ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင် အပြောင်းအလဲအပေါ် သူတို့အမြင်

ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင် အပြောင်းအလဲအပေါ် သူတို့အမြင်
(Photo - Ohn Myint Facebook)

ရန်ကုန်၊ သြဂုတ် ၂၃ ။              ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေနဲ့ သူတို့ရဲ့ ဒုတိယအကြိမ်ပါတီညီလာခံမှာ ဥက္ကဌနေရာကို အပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။ ယခင်ဥက္ကဌ ဦးသိန်းစိန်နေရာမှာ ဦးသန်းဌေးကို ပါတီဥက္ကဌအဖြစ် တာဝန်ပေးခဲ့ပါတယ်။ ဦးသန်းဌေးဟာ ယခင် တပ်မတော်မှာ ဗိုလ်မှူးချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး စွမ်းအင်ဝန်ကြီးဌာနမှာ ဒုဝန်ကြီး နှင့် ပြည်ထောင်စုဝန်ကြီး၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနတို့မှာ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ပြောင်းလဲမှုနှင့်ပတ်သက်ပြီး ရှေ့အလားအလာဘယ်လိုရှိနိုင်လဲဆိုတာကို နိုင်ငံရေးပါတီဥက္ကဌတွေ၊ လေ့လာသုံးသပ်သူတွေကို မဇ္ဈိမက ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးသန်းစိုးနိုင် - နိုင်ငံရေးလေ့လာသုံးသပ်သူ

"အခုကတော့ ဒီ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီလည်းပဲ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အတော်လေး ရှုံးနိမ့်ထားတဲ့အခါ သူတို့ကိုယ်တိုင် ဖွဲ့စည်းပုံ ပြင်ဆင်တာ တော်တော်လေး သေချာလုပ်ရမယ့် အခြေအနေပါပဲ။ အဲ့လိုလုပ်တဲ့အခါမှာ အခု ဥက္ကဌဟောင်း ဦးသိန်းစိန် ရဲ့ ကောက်ချက်ကတော့ သူတို့တွေက ပြည်သူလူထုထဲကို နက်နက်ရှိုင်းရှိုင်း မဝင်ရောက်နိုင်တဲ့အတွက် ဒီရွေးကောက်ပွဲမှာ
ရှုံးခဲ့ရတာပေါ့လေ၊ ရွေးကောက်ပွဲမှာလည်း အမြဲတမ်းနိုင်တဲ့အဖွဲ့နဲ့ အမြဲတမ်း ရှုံးတဲ့အဖွဲ့ဆိုတာ မရှိဘူးပေါ့။ ပြန်ပြီးတော့ အားသစ်လောင်းတယ် ဆိုတဲ့သဘောပေါ့၊ လူငယ်တွေကို   ပြန်ပြီးတော့မြှင့်တင်လာတဲ့သဘောလည်း ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့အခါ ရှုံးနိမ့်မှုအတွက် တာဝန်ယူတဲ့သဘောနဲ့   နှုတ်ထွက်သွားပေးရတဲ့ သဘောသဘာဝတွေ ရှိပါတယ်။ အဲဒီသဘောဘဘာဝကြောင့် လူငယ်တွေကို ဥက္ကဌတွေ အတွင်းရေးမှူးတွေ ပြောင်းလဲခန့်အပ်ပြီး အသွင်ပြောင်းလိုက်တယ်နဲ့ တူပါတယ် ကြံ့ခိုင်ရေးပါတီအနေနဲ့ အသွင်ပြောင်းရုံလောက်နဲ့ ရမယ်လို့တော့မထင်ပါဘူး။ အတွင်းသဘောပါ ပြောင်းလဲရမှာဖြစ်ပါတယ်။   ကြံ့ခိုင်ရေးပါတီအနေနဲ့ တကယ်တမ်းအပြောင်းအလဲတွေ လုပ်မယ်ဆိုရင်တော့ လူအမြင်ကြည်လင်တဲ့ အနေအထားတွေရောက်အောင် ပြုပြင်ပြောင်းလဲရမယ်လို့ ကျွန်တော်ထင်တယ်"

