အခြေခံပညာ ကျောင်းဆရာ၊ ဆရာမများကို လစာတိုးမြှင့်ပေးမည်

အခြေခံပညာ ကျောင်းဆရာ၊ ဆရာမများကို လစာတိုးမြှင့်ပေးမည်

နေပြည်တော်(ဩဂုတ် ၂၃၊ ၂၀၁၆ခုနှစ်)။ ။ အခြေခံပညာကျောင်းများရှိ ဆရာ၊ ဆရာမများအားလုံးအတွက် လစာတိုးပေးရန် စီစဉ်နေသည်ဟု အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးအောင်သန်းဦးက ပြောကြားလိုက်သည်။

"မျှတအောင် စီမံပေးမှာ ဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ ကျောင်းတွေမှာ ပညာရေးတာဝန်ထမ်းဆောင်နေတဲ့ ဆရာ၊ ဆရာမတွေအားလုံးအတွက် စီမံလျက်ရှိကြောင်း တင်ပြလိုပါတယ်" ဟု ဦးအောင်သန်းဦးက ၂၀၁၆ခုနှစ်၊ ဩဂုတ် ၂၃ရက်တွင်ပြုလုပ်သည့် အစိုးရသစ် ရက်(၁၀၀)စီမံချက် သတင်းစာရှင်းလင်းပွဲတွင် မဇ္ဈိမ၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မည်သည့်ကာလတွင် စတင်တိုးမြှင့်ပေးမည်နှင့် တိုးမြှင့်ပေးမည့်ပမာဏကိုမူ အတိအကျမပြောနိုင်သေးကြောင်း ဦးအောင်သန်းဦးက ပြောသည်။

"(လစာ)တိုးပေးလိုက်တဲ့အခါ လိုအပ်လာမယ့် ငွေကြေးပမာဏဟာ အတော်ကို ကြီးမားမှာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် အစီအစဉ်လေးတွေ လုပ်နေပါပြီ။ ရက်ကိုတော့ ကျွန်တော်တို့ အတိအကျမပြောနိုင်သေးပါဘူး။ တိုးတာတော့ တိုးပေးဖို့အတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံလျက်ရှိကြောင်း ဖြေကြားလိုပါတယ်" ဟု ၎င်းက ဆိုသည်။

ဦးအောင်သန်းဦး၏ ပြောဆိုချက်အရ အခြေခံပညာဦးစီးဌာနအောက်တွင် ကျောင်းဆရာ၊ ဆရာမဦးရေ သုံးသိန်းကျော်ရှိပြီး ဝန်ထမ်းအရေအတွက်အပါအဝင်ဆိုပါက စုစုပေါင်း လေးသိန်းကျော်ရှိနေသည်။

"ရရှိနိုင်တဲ့ဝင်ငွေအပေါ်မှာ မူတည်ပြီးတော့ တိုးပေးဖို့ လျာထားနေပါတယ်။ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှာဆိုရင် ငွေတစ်ရာရမယ်ဆိုရင် ၈၅ရာခိုင်နှုန်းက အခြေခံပညာမှာရှိနေတဲ့ ဝန်ထမ်းတွေ၊ ဆရာ၊ ဆရာမတွေအတွက် သုံးရပါတယ်" ဟုလည်း ဦးအောင်သန်းဦးက ပြောသည်။

ပညာရေးကဏ္ဍတွင် အစကောင်းရန်လိုအပ်သည့် အခြေခံပညာကဏ္ဍသည် အလွန်အရေးပါပြီး ဆရာ၊ ဆရာမများအနေဖြင့်လည်း ပီတိစားရုံဖြင့် မလုံလောက်ဘဲ ၎င်းတို့၏ လစာ၊ အသုံးစရိတ်ကိုလည်း တိုးမြှင့်ပေးရန်လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required