ဦးသိန်းစိန်နှင့် ဦးဋ္ဌေးဦးတို့ ကြံ့ခိုင်ရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင်ဖြစ်လာ

ဦးသိန်းစိန်နှင့် ဦးဋ္ဌေးဦးတို့ ကြံ့ခိုင်ရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင်ဖြစ်လာ

နိုင်ငံ၏ အင်အားအကြီးဆုံးပါတီဖြစ်ပြီး နိုင်ငံသမ္မတ ဦးသိန်းစိန်(ငြိမ်း) ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် ကြံ့ခိုင်ရေးပါတီသည် ယနေ့တွင် ဥက္ကဋ္ဌသစ်အဖြစ် ဦးသန်းဋ္ဌေးကို ရွေးချယ်လိုက်ခြင်းဖြင့် ကြီးမားသည့် အပြောင်းအလဲတစ်ခုကို ပြုလုပ်လိုက်ကာ ဦးသိန်းစိန်မှာ ပါတီဗဟိုဦးဆောင် ကော်မတီဝင်အဖြစ် ပါဝင်လာခဲ့သည်။

ဦးဆောင်ကော်မတီတွင် ဦးသိန်းစိန်၊ ဦးဌေးဦး၊ သူရဦးအေးမြင့်၊ ဦးသောင်း၊ ဦးစိုးသာ၊ ဦးလွန်းသီ၊ ဦးတင်ထွတ်၊ သူရဦးမြင့်မောင်၊ ဦးခင်အောင်မြင့် တို့ပါဝင်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လူမှုကွန်ယက်စာမျက်နှာတွင် ဖေါ်ပြထားသည်။

 “သူတို့ကတော့ဗျာ ပါတီဗဟိုဦးဆောင် ကော်မတီဆိုပြီးတော့ ပါတီတစ်ခုလုံးကို အပေါ်ကနေပြီးတော့ ထိန်းကျောင်းပေးမှာပေါ့။ လူငယ် မျက်နှာသစ်တွေကို တင်ပြီးတော့ လူကြီးတွေကတော့ ပါတီဗဟိုဦးဆောင်ကော်မတီ ဆိုပြီးတော့ ကိုးဦးကော်မတီ ဖွဲ့ပါတယ်ဗျ” ဟု ပါတီ စည်းကမ်းထိန်းသိမ်းရေး တာဝန်အသစ်ကို ရယူလာသူ ဦးခင်ရီက လွတ်လပ်သည့် အာရှအသံ RFA သတင်းဌာနသို့ ပြောဆိုသည်။

ပါတီတွင် ဥက္ကဋ္ဌအဖြစ် ဦးသန်းဌေး၊ ဒုတိယ ဥက္ကဋ္ဌအဖြစ် ဦးမြတ်ဟိန်းနှင့် အထွေထွေ အတွင်းရေးမှူး အဖြစ် ဦးသက်နိုင်ဝင်းတို့အား ခန့်အပ်တာဝန်ပေးလိုက်ပြီး အတွင်းရေးမှူးများအဖြစ် ဦးပိုက်ထွေး၊ ဦးသန်ထွန်း၊ ဦးကျော် ကျော်ဌေး၊ ဦးတင်အောင်ချစ်၊ ဒေါက်တာဒေါ်စန်းစန်းနွယ်တို့ကို ခန့်အပ် တာဝန်ပေးထားသည်။

ကြံ့ခိုင်ရေးပါတီ၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သူ သူရဦးရွှေမန်းက ယနေ့ ကြေညာချက် နှစ်စောင်ထုတ်ပြန်ပြီး ပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေးကို ဂုဏ်ပြုထားသကဲ့သို့ တာဝန်ထမ်းဆောင်ကြမည့် ပါတီ ထိပ်တန်း ခေါင်းဆောင်များသို့လည်း “ပါတီ၏မူဝါဒနှင့်အညီ အခြားနိုင်ငံရေးပါတီများသည် ရန်သူမဟုတ်၊ ရန်ဘက် မဟုတ်၊ လုပ်ဖော် ကိုင်ဖက်များအဖြစ် သဘောထားရှိပြီး အမျိုးသားအကျိုးစီးပွား
အတွက် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းနှင့်မဆို ဆွေးနွေးတိုင်ပင် ညှိနှိုင်းကာ နိုင်ငံတော်နှင့် နိုင်ငံသား အကျိုးစီးပွားကို ဆောင်ရွက်နိုင်ကြပါစေ” ဟု တိုက်တွန်းထားသည်။

ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ သမ္မတဟောင်း ဦးသိန်းစိန်က သြဂုတ်လ ၂၃ ရက် ပါတီညီလာခံ မိန့်ခွန်းတွင် “ပါတီစည်းကမ်း လေးစားလိုက်နာသူများကို အခြေခံပြီး ပြည်သူများ ယုံကြည်လက်ခံသူများအပြင် ဒေသတွင်း ဦးဆောင်နိုင်မယ့် ပုဂ္ဂိုလ်များ၊ ပါတီမူဝါဒ၊ ရည်မှန်းချက်များကို အောင်မြင်အောင် အကောင် အထည်ဖော် နိုင်စွမ်းရှိသူများ၊ စည်းစည်းလုံးလုံး ညီညီ ညွှတ်ညွှတ်၊ တက်ညီ လက်ညီ လုပ်ကိုင်မယ့်သူများနဲ့ ရွေးချယ် ဖွဲ့စည်းစေခဲ့” ကြောင်းဟု ထည့်သွင်းပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly