနများမှ တင်ပြတောင်းခံထားသည့် ဘတ်ဂျတ် စုစုပေါင်း ကျပ်ဘီလီယံ ၂၀၇၃၆ အနက်မှ ကျပ်ဘီလီယံ ၄၇၀ ကျော်ကို ပြည်ထောင်စုလွှတ်တော်က   ဖြတ်တောက်လိုက်သည်။

သြဂုတ် ၂၃ ရက်က ကျင်းပသည့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရသုံးဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို တစ်ပိုဒ်ချင်းစီအလိုက် ဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီး ၁၆ ဦး ပါဝင်ဆွေးနွေးပြီးနောက် ကျပ်ဘီလီယံ ၄၇၀ ကျော်ကို ဖြတ်တောက်လိုက်ခြင်းဖြစ်သည်။

“ဘတ်ဂျတ်တင်တာက အသုံးစရိတ်အနေနဲ့ပြောမယ်ဆိုရင် ဘီလီယံပေါင်း နှစ်သောင်းခုနှစ်ရာသုံးဆယ့်ခြောက် ဘီလီယံ အဲ့ဒီကနေ ကျတော်တို့က ဘီလီယံ ၄၀၀ကျော် (၄၇၀ ပတ်ဝန်းကျင်လောက်)   လျော့ချလိုက်တာပါ” ဟု ပြည်သူငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယ ဥက္ကဌ ဦးအောင်မင်းကပြောသည်။

ပြည်ထောင်စုလွှတ်တော်မှ လျော့ချဖြတ်တောက်လိုက်သည့် ဝန်ကြီးဌာနများ နှင့် ပြည်ထောင်စုအဆင့်ဌာနများအနက် ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ တိုင်းရင်းသားရေးရာ   နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးဝန်ကြီးဌာနတို့ မပါဝင်ဘဲ စက်မှု နှင့် လည်ဆယ်ဝန်ကြီးဌာနများကို အများဆုံးဖြတ်တောက်မှုအဖြစ် ဘီလီယံ တစ်ရာကျော်စီ ဖြတ်တောက်လိုက်ကြောင်း ဦးအောင်မင်းကပြောသည်။

ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ မှ ပြည်ထောင်စုလွှတ်တော်သို့ ဝန်ကြီးဌာနများ၏ အသုံးစရိတ်များမှ ကျပ်ဘီလီယံ ၄၇၀ ကျော် ဖြတ်တောက်ရန် အစီရင်ခံစာတင်သွင်းခဲ့ပြီးနောက်   ပြည်ထောင်စုလွှတ်တော်မှ ယခုကဲ့သို့ဖြတ်တောက်ကာ အတည်ပြုလိုက်ခြင်းဖြစ်သည်။

ယခုလွှတ်တော်မှ ဖြတ်တောက်လိုက်သည့် ဘတ်ဂျက်သည် ယခင်အစိုးရသက်တမ်း ဝန်ကြီးဌာန ၃၆ ခုမှ ရေးဆွဲခဲ့သည့် ဘတ်ဂျတ်ဖြစ်ပြီး ယခုအစိုးရသက်တမ်းတွင် ဝန်ကြီးဌာန ၂၁ ခု ပြင်ဆင်ဖွဲ့စည်းလိုက်သည် နှင့် အညီ ကိုက်ညီရန် ပြောင်းလဲရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required