ဒေါက်တာအေးမောင် (ဥက္ကဌ) - ရခိုင်အမျိုးသားပါတီ

"လူသစ်လဲတာပေါ့ဗျာ။ ဒါပေမယ့် ယူနီဖောင်းဘဝက မချွတ်ဘူး။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်တို့ဆိုရင် အရပ်သားစစ်စစ်ကို သမ္မတ ပေးဖြစ်တယ်ဗျာ ။အာဏာ ရှိခြင်း မရှိခြင်းကတော့ တစ်ပိုင်းပေါ့။ ပြည်ခိုင်ဖြိုးက ပါတီညီလာခံ မှာ အရပ်သားစစ်စစ်ကို မပြောင်းရဲသေးဘူးလို့ ဆိုလိုတာပါ၊ ဦးသန်းဌေးလည်း အသက် ၆၀ တော့ ကျော်ပြီဗျ။ ဒါပေမယ့် လုပ်ရည်ကိုင်ရည်နဲ့ ဖျတ်လတ်မှု ကျန်းမာမှုက အများကြီးကောင်းပါတယ်၊ ကျွန်တော်တို့ သုံးသပ်တာက လူသစ်ကို လဲတာပေါ့ဗျာ လုပ်နိုင်ကိုင်နိုင်တဲ့ သွက်သွက်လက်လက်လူကို လဲတာလို့ပဲ သုံးသပ်ပါတယ်။ ပြည်နယ်တိုင်းဥက္ကဌ တွေက ပိုအရေးကြီးတယ်ဗျ။ ပြည်နယ်နဲ့တိုင်းဥက္ကဌတွေက ဘယ်လိုဖွဲ့စည်းထားလဲဆိုတာ မသိသေးဘူး။ ဒါပေမယ့် အပြောင်းအလဲလုပ်တာကိုတော့ ကြိုဆိုပါတယ်"

ဦးရန်ကျော်- နိုင်ငံရေးလေ့လာသုံးသပ်သူ

"အခုချိန်မှာတော့ ပါတီဥက္ကဌ ပြောင်းရုံလောက်နဲ့တော့ ကြံ့ခိုင်ရေးပါတီဟာ ထူးထူးခြားခြား ပြောင်းလဲသွားမယ်လို့ ပြောလို့မရသေးဘူးဗျ။ အဲ့ဒီတက်လာမယ့် ဥက္ကဌကနေပြီးတော့ သူသုံးမယ့် ဗျူဟာတွေကို ဘာတွေလဲဆိုတာကိုတော့ ကျွန်တော်တို့ စောင့်ကြည့်ရပါဦးမယ်။ လူပဲပြောင်းပြီးတော့ နည်းဗျူဟာတွေ မပြောင်းဘူးဆိုလို့ရှိရင်တော့ကြံ့ခိုင်ရေးက သိပ်ထူးထူးခြားခြား ပြောင်းလဲတယ်လို့ ပြောလို့မရဘူးဗျ။ ပဲ့ကိုင်တဲ့သူလည်း ပြောင်းသွားတယ် ကျင့်သုံးမယ့်မူဝါဒတွေလည်း ပြောင်းသွားမယ်လို့ ဆိုရင်တော့ ကျွန်တော်တို့က တစ်ခုခုကို ပြောင်းလဲတယ်လို့ ပြောလို့ရမယ်ဗျ။ လူနေရာအပြောင်းအရွေ့ပဲရှိပါသေးတယ် ၊ သူတို့ရဲ့ မူတွေ သဘောထားတွေ လမ်းစဉ်တွေက ဘယ်လိုရှိဦးမယ်ဆိုတာ မသိသေးတဲ့အခါမှာ ကျွန်တော်အနေနဲ့ မှတ်ချက်ကြီးကြီးမားမားမပေးချင်ပါဘူးခင်ဗျ။

ဦးခင်မောင်ဆွေ (ဥက္ကဌ) - အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

"လူငယ်သွေးသစ်တွေကို ခေါင်းဆောင်ဖို့အတွက် ဦးသိန်းစိန်ထက် ငယ်တဲ့တစ်ယောက်ကတော့ လိုမှာပေါ့။ ဒါကြောင့်မို့ သူတို့လည်း ပါတီကို ပြန်ပြီး reform လုပ်တာနဲ့တူပါတယ်။ သူတို့ကတော့ သူတို့ပါတီကို အခိုင်အခံ့ ပြန်လည်တည်ဆောက်မယ့်သဘောဖြစ်ပါတယ်။ လူငယ်တွေနဲ့ ပြန်ဝန်းရံလိမ့်မယ်လို့တွေးထားပါတယ်။ သူတို့ထဲမှာလည်းပဲ လူငယ်တွေ အတော်များများရှိတယ်လေ၊ ပညာတတ်လူငယ်တွေပေါ့ဗျာ။ ရှိတော့ လူငယ်တွေနဲ့ပဲ ဆက်ပြီးသွားဖို့ ပြင်ဆင်သွားလိမ့်မယ်ထင်ပါတယ်။ ပါတီက ပမာဏရှိတော့ ပါတီကို ခိုင်ခံ့အောင် တည်ဆောက်သွားလိမ့်မယ်ဆိုတာတော့မှန်းဆလို့ရပါတယ်"

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly