သံလွင်မြစ်ပေါ် တည်ဆောက်မည့် နောင်ဖာ ရေကာတာ တည်ဆောက်မှု ရပ်ဆိုင်းရန် ရှမ်းလူထုအဖွဲ့များ တောင်းဆို

သံလွင်မြစ်ပေါ် တည်ဆောက်မည့် နောင်ဖာ ရေကာတာ တည်ဆောက်မှု ရပ်ဆိုင်းရန် ရှမ်းလူထုအဖွဲ့များ တောင်းဆို

ချင်းမိုင်၊ သြဂုတ် ၂၃ ။              ။ တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်း တည်ဆောက်မည့် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိူးနှင့် ဟိုပန်မြို့နယ်အကြားရှိ နောင်ဖာ ရေကာတာ စီမံကိန်းအား ကန့်ကွက်ကြောင်း ရှမ်းလူထု အဖွဲ့အစည်းများက ပြောဆိုလိုက်သည်။

သြဂုတ်လ ၂၃ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နိုင်ငံခြား သတင်းထောက်များအဖွဲ့ (FCCT)တွင် ရှမ်းလူထု အဖွဲ့အ စည်းများက သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ တောင်းဆိုလိုက်သည်။

“အဲဒီဒေသမှာက အစိုးရတပ်နဲ့ လက်နက်ကိုင် အဖွဲ့တွေ လှုပ်ရှားတဲ့နေရာတွေ ဖြစ်တယ်။ ဒါကြောင့်မို့ အဖက်ဖက်က တွေ့ဆုံဆွေးနွေးပွဲနဲ့ သဘောတူညီချက်တော့ ရယူရမှာဖြစ်တယ်။ တဖက်နဲ့တဖက် မကျေလည်ဘူးဆိုရင် စစ်ပွဲက ပြန်စနိုင်တယ်။ ဒါကြောင့် မြန်မာငြိမ်းချမ်းရေးအတွက်လည်း မကောင်းဘူးပေါ့နော်။ ဒါကြောင့် ရေကာတာကို ဆန့် ကျင်ရခြင်း ဖြစ်တယ်”ဟု ရှမ်လူထုအဖွဲ့အစည်းမှ ပြောရေးဆိုခွင့်ရှိသူ စိုင်းခေးဆိုင်က မဇ္ဈိမကို ပြောသည်။

အဆိုပါ ရေကာတာစီမံကိန်းနေရာတွင် ပဋိပက္ခ ဖြစ်ပွားနေမှုနှင့် မြေငလျှင်ကြောပေါ်တွင်ရှိသည့်အတွက် ရေကာတာ တည်ဆောက်ပါက ဒေသခံပြည်သူများ ထိခိုက်မှုများရှိနိုင်ကြောင်းလည်း ၎င်းတို့ကဆိုသည်။

အစိုးရက နောင်ဖာရေကာတာကို တည်ဆောက်ရန် တရားဝင် ထုတ်ပြန်ကြေငြာခဲ့ပြီး သြစတေးလျနိုင်ငံ သြစတေး လျ (Snowy Mountains Engineering Corp-SMEC) က သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်းနှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှုများအား ဆန်းစစ်လေ့လာခြင်း(EIA/SIA) ပြုလုပ်နေကြောင်း စိုင်းခေးဆိုင်က ပြောသည်။

ပဋိပက္ခဖြစ်ပွားနေသော ဒေသဖြစ်၍ တိုက်ပွဲ ဖြစ်ပွားလာပါက ဒေသခံများ ထွက်ပြေး တိမ်းရှောင်ရမည်အပြင် ယခုနှစ် ၂၀၁၆ ခုနှစ် ဇူလိုင်လနှင့် သြဂုတ်လများတွင် မြေငလျှင် ၃ ကြိမ်လှုပ်ခတ်ခဲ့ကြောင်း ၎င်းကဆိုသည်။

အဆိုပါ ရေကာတာ တည်ဆောက်မည့် နေရာတွင် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော်(SSPP/SSA)၊ က ချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)တို့ လှုပ်ရှားနေသော ဒေသများဖြစ်သည်ဟု သိရသည်။ ရေကာတာ တည်ဆောက်မည့် နေရာ၏ အရှေ့ဘက်တွင် ဝ ပြည်သွေးစည်း ညီညွတ် ရေးတပ်(UWSA)   ထိန်းချုပ်ထားကြောင်း သိရသည်။

၎င်းရေကာတာ တည်ဆောက်ခြင်းကြောင့် မည်မျှ ထိခိုက်ပျက်ဆီးမည်ကို အတိအကျ မသိသေးသော်လည်း  EIA/SIA  လေ့လာမှုများတွင် ကျေးရွာ ၂ ရွာသာ ထိခိုက်နိုင်ကြောင်း ဖော်ပြထားသည်ဟု စိုင်းခေးစိုင်းက ပြောသည်။

နောင်ဖာရေကာတာသည် အမြင့် ၉၀ မီတာ ရှိပြီး လျှပ်စစ်ထုတ်လုပ်မှု ၁၂၀၀ မီဂါဝပ် ထွက်ရှိမည် ဖြစ်ကာ ယင်းလျှပ်စစ် ထုတ်လုပ်မှုမှ ၉၀ ရာခိုင်နှုန်းအား တရုတ်နိုင်ငံသို့ ပို့ဆောင်မည်ဟု ၂၀၀၉ ခုနှစ်က မြန်မာနှင့် တရုတ် အစိုးရတို့ သဘော တူ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ အချက်အလက်များမှ သိရသည်။

သံလွင်မြစ်ပေါ်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ မိုင်းတုံ၊ ကွမ်းလုံ၊ နောင်ဖာ၊ ကရင်ပြည်နယ်တွင် ရွာသစ်ရေကာတာ၊ ဟတ်ကြီးရေကာတာ စသည့် ရေကာတာ ၅ ခု တည်ဆောက်ကာ လျှပ်စစ်ဓါတ်အား စုစုပေါင်း ၁၅၀၀၀ မီဂါဝပ် ထုတ်လုပ်ပြီး အများစုကို တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများသို့ ရောင်းချမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required